ဖွဲ့စည်း ထူထောင်ပြီးသမျှ လူမှုကွန်ယက်များ အားလုံးကို ဆက်စပ်၍ ပြည်သူ့ ကွန်ယက်ကြီးအဖြစ် လှုပ်ရှားဆောင်ရွက်သွားရန် ဗုဒ္ဓဟူးနေ့တွင် ကျင်းပခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ...
နယူးဒေလီ (မဇ္စျိမ) ။ ။ ဖွဲ့စည်း ထူထောင်ပြီးသမျှ လူမှုကွန်ယက်များ အားလုံးကို ဆက်စပ်၍ ပြည်သူ့ ကွန်ယက်ကြီးအဖြစ် လှုပ်ရှားဆောင်ရွက်သွားရန် ဗုဒ္ဓဟူးနေ့တွင် ကျင်းပခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် လူငယ်များ တွေ့ဆုံပွဲက ဆုံးဖြတ်လိုက်သည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ရုံးချုပ်၌ နှစ်ရက်တာ ကျင်းပပြီးစီးသွားသည့် တိုင်းနှင့် ပြည်နယ် လူငယ်များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပွဲသို့ ရှမ်း၊ ကယား၊ ကချင်၊ ချင်း၊ ရခိုင် ပြည်နယ်များနှင့် မန္တလေး၊ မကွေးတိုင်းတို့မှ NLD အဖွဲ့ဝင်နှင့် အခြား လူငယ် ၂ဝဝ ခန့် တက်ရောက် ဆွေးနွေးခဲ့ရာမှ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
“အန်တီပြောတဲ့ ပြည်သူ့ကွန်ယက်ဆိုတာ အကုန်လုံးပါဝင်တဲ့ လူငယ်ရော၊ ရှေ့နေရော၊ ဆရာဝန်ရော စသည်ဖြင့် မြန်မာပြည်မှာရှိတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လိုလားတဲ့ လူတွေအားလုံး၊ အဖွဲ့အစည်းတွေအားလုံးနဲ့ ချိတ်တွဲ ဆောင်ရွက်သွားမယ် ဆိုတာပါ။ မြို့ကြီးပြကြီးတွေတင်မက တောလက်ကျေးရွာတွေ အထိပါ ရောက်အောင် လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်ပါ” ဟု NLD လူငယ်တာဝန်ခံ ကိုမျိုးညွန့်က မဇ္စျိမကို ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် လူငယ်များ တတိယအကြိမ် ဆွေးနွေးမှုအပြီး ယခုလို တိုးမြှင့် ဆောင်ရွက်လာနိုင်ရာ၊ လူပုဂ္ဂိုလ်မရွေး ပါဝင်ဆက်စပ်နိုင်ရန်အတွက် Gmail အကောင့်တခုလည်း ဖွင့်လှစ်ထားရှိသည်။
“ဆက်သွယ်ရေးကတော့ လက်ရှိလုပ်နေတဲ့ လူငယ်တွေကနေ Gmail တခု ဖွင့်ထားတယ်ဗျ။ [email protected] ဆိုပြီးတော့။ အဲဒီ Gmail ထဲကို ပြည်နယ်နဲ့ တိုင်းမှာရှိတဲ့ အဖွဲ့အစည်း ဒါမှမဟုတ် လူပုဂ္ဂိုလ်တဦးတယောက်ကနေ ဒီမေးလ်ထဲကို ဝင်လာမယ်။ သူတို့အနေနဲ့ ဘာအကူအညီတွေ ပေးနိုင်မယ်၊ ဘာတွေ အကူအညီတွေ လိုတယ်ဆိုတာ ချိတ်တွဲ ဆောင်ရွက်ထားပါတယ်” ဟု ကိုမျိုးညွန့်က ပြောသည်။
ရှမ်းပြည်နယ် တောင်ကြီးမြို့မှ NLD ပါတီဝင်မဟုတ်သည့် ရှေ့နေအမျိုးသမီး တဦးကလည်း ၎င်းအနေဖြင့် ဤဆွေးနွေးပွဲသို့ ပထမဆုံးအကြိမ် တက်ရောက်ဖူးခြင်း ဖြစ်ပြီး၊ ပြည်သူ့ကွန်ယက်တွင် တက်ကြွစွာ ပါဝင်သွားမည်ဟု မဇ္စျိမကို ပြောသည်။
“တခြားနေရာတွေကတော့ မသိဘူး။ တောင်ကြီးမြို့နယ်ကတော့ ငါတို့ ဒီလိုဒီလို လုပ်ကြမယ်ဆိုတဲ့ အဖွဲ့လေးပေါ့ အယောက် ၂ဝ လောက် ရှိပါတယ်။ ကျမတို့ အလကား လိုက်ပေးနေတဲ့ အမှုတွေ အများကြီးရှိပါတယ်။ အဲဒီကိစ္စတွေကို ဆက်ပြီးတော့ လုပ်သွားမယ်။ နောက်ထပ်ရှိရင်လည်း ကျမတို့နဲ့ ဆက်သွယ်ဖို့ပြောမယ်။ ဒါပေမယ့် ရှေ့နေဆိုတာကတော့ မကြော်ငြာရဘူးပေါ့။ တကယ် မတရားခံနေရတဲ့ လူတွေက ကျမတို့ကို လာဆက်သွယ်ဖို့ပဲ လိုတယ်။ ဆက်သွယ်ပြီး သူတို့က ပါဝါပေးတဲ့အခါကျမှ ကျမတို့က ဆက်လုပ်နိုင်မှာ” ဟု သူက ဆိုသည်။
မြန်မာပြည်တွင် အခြားလူငယ်ကွန်ယက်များ ရှိသော်လည်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ရရှိရန်အတွက် ရည်ရွယ်ချက်တူ၊ လုပ်ငန်းတူလျှင် အားလုံးချိတ်ဆက် ဆောင်ရွက်သွားမည်ဖြစ်ပြီး မိမိတို့ကွန်ယက်အား နာမည်ပေးထားရန် မလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က လမ်းညွှန်ခဲ့သည်ဟု ကိုမျိုးညွန့်က ပြောဆိုသည်။
ယနေ့ပြုလုပ်သော တွေ့ဆုံဆွေးနွေးပွဲတွင် လူငယ်ကွန်ယက်ကိစ္စအပြင် ၂၁ ရာစု ပင်လုံညီလာခံကိစ္စလည်း ထည့်သွင်းဆွေးနွေးခဲ့ကြသည်။
လူငယ်ကွန်ယက်အနေဖြင့် ဤညီလာခံအတွက်လည်း တက်ကြွစွာ ပါဝင်လှုံ့ဆော်သွားကာ၊ မကြာမီကာလတွင် ဒုတိယပင်လုံ နှီးနှောဖလှယ်ပွဲများ ခေါ်ယူကျင်းပသွားနိုင်ရန် လူကြီးများနှင့် စီစဉ်ဆောင်ရွက်နေပြီဖြစ်ကြောင်း ကိုမျိုးညွန့် ပြောဆိုချက်အရ သိရသည်။
အင်္ဂါနေ့ တွေ့ဆုံပွဲတွင် ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်မှ လူငယ် ၂ဝဝ ကျော် တက်ရောက်ခဲ့ကြသေးသည်။