စစ်အစိုးရ ဖိအားများကို စုပေါင်းကာကွယ်ရန်အတွက် အပစ်ရပ်နှင့် အပစ်မရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့ပါဝင်သည့် “ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ...
ချင်းမိုင် (မဇ္စျိမ) ။ ။ စစ်အစိုးရ ဖိအားများကို စုပေါင်းကာကွယ်ရန်အတွက် အပစ်ရပ်နှင့် အပစ်မရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့ပါဝင်သည့် “ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ” ကို ဗုဒ္ဓဟူးနေ့တွင် ဖွဲ့စည်းလိုက်သည်။
ယခုလ ၁၂ ရက်မှ ၁၆ ရက်နေ့အထိ ထိုင်း-မြန်မာနယ်စပ် တောတွင်းတနေရာ၌ ကျင်းပခဲ့ပြီး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ် ၅၁ ဦး တက်ရောက်ခဲ့သော ညီလာခံကြီးတွင် စစ်အစိုးရက စစ်ရေး၊ နိုင်ငံရေးအရ ဖိအားပေးလာလျှင် စုပေါင်း၍ ခုခံကာကွယ်နိုင်ရန်အတွက် အင်္ဂလိပ်ဘာသာဖြင့် United Nationalities Federal Council (Union of Burma) အမည်ရ ကောင်စီကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
“စစ်အုပ်စုကနေ လွှတ်တော်တွေဖွဲ့၊ နိုင်ငံရေးအရ တိုင်းရင်းသားတွေကို ချေမှုန်းဖို့၊ အင်အားဆုတ်ယုတ်အောင် လုပ်တာ၊ နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်တပ်လုပ်ဖို့ ဖိအားပေးရင် တဖွဲ့ထဲ ခုခံနိုင်ဖို့ မလွယ်ဘူး။ ဒါကြောင့် စစ်ရေးအရ လက်နက်ကိုင် အဖွဲ့အစည်းတွေ ပေါင်းပြီးတော့ ညီညီညွတ်ညွတ်နဲ့ ခုခံပြောဆို ကာကွယ်မှ ရပ်တည်နိုင်မယ်ဆိုပြီးတော့ မဖြစ်မနေ ဖွဲ့စည်းလိုက်တဲ့ အခြေအနေမျိုးပါ” ဟု ထိုကောင်စီ၏ တွဲဘက်အတွင်းရေးမှူး ဖြစ်သူ PNLO မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာက မဇ္စျိမကို ပြောသည်။
ကောင်စီကို ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF ၊ လားဟူ ဒီမိုကရက်တစ်သမဂ္ဂ္ဂ LDU၊ ညီညွတ်သော ရခိုင်အမျိုးသားပါတီ NUPA၊ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO၊ မွန်ပြည်သစ်ပါတီ NMSP၊ ကချင်အမျိုးသား အစည်းအရုံး KNO၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ ဝ' အမျိုးသားအဖွဲ့ချုပ် WNO၊ ကရင်အမျိုးသားအစည်းအရုံး KNU၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ PNLO နှင့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ALD စသည့် အပစ်ရပ်နှင့် အပစ်မရပ်သေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအပြင် ပြည်ပအခြေစိုက် ပြည်ထောင်စု တိုင်းရင်းသား လူမျိုးစုများ ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) UNLD (L/A) ဖြင့် ဖွဲ့စည်းခြင်း ဖြစ်သည်။
၎င်း ၁၂ ဖွဲ့မှ ကိုယ်စားလှယ် ၂၇ ဦး စေလွှတ်ကာ ကောင်စီဝင်များအဖြစ် တာဝန်ယူမည်ဖြစ်ကာ၊ ကျန်ရှိသေးသော အဖွဲ့အစည်းများလည်း ပါဝင်လာနိုင်ရန် ညှိနှိုင်းနေဆဲဖြစ်သည်။
ဥက္ကဋ္ဌအဖြစ် KNU ၏ လက်နက်ကိုင်တပ် KNLA ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပဒိုဆဲဖူး၊ KIO မှ ဒုဗိုလ်ချုပ်ကြီး ဂေါင်ရီဇော်ဆိုင်းက ဒု-ဥက္ကဋ္ဌ ၁ ၊ KNPP ဝါရင့်နိုင်ငံရေးခေါင်းဆောင် ခူးအေဘေတွိ့သ်က ဒုဥက္ကဋ္ဌ ၂ ၊ NMSP မှ နိုင်ဟန်သာက အထွေထွေအတွင်းရေးမှူး၊ PNLO ဗိုလ်မှူးကြီး ခွန်ဥက္ကာက တွဲဘက် အထွေထွေ အတွင်းရေးမှူးအဖြစ် တာဝန်ပေးခံရသည်။
အနည်းဆုံး ၃ လမှ ၆ လအထိ အချိန်ယူပြီး တိုင်းရင်းသားများ ကိုယ်စားပြုကောင်စီကြီး ပိုမိုကျစ်လစ်ခိုင်မာအောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံခြားရေး၊ ပြည်ထဲရေး(ဌာနချုပ်ရုံး)၊ ကာကွယ်ရေး စသည့် ဌာနကြီး ၃ ခုကို စတင်ဖွဲ့စည်းပြီး စစ်ရေးအရ ကာကွယ်ရေးဌာန တခုတည်းထားရှိကာ ခုခံကာကွယ်ရေး ပူးပေါင်းဆောင်ရွက်သွားရန် ရှိကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားများသာမက ဗမာလူမျိုး အခြေခံ လူတန်းစားများ ပါဝင်လာနိုင်ရန် အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်တရပ် လုပ်ဆောင်မည်ဟုလည်း ဆိုသည်။
သူက “ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်မယ်ဆိုရင် ကျနော်တို့ တိုင်းရင်းသားသက်သက်ပဲ တည်ဆောက်လို့ မရနိုင်ပါဘူး။ လက်ရှိ တိုင်းပြည်က ဗမာလူမျိုးတွေလည်း ပါဝင်နေတဲ့ တိုင်းပြည်ဆိုတော့ ဖက်ဒရယ် ပြည်ထောင်စု လက်တွေ့အောင်မြင်အောင် တည်ဆောက်ချင်ရင် အခြေခံ လူထုလူတန်းစားတွေကို လက်တွဲရမှာပဲ။ ကျနော်တို့က အခြေခံ ဗမာလူမျိုး လူထုလူတန်းစားကိုလည်းပဲ လက်တွဲပြီးတော့ တည်ဆောက်ရေးမှာ ဆက်လုပ်သွားဖို့ လုပ်ငန်းစဉ် တခုဖြစ်ပါတယ်” ဟု သူက မဇ္စျိမကို ပြောသည်။
တိုင်းရင်းသားများ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၄ ရက်နေ့တွင် ဖွဲ့စည်းခဲ့သော လက်နက်ကိုင် ၆ ဖွဲ့ပါ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး ကော်မတီ CEFU ကို ညီလာခံ နောက်ဆုံးနေ့တွင် တရားဝင် ရုပ်သိမ်းလိုက်သည်။
စစ်အင်အားကြီး ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA နှင့် ရှမ်းပြည်မြောက်ပိုင်း တပ်မတော် SSA-N အဖွဲ့များ လက်ရှိ ညီလာခံသို့ တက်ရောက်နိုင်ခြင်း မရှိပေ။
သို့သော် ပြည်သူ့စစ် အသွင်ပြောင်းရေး လက်မခံသော ရှမ်းပြည်မြောက်ပိုင်း တပ်မတော်၏ တပ်မဟာ ၁ ဦးစီးချုပ် ဗိုလ်ချုပ်ပန်ဖ ဦးဆောင်သော ရှမ်းပြည်တိုးတက်ရေးပါတီ Shan State Progress Party-SSPP အဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။
ပြီးခဲ့သည့်လအတွင်း SSPP ပါတီကို ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်တွင် ဗဟိုကော်မတီဝင် ၁ဝ ဦးနှင့် ဗဟိုအလုပ်အမှုဆောင် ၂၁ ဦးတို့ဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ပြီး အုပ်ချုပ်ရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် ပညာရေး ဌာနများအလိုက် ဖွဲ့စည်းထားရာ ပါတီ အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် ဗိုလ်ချုပ်ပန်ဖ တာဝန်ယူထားသည်ဟု ရှမ်းသံတော်ဆင့် အယ်ဒီတာ ဦးစိန်ကြည်က ပြောသည်။
“စစ်တပ်က စစ်ရေးတခုထဲနဲ့ သွားလို့ မရတော့ဘူး။ စည်းရုံးရေး၊ နိုင်ငံရေးသဘောတရားရေး၊ မျိုးချစ်ပြည်ချစ် စိတ်ဓာတ်တွေ အခြေခံဖို့ နိုင်ငံရေးဦးဆောင်အဖွဲ့ တခုရှိရမယ်ဆိုပြီး အရင်က SSPP ကို ပြန်ဖော်ထုတ်တယ်။ တခြား နိုင်ငံရေး မဟာမိတ်အဖွဲ့တွေနဲ့လည်း ဆက်သွယ်ဆက်ဆံနိုင်ဖို့ တပ်ပေါင်းစုအဖြစ် ပူးပေါင်းဆောင်ရွက်ဖို့၊ အပြန်အလှန် ကူညီနိုင်ဖို့ ဖွဲ့လိုက်တယ်လို့ ကြားတယ်” ဟု သူက မဇ္စျိမကို ပြောသည်။
၁၉၇၁ ခုနှစ်ကတည်းက ရှမ်းပြည်မြောက်ပိုင်းတပ်မတော်က ရှမ်းပြည်တိုးတက်ရေးပါတီကို ဖွဲ့စည်းခဲ့ကာ ၁၉၈၉ စက်တင်ဘာတွင် ဗိုလ်ချုပ်ဆေထင် ဦးဆောင်သည့် SSA-N က စစ်အစိုးရနှင့် အပစ်ရပ်ခဲ့ပြီးနောက် ယခု ပြန်လည်ဖွဲ့စည်းခြင်း ဖြစ်သည်။
စစ်အစိုးရက လက်နက်ကိုင် အဖွဲ့များကို နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်ပြောင်းရေး ဖိအားပေးလာသဖြင့် တိုင်းရင်းသား အဖွဲ့များကို အင်အားစုကြီးတခု၊ ဆုံချက်တခုအဖြစ် တည်ဆောက်နိုင်ကြောင်း ဦးစိန်ကြည်က သုံးသပ်ပြောဆိုသည်။
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တော်လှန်နေသော တိုင်းရင်းသားငြိမ်းအဖွဲ့များ၏ လက်နက်ကိုင်တပ်များကို တပ်မတော်အောက် နယ်ခြားစောင့်တပ်အဖြစ် ပြောင်းရေးကို စစ်အစိုးရက ဖိအားပေးနေသော်လည်း UWSA၊ KIO၊ NMSP၊ SSA-N၊ မိုင်းလား ခေါ် အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ NDAA တို့က ငြင်းဆန်နေဆဲ ဖြစ်သည်။
ထို့ကြောင့် ပြီးခဲ့သည့်နှစ် မေလတွင် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ဖိအားပေးနေချိန် စစ်အစိုးရက တိုင်းရင်းသားအဖွဲ့တခုခုကို တိုက်ခိုက်လာပါက ပြန်လည်ပူးပေါင်းတိုက်ခိုက်ရန် ထိုတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့ စစ်ရေး၊ နိုင်ငံရေးအတွက် မဟာမိတ်ဖွဲ့ရန် သဘောတူခဲ့ကြသေးသည်။