ရန်ကုန်တိုင်း ၅ မိနစ် လွှတ်တော်၊ ကော်မတီ ၂ ရပ်ဖွဲ့

ရန်ကုန်တိုင်း ၅ မိနစ် လွှတ်တော်၊ ကော်မတီ ၂ ရပ်ဖွဲ့
by -
မဇ္စျိမသတင်းဌာန

ရန်ကုန်တိုင်း အင်္ဂါနေ့ လွှတ်တော်အစည်းအဝေးကို ၅ မိနစ်ကြာ ကျင်းပခဲ့ကာ၊ လွှတ်တော် ဥက္ကဋ္ဌက ကော်မတီ ၂ ရပ်အတွက် အမည်စာရင်း တင်အပြီး ရပ်နားခဲ့ကြောင်း အမတ်များအဆိုအရ သိရ ...

နယူးဒေလီ (မဇ္စျိမ) ။       ။ ရန်ကုန်တိုင်း အင်္ဂါနေ့ လွှတ်တော်အစည်းအဝေးကို ၅ မိနစ်ကြာ ကျင်းပခဲ့ကာ၊ လွှတ်တော် ဥက္ကဋ္ဌက ကော်မတီ ၂ ရပ်အတွက် အမည်စာရင်း တင်အပြီး ရပ်နားခဲ့ကြောင်း အမတ်များအဆိုအရ သိရသည်။

ဥပဒေပြုစုရေးဆိုင်ရာနှင့် တိုင်းရင်းသား လူမျိုးများအရေးဆိုင်ရာ ကော်မတီ ၂ ရပ်အတွက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းက လူစာရင်း တင်အပြီး အစည်းအဝေး ပြီးဆုံးခဲ့ခြင်း ဖြစ်သည်။

"ခါတိုင်းကတော့ ၁၅ မိနစ်လောက် ကြာတယ်။ ဒီနေ့ကတော့ ဥက္ကဋ္ဌက စာရင်းတင်ပြီးတာနဲ့ အစည်းအဝေးပြီးတယ်လို့ ကြေညာလိုက်တယ်။ အစအဆုံး ၅ မိနစ်ပဲ။ ဟု အဆိုပါ အမတ်က ဆိုသည်။ အစည်းအဝေးကို မနက် ၁ဝ နာရီမှ ၁ဝ နာရီ ၅ မိနစ်အထိ ပြုလုပ်ခဲ့သည်။  

ကော်မတီတခုစီအတွက် ကော်မတီ ဥက္ကဋ္ဌ အပါအဝင် ၉ ဦးစီ အမည်စာရင်း တင်သွင်းခဲ့ရာ၊ စုစုပေါင်း ၁၈ ဦးအနက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အမတ် ၁၄ ဦး ပါရှိသည်။

ဥပဒေရေးရာ ကော်မတီဝင် ၉ ဦးစာရင်းတွင် ဥက္ကဋ္ဌ အပါအဝင် ကြံ့ဖွံ့ပါတီမှ ၈ ဦး ပါရှိသည်။ ၎င်းတို့မှာ ဥက္ကဋ္ဌ ဦးလှထွန်း၊ အတွင်းရေးမှူး ဦးဝင်းနိုင် (ခ) ဦးဝင်းနိုင်ဦး၊ အဖွဲ့ဝင်များမှာ ဦးသန်းလှိုင်၊ ဦးနန်းညွန့်ဝင်းမော်၊ ဒေါက်တာ သိန်းဇော်မြင့်၊ ဦးသိန်းနိုင်၊ ဦးအောင်သန်းဦး၊ ဒေါ်ကြည်ကြည်မာနှင့် ဦးအေးသိန်း (တစည အမတ်) ဖြစ်သည်။

တိုင်းရင်းသား လူမျိုးများအရေးဆိုင်ရာ ကော်မတီတွင် ကရင်တိုင်းရင်းသား တိုးတက်ရေးပါတီမှ ဦးစောထွန်းအောင်မြင့် ကို ဥက္ကဋ္ဌအဖြစ် အမည်တင်ခဲ့ပြီး၊ အတွင်းရေးမှူး ဦးမောင်မောင်ဝင်း (ကြံ့ဖွံ့)၊ အဖွဲ့ဝင်များအဖြစ် ဦးဝင်းထိန် (တစည)၊ ဦးဇော်အေးမောင် (ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ) အပြင် ကြံ့ဖွံ့မှ ဦးစောဆန်နီချန်း၊ ဒေါက်တာ စောလှထွန်း၊  ဒေါက်တာခင်မောင်ထွန်း၊  ဦးခင်မောင်ထူးနှင့် ဒေါ်မေသန်းနွယ် ဖြစ်သည်။

ယနေ့တင်သွင်းသည့် အဆိုများကို မတ်လ ၃ ရက်နေ့ အစည်းအဝေးတွင် အတည်ပြုမည်။

Most read this week