မွေးရာပါ အခွင့်အရေးအရ တိုင်းရင်းသားစာပေများ လွတ်လပ်စွာ သင်ကြားခွင့် ရှိရမည်ဟု အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပြည်သူ့လွှတ်တော်အမတ် ဦးခိုင်မောင်ရည်က ပြော ...
ချင်းမိုင် (မဇ္စျိမ) ။ ။ မွေးရာပါ အခွင့်အရေးအရ တိုင်းရင်းသားစာပေများ လွတ်လပ်စွာ သင်ကြားခွင့် ရှိရမည်ဟု အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပြည်သူ့လွှတ်တော်အမတ် ဦးခိုင်မောင်ရည်က ပြောသည်။
လူ့အခွင့်အရေး အထူးသံတမန် မစ္စတာ တောမတ်စ် အိုဟေးကင်တားနား ဂျနီဗာ ကုလလူ့အခွင့်အရေး ကောင်စီ၌ ယခုတပတ် တင်သွင်းခဲ့သည့် အစီရင်ခံစာပါ တိုင်းရင်းသားစာပေ တရားဝင် သင်ကြားခွင့် ရှိရေးအပေါ် ထောက်ခံပြောဆိုခြင်း ဖြစ်သည်။
“တိုင်းရင်းသားတွေ ကိုယ့်ရဲ့ဘာသာစကား သင်ခွင့်ဆိုတာ သူ့ရဲ့မွေးရာပါ လူ့အခွင့်အရေးတခုပဲလေ။ နိုင်ငံသားတိုင်းဟာ လွတ်လပ်စွာ သင်ယူခွင့်ရှိတယ်ဆိုတာ မြန်မာစာပဲလို့ ပါတာမဟုတ်ဘူး။ ပိတ်ပင်ခွင့် မရှိဘူး” ဟု အလုံအမတ် ဦးခိုင်မောင်ရည်က မဇ္စျိမကို ပြောသည်။
ကင်တားနား အစီရင်ခံစာ၌ “တိုင်းရင်းသား ၁၃၅ မျိုးရှိပြီး ဘာသာစကား ၁ဝဝ ခန့် ရှိသည်ဟု စစ်အစိုးရက လက်ခံထားသော်လည်း ဗမာစာတခုထဲကိုသာ တရားဝင် သင်ကြားခွင့်ပြုထားခြင်းသည် တိုင်းရင်းသားလူငယ်များ မိခင်ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံကို ဆက်ခံခွင့် ဆုံးရှုံးရသည်” ဟု ထောက်ပြထားသည်။
အမျိုးသားလွှတ်တော် အဋ္ဌမနေ့၌ စစ်အစိုးရ ပညာရေးဝန်ကြီး ဒေါက်တာချမ်းငြိမ်းက “တိုင်းရင်းသားများ၏ စကားနှင့် စာပေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရကျောင်းများတွင် သင်ယူခွင့်ပြုရန်” မဖြစ်နိုင်သေးဘဲ ကျောင်းပြင်ပ သင်ကြားလိုပါက ကူညီမည်ဟု ပြောသွားသည်။
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ အမတ် ဒေါက်တာဗညားအောင်မိုး မေးသည့် တိုင်းရင်းသား ပညာရေးဌာနများ ဖွင့်လှစ်ရန်လည်း အစီအစဉ် မရှိသေးကြောင်း ဖြေသွားသည်။
မွန်စာပေကို ကျောင်းပိတ်ရက် နွေရာသီသင်တန်းများအဖြစ်သာ ရန်ကုန်၊ ပဲခူး၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတို့တွင် နားလည်မှုဖြင့် သင်နေရပြီး အနှောင့်အယှက်များ ရှိသည်ဟု မွန်အမျိုးသားပညာရေး ကော်မတီဝင် မွန်ဆရာတဦးက ပြောသည်။
မွန်စာပေနှင့် လူမှုလုပ်ငန်းများကို ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဆောင်ရွက်နေသည့် မွန်အမျိုးသား ပညာရေး ကော်မတီဝင် မွန်ဆရာတဦးကလည်း “တရားဝင်သင်ခွင့် လိုချင်တာပေါ့။ အစိုးရကျောင်းတွေမှာဆို ပိုကောင်းတာပေါ့။ အခုကျတော့ အောက်ခြေမှာက မင်းတို့ကို ဒါဘယ်သူသင်ခိုင်းတာလဲ၊ တိုင်လိုက်ရမလား၊ အဲဒီလို ခြိမ်းခြောက်တာမျိုးတွေ အမြဲတမ်း ကြံုနေရတယ်” ဟု မဇ္စျိမကို ပြောသည်။
“တခြားတိုင်းရင်းသားတွေလဲ ဒီလိုပဲ ခံစားရမယ်လို့ ယူဆတယ်လေ။ တိုင်းရင်းသား စာပေသင်ခွင့် မရဘူးဆိုရင်တော့ လူမျိုးပျောက်သွားမယ်လေ။ အခုတောင် မွန်စကား မတတ်တဲ့၊ မွန်စာ မတတ်တဲ့ မွန်တွေ အများကြီး ဖြစ်လာတယ်” ဟု သူက ဆက်ပြောသည်။
မွန်အမျိုးသား ပညာရေးကော်မတီကို အပစ်ရပ် မွန်ပြည်သစ်ပါတီက ကမကထပြု ဖွဲ့ခဲ့သော်လည်း လွတ်လပ်သည့် အဖွဲ့တခုဖြစ်ပြီး၊ သံလွင်မြစ်အရှေ့ခြမ်း ရေး၊ သံဖြူဇရပ်၊ မုဒုံ၊ ကျိုက်မရော၊ ရေဖြူ၊ ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်၊ ဘားအံမြို့နယ်များတွင် အမျိုးသားကျောင်း ၁၅၄ ကျောင်း ထောင်ထားသည့်အနက် မူလတန်းများပြီး အထက်တန်း ၃ ကျောင်း၊ အလယ်တန်း ၁၇ ကျောင်းပါဝင်ကြောင်း သိရသည်။ ကျောင်းသား စုစုပေါင်း ၁၂,၅ဝဝ ခန့်ရှိပြီး ဘာသာရပ်များကို မွန်စာပေဖြင့် အဓိကထားပြီး ဗမာစာလည်း သင်သည်ဟု ဆိုသည်။
စစ်အစိုးရကမူ ပညာရေးကဏ္ဍအတွက် နှစ် ၃ဝ စီမံကိန်းချထားပြီး တက္ကသိုလ်နှင့် ကောလိပ်အရေအတွက် များလာမှုကို တိုးတက်မှုအဖြစ် ဖော်ပြလေ့ရှိသည်။ သို့သော် ပညာရေးကျွမ်းကျင်သူများက မြန်မာနိုင်ငံ၏ ပညာရေးစနစ်် ပြုပြင်ပြောင်းလဲရန် လိုနေကြောင်း ထောက်ပြလေ့ရှိသည်။
ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ UNESCO ကမူ ပညာရေးကဏ္ဍတွင် ငွေမည်မျှ သုံးစွဲသည်ကိုကြည့်ပြီး တိုင်းတာရသည်ဆိုကြောင်း မစ္စတာကင်တားနား အစီရင်ခံစာတွင် ထောက်ပြထားသည်။ စစ်အစိုးရသည် ပညာရေးအတွက် တနိုင်ငံလုံး ထုတ်ကုန်၏ ၁ ဒဿမ ၃ ရာခိုင်နှုန်းသာ သုံးစွဲခဲ့သည် ဆိုသည်။
၂ဝ၁၁ မြန်မာနိုင်ငံ ဘတ်ဂျက်အသစ်တွင် စစ်တပ်အတွက် ၃ဝ ရာခိုင်နှုန်းခန့် လျာထားပြီး၊ ပညာရေးအတွက် ၄ ရာခိုင်နှုန်းသာ သုံးရမည်ဟု သတ်မှတ်ထားသည်။
ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်များတွင် ယခုလ ၉ ရက်နေ့မှစ၍ မေးခွန်းနှင့် အဆိုတင်မှုများ စနေပြီဖြစ်သော်လည်း အတိအကျ မဖြေဘဲ၊ လုပ်ကိုင်ခဲ့သည်များသာ ပြန်ပြောနေသဖြင့် စစ်အစိုးရကို အရောင်တင်ပေးသကဲ့သို့ ဖြစ်နေသည်ဟု ဝေဖန်ခံနေရသည်။
ယနေ့လည်း လွှတ်တော်များကို မနက် ၁ဝ နာရီမှ စတင်ခဲ့သော်လည်း ပြည်သူ့လွှတ်တော်ကို မွန်းလွဲ ၁ နာရီခွဲနှင့် အမျိုးသားလွှတ်တော်ကို ၁၂ နာရီတွင် အဆုံးသတ်ခဲ့သည်။ မနက်ဖြန်တွင် ခေတ္တရပ်နားပြီး လာမည့်အပတ် တနင်္လာတွင် ပြန်စမည်ဟု သိရသည်။