ကချင်လွတ်မြောက်ရေးအဖွဲ့ KIO မြေမြှုပ်မိုင်းကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံးကြောင်း ရေးထားသည့် စာများအား မြစ်ကြီးနား-လိုင်ဇာသွား ကားလမ်း၌ အာဏာပိုင်များဘက်က ဖြန့်ဝေနေ ...
ချင်းမိုင် (မဇ္စျိမ) ။ ။ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO မြေမြှုပ်မိုင်းကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံးကြောင်း ရေးထားသည့် စာများအား မြစ်ကြီးနား-လိုင်ဇာသွား ကားလမ်း၌ အာဏာပိုင်များဘက်က ဖြန့်ဝေနေကြောင်း ဒေသခံများက ဆိုသည်။
ဝိုင်းမော်၊ ဂါးရာယန်၊ နမ်ဆန်ယန်၊ လဂျားယန်၊ ဆဒုံး စသည့် ဒေသများရှိ စားသောက်ဆိုင်များတွင် “ကေအိုင်အို/အေ ရဲ့ မိုင်းလက်ချက်ကြောင့် အပြစ်မဲ့ပြည်သူများ အသက်ဆုံးရှုံး” ဟူသော စာများကို A4 ဆိုဒ် စာရွက်ပေါ်တွင် သေဆုံးသူများ၏ ဓာတ်ပုံများနှင့်တကွ ယခုလ ၅ ရက်နေ့မှစ၍ လိုက်ကပ်ထားခြင်း ဖြစ်သည်။
“ကေအိုင်အို လုပ်ရပ်ကို ပြည်သူများအနေဖြင့် လုံးဝဆန့်ကျင်ကြောင်း ရေးထားတာတွေ တွေ့ရတယ်။ တချို့စာရွက်တွေဆို ကချင်စာလည်း တရွက်နှစ်ရွက် ပါတယ်။ ကချင်စာတောင် ကောင်းကောင်း မရေးနိုင်ဘူး၊ စာသားတောင် အမှားနဲ့ ရေးထားတာ” ဟု အင်္ဂါနေ့တွင် လိုင်ဇာခရီးသွား တဦးက မဇ္စျိမကို ပြောသည်။
စာရွက်များကို လက်ဖက်ရည်ဆိုင်၊ ခေါက်ဆွဲဆိုင်၊ ထမင်းဆိုင်၊ စက်ဘီးပြင်ဆိုင်များ အပါအဝင် စျေးဆိုင်များသို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) ရှိ ထောက်လှမ်းရေးတပ်နှင့် ရဲများ လာရောက်ကာ စာရွက် ၅ဝ စီ ဖြန့်ဝေခိုင်းသည်ဟု နမ်ဆန်ယန်မှ ဆိုင်ရှင်တဦးက မဇ္စျိမကို ပြောသည်။
“ဒါဖြန့်ပေးနော်။ စရဖ (စစ်ဘက်ထောက်လှမ်းရေး) နဲ့ ရဲတွေ လာပေးသွားတာ။ ဒါ မပခ က ဖြန့်ခိုင်းတာ၊ ဖြန့်ပေးလို့ ပြောသွားတယ်။ စားပွဲပေါ်မှာပဲ ထားထားတယ်။ တွေ့တဲ့လူ ကောက်သွားပေါ့နော်” ဟု သူက ပြောသည်။
ဖြန့်စာထဲတွင် “ပြည်သူတွေဆီက အဓမ္မကောက်ခံထားတဲ့ ရိက္ခာ/ဆက်ကြေးတွေ စားပြီး ပြည်သူတွေကို ဆက်လက် ဒုက္ခပေးနေဦးမှာလား” ၊ ’’ရက်စက်ပြီး တကိုယ်ကောင်းဆန်သည့် လုပ်ရပ်ဖြစ်ကြောင်း ထင်ရှားနေသည်’’ ဟူသော စာတန်းများ ပါရှိသည်။ ထို့ပြင် “မိမိကချင်လူထုအတွက် လုပ်နေတယ်ဆိုတာ အပြောသက်သက်ဖြစ်ပြီး၊ အပြောနှင့် အလုပ် တခြားစီ ဖြစ်နေပါတယ်။ ကချင်လူမျိုး ကောင်းစားရေးအတွက် ဘာတွေများ လုပ်ဆောင်ပေးခဲ့တာလဲ ဆိုတာကို မေးခွန်းထုတ် စဉ်းစားရမယ့် အချိန်ရောက်လာပါပြီ” ဟုလည်း ဆိုထားသည်။
ဖြန့်စာများအား နယ်ဘက်တွင်သာမက မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်အချို့၌ပါ တွေ့ရကြောင်း မြို့ခံတဦးကလည်း ပြောသည်။
KIO ဘက်က ဖြေရှင်းချက် မထုတ်သေးသော်လည်း ယခုလုပ်ရပ်များကြောင့် ကချင်လူထုက KIO အပေါ် ထားရှိသည့် ယုံကြည်မှုက ပြောင်းလဲမည်မဟုတ်ဟု လိုင်ဇာမြို့မှ KIO အရာရှိ တဦးက မဇ္စျိမကို ပြောဆိုသည်။
“ဒီလိုမျိုးက အရင်တုန်း မဆလက အပစ်ခတ် မရပ်စဲတုန်းကလည်း KIO မကောင်းကြောင်းတွေ ပြောနေကျပါ။ အခုလည်း ဒီဝါဒဖြန့်တာပဲ။ ကချင်လူထုနဲ့ KIO မယုံကြည်အောင် ဝါဒတခုပါပဲ။ ဒီလိုလိုက်ဖြန့်လို့ ကချင်လူထုက KIO အပေါ် ထားတဲ့ စိတ်က ပြောင်းလဲမှာ မဟုတ်ပါဘူး။ KIO ကို အပုတ်ချတာ၊ ကလေးကလား ဆန်ပါတယ်” ဟု သူက ပြောသည်။
စစ်အစိုးရ လိုလားသည့် နယ်ခြားစောင့်တပ်ဖြစ်ရေးကို KIO က လက်မခံခဲ့သဖြင့် ပြီးခဲ့သည့် စက်တင်ဘာမှစ၍ နှစ်ဘက်ဆက်ဆံရေး ပြတ်တောက်ခဲ့ပြီးနောက် တင်းမာမှုများပင် ရှိခဲ့သည်။
ပြီးခဲ့သည့်လ ၂၅ ရက်နေ့တွင် ဗန်းမော်ခရိုင် လွယ်ဂျယ်အကောက်ခွန်ရုံးရှေ့ အဝေးထိန်းခလုတ်ဖြင့် ဖောက်ခွဲနိုင်သော အပြင်းစား ယမ်းမှုန့်ဖြင့် ပြုလုပ်ထားသော မိုင်းဗုံး ၁ဝ လုံးကျော် တွေ့အပြီး၊ KIO လက်ချက်ဟု စရဖ ဒုဗိုလ်မှူးကြီးသက်ပုံက စွပ်စွဲခဲ့ကာ၊ KIO ကို စစ်အင်အားသုံးဖြေရှင်းမည်ဟုပင် ခြိမ်းခြောက်ပြောဆိုခဲ့သည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာတွင် မိုးကောင်းမြို့နယ် ပင်းဘောရွာ နွားလပို့တောင်ပေါ်၌ KIO မိုင်း နင်းမိပြီး ၂ ဦး သေဆုံးခဲ့ပြီးနောက် KIO ကို “သောင်းကျန်းသူများအဖွဲ့” ဟု မြန်မာ့အလင်း သတင်းစာက စွပ်စွဲ သုံးနှုန်းခဲ့သည်။