ပါတီတူအမတ်ချင်း ကန့်ကွက်မှု NDF ခေါင်းဆောင် မနှစ်သက်

ပါတီတူအမတ်ချင်း ကန့်ကွက်မှု NDF ခေါင်းဆောင် မနှစ်သက်
by -
မျိုးသန့်

အမတ်တဦး လွှတ်တော်တွင် တင်သွင်းသည့်အဆိုကို ပါတီတူ အမတ်တဦးက ကန့်ကွက်ခြင်းမှာ လက်ခံနိုင်ဖွယ် မရှိကြောင်း အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ NDF ခေါင်းဆောင် ဦးခင်မောင်ဆွေက ပြော ...

ချင်းမိုင် (မဇ္ဈိမ) ။       ။ အမတ်တဦး လွှတ်တော်တွင် တင်သွင်းသည့်အဆိုကို ပါတီတူ အမတ်တဦးက ကန့်ကွက်ခြင်းမှာ လက်ခံနိုင်ဖွယ် မရှိကြောင်း အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ NDF ခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောသည်။

အင်္ဂါနေ့ ပြည်သူ့လွှတ်တော်တွင် NDF အလုံမြို့နယ် အမတ် ဦးခိုင်မောင်ရည်က အလယ်တန်းအဆင့်အထိ အခမဲ့ ပညာသင်ကြားရေး အဆိုကို တင်သွင်းခဲ့ရာ NDF လသာမြို့နယ်အမတ် ဦးကြည်မြင့်က ကန့်ကွက်ခဲ့ခြင်းကို ဝေဖန်လိုက်ခြင်း ဖြစ်သည်။

“ပါတီစည်းမျဉ်းနဲ့ မူဝါဒတွေအတိုင်းပဲ လွှတ်တော် ကိုယ်စားလှယ်များဟာ လုပ်ရလိမ့်မယ်။ လွှတ်တော်ထဲမှာ အားလုံး ဆုံးဖြတ်ချက်နဲ့ လုပ်ဖို့လိုတယ်၊ ဌာနချုပ်ရဲ့ ညွှန်ကြားချက်ကို လက်ခံဖို့လိုတယ်။ ပါတီနောက်ခံနဲ့ သွားတဲ့ကိစ္စ ပါတီအလံကိုမှ မလေးစားဘူးဆိုရင်၊ ကိုယ့်အချင်းချင်းမှ မလေးစားနိုင်ဘူးဆိုရင် ပါတီနဲ့ ဘယ်လို ရှေ့လျှောက်ဆက်ဆံမလဲဆိုတာ မေးရတော့မယ်။ ဒါမျိုးတွေကို လက်ခံစရာ အကြောင်းမရှိဘူး” ဟု ဦးခင်မောင်ဆွေက မဇ္စျိမကို ပြောသည်။

ဦးကြည်မြင့်က ချမ်းသာသော နိုင်ငံများ၌ပင် ထိုစနစ် ကျင့်သုံးနိုင်ခြင်း မရှိဟုဆိုကာ ဦးခိုင်မောင်ရည်၏ တင်သွင်းချက်ကို ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။

NDF ၏ ပညာရေး မူဝါဒတွင်လည်း အလယ်တန်းအဆင့်အထိ အခမဲ့ပညာသင်ကြားရေးစနစ် ချမှတ်ကျင့်သုံးရေး ကြိုးပမ်းသွားမည်ဟု ပါရှိသည်။ ပါတီမူဝါဒများနှင့် ပတ်သက်ပြီး လွှတ်တော်ရေးရာ ကော်မတီ အစည်းအဝေးများ၌ တင်ပြခဲ့ပြီး၊ ယခုလို ပြုမူဆောင်ရွက်မှုကို လက်မခံနိုင်ဟု NDF လွှတ်တော်ရေးရာ ကော်မတီခေါင်းဆောင် ဦးခင်မောင်ဆွေက ဆိုသည်။

“လွှတ်တော်အမတ် ဖြစ်သွားရင် ငါလုပ်ချင်တာ လုပ်မယ်ဆိုတဲ့ ဟာမျိုးကို ကျနော်တို့ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီက လက်မခံဘူးလို့၊ NDF ရဲ့ အလံတော်အောက်က ပြိုင်တဲ့သူ မှန်သမျှဟာ NDF ရဲ့ မူဝါဒတွေနဲ့ မကင်းကွာရဘူးဆိုတာ လွှတ်တော်ကော်မတီ အစည်းအဝေးတွေမှာ ကျနော်ကိုယ်တိုင်ပဲ ပြောလိုက်တာပဲ” ဟု သူက ပြောသည်။

NDF သည် လွှတ်တော်များအတွင်း အမတ်များ ဆွေးနွေးခြင်း၊ အဆိုတင်သွင်းခြင်းများ အဆင်ပြေစေရန် လွှတ်တော်ရေးရာ ကော်မတီကို ပြီးခဲ့သည့် နိုဝင်ဘာလကုန်ပိုင်းတွင် ဖွဲ့စည်းခဲ့သည်။ ကော်မတီတွင် ခေါင်းဆောင် ဦးခင်မောင်ဆွေနှင့် အကြံပေးအဖြစ် ဒေါက်တာသန်းငြိမ်း ပါဝင်ပြီး ကော်မတီဝင်ပေါင်း ၁၅ ဦး ရှိသည်။

NDF အမျိုးသားလွှတ်တော်အမတ် ဒေါ်ခင်ဝိုင်းကြည်ကလည်း ဦးကြည်မြင့်၏ လုပ်ဆောင်ချက်သည် ပါတီဆုံးဖြတ်ချက်ကို လိုက်နာခြင်း မရှိကြောင်း သက်သေပြလိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

“တခုခုတင်ပြတော့မယ်၊ ဆွေးနွေးတော့မယ်ဆိုရင် ခေါင်းဆောင်တွေကို ပြပြီးမှ မိတ္တူပေးပြီး ခွင့်ပြုချက်ယူပြီးမှ လုပ်ကြပါလို့ ဒီအတောအတွင်းမှာတင် ထွက်ထားတာ ရှိတယ်။ အဲဒီလို ရှိလျက်သားနဲ့ ဒီပါတီရဲ့ စည်းမျဉ်းစည်းကမ်း၊ ဆုံးဖြတ်ချက်တွေကို ဘာတခုမှ မလိုက်နာဘူးဆိုတာ အလုပ်နဲ့ သက်သေပြတာ။ ဒါ ရှင်းရှင်းလေးပဲ” ဟု သူက ဆိုသည်။

ပညာရေးဝန်ကြီး ဒေါက်တာချမ်းငြိမ်းက ‘အခြေခံပညာကဏ္ဍ အနှစ် ၃ဝ နှစ်ရှည် စီမံကိန်းအရ နိုင်ငံသားတိုင်း အခြေခံပညာ အဆင့်အလိုက် သင်ယူပြီးမြောက်စေရေးကို စီမံချက်များ ချမှတ်ဆောင်ရွက်နေကြောင်းနှင့် ပညာရေးကဏ္ဍတွင် ပုဂ္ဂလိက အခန်းကဏ္ဍ ပါဝင်နိုင်ရေး အစီအမံများ ထားရှိပြီးဖြစ်ကြောင်း’ ပြန်လည်ဆွေးနွေးခဲ့အပြီး ဦးခိုင်မောင်ရည်က သူ၏ အဆိုကို ပြန်လည်ရုပ်သိမ်းခဲ့ရသည်။

Most read this week