စျေးကွက်အတွင်း ကုန်ကြမ်းပြတ်လပ်ရာမှ ရန်ကုန်တွင် ၂ ရက်အတွင်း ဆားကြမ်းစျေးနှုန်းမှာ ၂ ဆ ကျော် ခုန်တက်သွားပြီး တပိဿာလျှင် ၁၈ဝ ကျပ် စျေးပေါက်သွားသည်။ ...
နယူးဒေလီ (မဇ္စျိမ) ။ ။ စျေးကွက်အတွင်း ကုန်ကြမ်းပြတ်လပ်ရာမှ ရန်ကုန်တွင် ၂ ရက်အတွင်း ဆားကြမ်းစျေးနှုန်းမှာ ၂ ဆ ကျော် ခုန်တက်သွားပြီး တပိဿာလျှင် ၁၈ဝ ကျပ် စျေးပေါက်သွားသည်။
ဆားနေလှန်းချိန်၌ မိုးများခဲ့သဖြင့် ဧရာဝတီတိုင်းရှိ ဆားကွင်းများမှ ထုတ်လုပ်ပြီး ကုန်ကြမ်းများ ပျက်စီးကာ စျေးကွက်အတွင်း ထပ်မဝင်တော့ရာမှ ဗုဒ္ဓဟူးနေ့တွင် တပိသာလျှင် ကျပ် ၈ဝ ရှိခဲ့သော်လည်း ကြာသပတေးနေ့မှစ၍ ၁၈ဝ ကျပ်သို့ ခုန်တက်ရကြောင်း ရန်ကုန် ဆားစျေးကွက်မှ စုံစမ်းသိရခြင်း ဖြစ်သည်။
“မိုးရွာတော့ ဆားကွင်းက ပျက်သွားတော့ ကုန်ကြမ်းမရတော့ဘူး။ ဒီနေ့ဆို ကျနော်တို့ မရောင်းရဲသေးဘူး၊ စျေးကလည်း မငြိမ်လို့လေ။ ဝယ်တဲ့သူတွေက အတင်းလိုက်ဝယ်နေတယ်။ ဒါပေမဲ့ မရောင်းရဲသေးဘူး” ဟု ရန်ကုန်ရှိ ရွှေလဝင်း ဆားစက်ရုံက တာဝန်ရှိသူတဦးက မဇ္စျိမကို ပြောသည်။
အိမ်သုံးဆား လက်လီစျေးမှာလည်း တပိဿာ ၂၅ဝ ကျပ်ရှိခဲ့ရာမှ ယနေ့တွင် ၆ဝဝ ကျော်အထိ ခုန်တက်သွားသည်။
မန္တလေးတွင် အိမ်သုံးဆား လက်လီရောင်းချမှုနှင့် ပတ်သက်ပြီး စျေးချိုရှိ ဆားရောင်းသူတဦးက “စျေးတက်တာတောင် ခါတိုင်း တပိဿာဆိုက် ဂျပ်ဖာထုပ် တထုပ် (အထုပ်ငယ် ၄၈ ထုပ်ဝင်ဆံ့) ဝယ်နေကျလူတောင် ဒီမနက် ၅ ဖာ ဝယ်သွားတယ်။ ဘာကြောင့် ပိုဝယ်နေလဲတော့ မသိဘူး။ ထိန်းရောင်းနေရတယ်” ဟု မဇ္စျိမကို ပြောသည်။ ဆားစျေး မြင့်လာပြီး စျေးနှုန်းမတည်ငြိမ်သဖြင့့်် အချို့ဆားစက်များ အရောင်းအဝယ် ပိတ်ထားသည်ဟု ဆိုသည်။
မွန်ပြည်နယ် မော်လမြိုင်ဘက်တွင်လည်း ယခုနှစ် ဆားထုတ်ရာသီတွင်် မကြာခဏ မိုးရွာသဖြင့် ဆားထွက်လျော့ကာ စျေးကွက်အတွင်း ကုန်ကြမ်းရှားလာသည်ဟု နေလှန်းဆားချက် လုပ်ငန်းရှင်တဦးက ပြောသည်။
“ဇန်နဝါရီတုန်းကလည်း မိုးဖျက်တော့ ဆားမထွက်ဘူး။ .. မတ်လလယ်မှာ မိုးရွာပြန်တော့ ကုန်ကြမ်းက သိပ်မရှိတော့ဘူး။ ..မိုးဆက်ရွာရင် ဒီနှစ်အတွက် ကုန်ကြမ်းရဖို့ မလွယ်တော့ဘူး” ဟု သူက ပြောသည်။ ပြီးခဲ့သည့် နှစ်တွင် ရာသီဥတုကောင်းသဖြင့် ဆားအထွက်များခဲ့ရာ တပိဿာလျှင် ၅ဝ ကျပ် ဝန်းကျင်သာ စျေးရှိခဲ့သည်ဟု ဆိုသည်။
ရန်ကုန်ဆားစက်များမှာ ဧရာဝတီတိုင်းထွက် ဆားသာ အဓိကဖြန့်ဖြူးပြီး၊ အခြားဒေသမှ ကုန်ကြမ်းမှာနိုင်သော်လည်း သယ်ယူစရိတ်ကြီးသဖြင့် ရောင်းစျေးမှာ ကျဆင်းနိုင်ဖွယ် မရှိဟု ဆားကုန်သည်များက ခန့်မှန်းသည်။ ယခင်က ဆားစျေးတက်လျှင် ထိုင်းနိုင်ငံမှ ဆားများဝင်လာကာ စျေးပြန်ကျလေ့ရှိသည်ဟု ပြောကြသည်။
ဆားထုတ်လုပ်မှုကို ပွင့်လင်းရာသီဖြစ်သည့် ဇန်နဝါရီလမှ မိုးမကျမီ မေလအထိ လုပ်ကိုင်ပြီး၊ ဆားထွက်ရာ ဒေသများမှာ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ် ဖြစ်သည်။
တရုတ်-မြန်မာနယ်စပ် မူဆယ်တွင်လည်း ဆားစျေး ၃ ဆခန့် တက်သွားသဖြင့် စျေးဆိုင်များ၌ ဆားမရောင်းတော့ဟု ထိုင်းနိုင်ငံ အခြေစိုက် ရှမ်းသံတော်ဆင့် သတင်းတွင် ဖော်ပြထားသည်။
၂ဝဝ၈ နာဂစ်မုန်တိုင်းကြောင့် ဆားကွင်းများ ပျက်စီးခဲ့ရာ ဆားတပိသာလျှင် ကျပ် ၁ဝဝဝ အထိပင် စျေးမြင့်တက်မှု ကြံုတွေ့ခဲ့ရသေးသည်။