သူငယ်ချင်းနှစ်ယောက် အရက်သောက်ပြီး စကားများသည်ကို လာဖျန်ဖြေသည့် အိမ်ခန်းပိုင်ရှင် ထိုင်းလူမျိုးက သေနတ်ဖြင့် ပစ်သတ်သဖြင့် မြန်မာ အလုပ်သမားတဦး သေဆုံး ...
ဘန်ကောက် (မဇ္ဈိမ) ။ ။ သူငယ်ချင်းနှစ်ယောက် အရက်သောက်ပြီး စကားများသည်ကို လာဖျန်ဖြေသည့် အိမ်ခန်းပိုင်ရှင် ထိုင်းလူမျိုးက သေနတ်ဖြင့် ပစ်သတ်သဖြင့် မြန်မာ အလုပ်သမားတဦး သေဆုံးမှု တနင်္ဂနွေနေ့ ညနေ ၆နာရီခန့်က စမုတ်ပရာကန်ခရိုင်၊ ပက်နန်းငါးဖမ်းဆိပ်တွင် ဖြစ်ပွားခဲ့သည်။
ဘန်ကောက်မြို့အနီး စမုတ်ပရာကန်ခရိုင်၊ ပက်နန်း ဆွယ်စောင်ရှိ CFC ငါးရုံတွင် အလုပ်လုပ်နေသော ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် ငထွေဆုပ်ကျေးရွာသား ကရင်လူမျိုး ထိုင်းအမည် အချစ်(ခ) စောဂရေ (ခ) စောဟယ်သီ(၂၉နှစ်) နှင့် သူငယ်ချင်းတဦး အရက်သောက်စကားများသည်ကို လာဖျန်ဖြေသည်မှစ၍ အချင်းများပြီး ပစ်သတ်ခံရသည်။
“တယောက်ကို မောင်းထုတ်လိုက်တယ်။ ဟိုတယောက်က ပြန်သွားပြီ၊ သူပဲ ကျန်တယ်၊ သူ့ပါ မောင်းထုတ်တယ်။ သူဌေးနဲ့ တယောက်တခွန်း စကားများတော့ မောင်းထုတ်ရင်းနဲ့ သူ့ကို သူဌေးက တွန်းလိုက်တယ်၊ အဲဒီမှာ သူ့ကို တွန်းရမလားဆိုပြီး ဓားဆွဲလိုက်တယ်” ဟု အမည်မဖော်လိုသူ မျက်မြင်သက်သေက မဇ္စျိမသို့ ပြောဆိုသည်။
ထို့နောက် ဓားနှင့်ရွယ်သဖြင့် အိမ်ရှင်အဖိုးကြီး နောက်ဆုတ်ရှောင်ကြောင်း၊ စောဂရေက အဖိုးကြီးကို လက်ဖြင့်တွန်းသဖြင့် အဖိုးကြီး လဲကျသွားကြောင်း သူက ဆက်ပြောသည်။
“သူ နည်းနည်း မူးနေတယ်၊ အဲဒီတော့ သူ့အရှိန် သူမထိန်းနိုင်ဘူးလေ၊ သူလဲအဖိုးကြီးပေါ် မှောက်လျက်လဲသွားတယ်၊ လဲရာက သူ ပြန်ကုန်းထတော့ အဖိုးကြီးက ခါးက သေနတ်ဆွဲထုတ်ပြီး ပစ်တာ၊ ၃ ချက်ပစ်တာ” ဟု ဆိုသည်။
“ပြီးတော့ အဖိုးကြီး အပြင်ထွက်လာပြီး ဘယ်သွားလဲ မသိဘူး၊ ပြန်လာတော့ လက်မှာ ပတ်တီးလေးနဲ့၊ အဲဒီအချိန်မှာပဲ ပုလိပ်တွေ ရောက်လာတယ်” ဟု ဆိုသည်။
သေဆုံးသူ၏ အလောင်းကို ဘန်ကောက် ရဲဆေးရုံသို့ ဆေးစစ်ချက်ယူရန် ပို့ထားကြောင်း သိရသည်။ အမှုအတွက် Rask Thai ဖောင်ဒေးရှင်းသို့ အကူအညီ တောင်းထားကြောင်းလည်း သိရသည်။