ပြည်ထောင်စုအစိုးရအဖွဲ့ဝင်ဖြစ်သည်။ သမ္မတက ဖွဲ့စည်းပုံအခြေခံ ဥပဒေ ၂၃၇ အရ အသက် ၄၅ နှစ်ပြည့်ပြီးသူ လွှတ်တော် ကိုယ်စားလှယ် သို့မဟုတ် လွှတ်တော် ကိုယ်စားလှယ် မဟုတ်သူများ ...
ပြည်ထောင်စု ရှေ့နေချုပ်
ပြည်ထောင်စုအစိုးရအဖွဲ့ဝင်ဖြစ်သည်။ သမ္မတက ဖွဲ့စည်းပုံအခြေခံ ဥပဒေ ၂၃၇ အရ အသက် ၄၅ နှစ်ပြည့်ပြီးသူ လွှတ်တော်ကိုယ်စားလှယ် သို့မဟုတ် လွှတ်တော် ကိုယ်စားလှယ် မဟုတ်သူများကို ခန့်အပ်နိုင်သည်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးအဖြစ် အနည်းဆုံး ၅ နှစ် ဆောင်ရွက်ခဲ့သူ၊ သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ထက် မနိမ့်သော တရားရေးအရာရှိ သို့မဟုတ် ဥပဒေအရာရှိရာထူးတွင် အနည်းဆုံး ၁ဝ နှစ် ထမ်းဆောင် ခဲ့သူ၊ သို့မဟုတ် တရားလွှတ်တော် ရှေ့နေအဖြစ် အနည်းဆုံး အနှစ် ၂ဝ အမှုလိုက်ခဲ့သူ၊ သို့မဟုတ် ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသူဟု သမ္မတက ယူဆသူဖြစ်ရမည်။
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ဝန်ကြီးချုပ်၊ ဝန်ကြီးများနှင့် ဥပဒေချုပ်တို့ဖြင့် ဖွဲ့စည်းသည်။
ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၁၉ နှင့် ၂ဝ အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အဆင့် ဝန်ကြီးချုပ်များ၊ ဝန်ကြီးများ၊ တရားလွှတ်တော်တရားသူကြီးများနှင့် ဥပဒေ(ဘာလဲ) ချုပ်များ၊ စာရင်းစစ်ချုပ်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း ဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌများကို သမ္မတက ခန့်အပ်နိုင်သည်။
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၈ အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ ဝန်ကြီးချုပ်က တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ ဝန်ကြီးများကို ခန့်အပ် နိုင်ကြောင်းလည်း တွေ့ရသည်။ လုံခြံုရေးနှင့် နယ်စပ်ရေးရာ တာဝန်ပေးအပ်မည့် ဝန်ကြီးများကိုမူ ကာကွယ်ရေး ဦးစီးချုပ်ကပေးသည့် တပ်မတော်သားများကိုသာ ခန့်ရမည်ဖြစ်သည်။
သမ္မတ၏ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်
ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေ ပုဒ်မ ၃၂။ ။ အရ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်ကို သမ္မတက ထုတ်ပိုင်ခွင့်ရှိသည်။ အမိန့်ကို ပြန်ရုပ်သိမ်းခြင်း မရှိလျှင် ရက်ပေါင်း ၆ဝ အတွင်း အနီးဆုံး ပြည်ထောင်စု လွှတ်တော်အစည်းအဝေး၌ အတည်ပြုချက်ယူရမည်။ ရက်ပေါင်း ၆ဝ အတွင်း ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမရှိလျှင် ပြည်ထောင်စုလွှတ်တော် အထူး အစည်းအဝေးခေါ်၍ အတည်ပြုချက် ယူရမည်။
သမ္မတက အရေးပေါ်အခြေအနေ ကြေညာခြင်း
ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၈၅။ ။ အခြေအနေ ၃ ရပ်ကို အခြေခံ၍ အမျိုးသား ကာကွယ်ရေးနှင့် လုံခြံုရေးကောင်စီနှင့် ညှိနှိုင်းပြီး ဥပဒေကဲ့သို့ အာဏာတည်သည့်အမိန့်ဖြင့် အရေးပေါ်အခြေအနေ ကြေညာနိုင်သည်။ ပုဒ်ခွဲ (ဂ) အရ နိုင်ငံတော်အာဏာကို အကြမ်းဖက်မှုဖြင့် ရယူရန် ဆောင်ရွက်၊ ကြိုးစားခြင်းကြောင့် ပြည်ထောင်စုနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပြိုကွဲစေမည့်အခြေအနေရှိသည်ဟု ယူဆပါကလည်း ကြေညာမည်ဖြစ်သည်။
ပုဒ်မ ၈၇ အရ တပ်မတော်၏ အကူအညီကို ရယူနိုင်ပြီး စစ်အုပ်ချုပ်ရေးအမိန့်တရပ်လည်း ထုတ်ပြန်နိုင်သည်။ ကာကွယ်ရေး ဦးစီးချုပ်အား အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ လုပ်ပိုင် ခွင့်များကို သတ်မှတ်ပေးနိုင်သည်။
ပုဒ်မ ၈၅ ပုဒ်ခွဲ ခ အရ ပြည်သူများ၏ အသက်စည်းစိမ်ကို ထိပါးနိုင်မည့်အခြေအနေရှိသည်ဟု ယူဆပါက ပုဒ်မ ၉ဝ အရ နိုင်ငံတဝန်းလုံးသို့ အမိန့်ထုတ်ပြန်သည့် နေ့ရက်မှ တနှစ်အထိ အရေးပေါ် အခြေ အနေအဖြစ် ကြေညာမည်ဖြစ်သည်။ ယင်းဥပဒေအရ ကာကွယ်ရေးဦးစီးချုပ်လက်သို့ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာများကို လွှဲအပ်ကြောင်း ကြေညာရမည်။ လွှဲအပ်သည့်နေ့မှစ၍ သမ္မတနှင့် ဒုသမ္မတများမှအပ သက်ဆိုင်ရာလွှတ်တော် များ၏ သဘောတူညီချက်ဖြင့် တာဝန်ပေးထားသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့ သို့မဟုတ် ဒေသဦးစီးအဖွဲ့ဝင်များအား တာဝန်မှ ရပ်စဲပြီးဖြစ်သည်။
လွှတ်တော်၏ အတည်ပြုချက်ယူရန်မလိုပဲ သမ္မတက တိုက်ရိုက်ဆောင်ရွက်နိုင်မည့် စာချုပ်နှင့် သဘောတူညီချက် ၃ဝ
ပြည်ထောင်စု လွှတ်တော် ဆိုင်ရာဥပဒေ ပုဒ်မ ၅၉၊ ၆ဝ၊ ၆၁ တို့အရ အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာ စာချုပ် သဘောတူညီချက်၊ ကွန်ဗင်းရှင်းများကိစ္စ၊ ဆည်မြောင်း တာတမံနှင့် စိုက်ပျိုးရေ ရရှိရေး လုပ်ငန်းများ၊ ရေနက် ပင်လယ်ဆိပ်ကမ်း တည်ဆောက် ရေး၊ လမ်းတံတားတည်ဆောက်ရေး၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး၊ အခွန်ကိစ္စ၊ အနုမြူ စမ်းသပ်မှုပိတ်ပင်ရေး၊ နိုင်ငံတော်အတွင်း ခိုလှုံခွင့်ပေးရေး၊ ရေကြောင်း လေကြောင်း သွားလာမှု၊ စာတိုက်၊ ကြေးနန်း၊ တယ်လီဖုန်း၊ ဖက် (စ်)၊ အီးမေး၊ အင်တာနက်၊ အင်ထရာနက်နှင့် အလားတူ ဆက်သွယ်ရေးဆိုင်ရာကိစ္စ၊ သဘာဝစွမ်းအင် သယံဇာတ ပစ္စည်းများထုတ်ဖော်မှု၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေး စသည်တို့ ဖြစ်သည်။