နိုင်ငံရပ်ခြားရောက် မြန်မာများ၏ လွတ်ငြိမ်းချမ်းသာခွင့်ကိစ္စကို လွှတ်တော်တွင်း ယနေ့ တင်ပြသွားမည်ဟု နေပြည်တော်ရောက် သင်္ကန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်က မနေ့က ပြော ...
နယူးဒေလီ (မဇ္စျိမ) ။ ။ နိုင်ငံရပ်ခြားရောက် မြန်မာများ၏ လွတ်ငြိမ်းချမ်းသာခွင့်ကိစ္စကို လွှတ်တော်တွင်း ယနေ့ တင်ပြသွားမည်ဟု နေပြည်တော်ရောက် သင်္ကန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်က မနေ့က ပြောသည်။
အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံရပ်ခြားသို့ ရောက်နေသည့် မြန်မာနိုင်ငံသားများ ပြန်လာခွင့်ရရှိရေးအတွက် လွှတ်တော်တွင် တင်ပြသွားမည်ဖြစ်ပြီး အနောက်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မှု ပြဿနာနှင့် ပတ်သတ်၍လည်း တင်ပြသွားမည်ဟု ဦးသိန်းညွန့်က မနေ့က မဇ္စျိမကို ပြောသည်။
"မနက်ဖြန် လွှတ်တော်ထဲမှာ လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေ ထုတ်ပြန်ဖို့နဲ့ နိုင်ငံခြား စီးပွားရေးပိတ်ဆို့မှု ဒဏ်ခတ် ဥပဒေတွေရုပ်သိမ်းဖို့ ကိစ္စတွေ မနက်ဖြန်လုပ်မှာပါ။ လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေဆိုတာ နိုင်ငံခြားရောက်နေတဲ့လူတွေ ဗမာပြည်ပြန်လာဖို့အတွက် လုပ်တာပါ။" ဟု ဦးသိန်းညွန့်က မဇ္စျိမကို ပြောသည်။
အန်အယ်လ်ဒီ NLD ပါတီဝင်ဟောင်း ရှေ့နေတဦးဖြစ်သူ ဦးသိန်းညွန့်သည် အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ ကိုယ်စားပြုပြီး သင်္ကန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်အတွက် ဝင်ရောက်အရွေးခံ အနိုင်ရခဲ့သူ ဖြစ်သည်။
ရွေးကောက်ပွဲတွင် အနိုင်ရပြီးနောက် ပါတီတွင်း ငွေစာရင်းကိစ္စများ မီဒီယာတွင် ပြောဆိုခဲ့ခြင်းကို အကြောင်းပြု၍ အန်ဒီအက်ဖ် NDF ပါတီက သူ့အား ပါတီမှ ထုတ်ပယ်ခဲ့သည်။
ယခုလွှတ်တော်အတွင်း လွှတ်တော်တွင်း ဒီမိုကရေစီအင်အားစုများ အားနည်းနေကြောင်း၊ အန်အယ်လ်ဒီပါတီ ရွေးကောက်ပွဲဝင်ခဲ့ပါက ယခုအခြေအနေမျိုး မဖြစ်နိုင်ကြောင်း ဦးသိန်းညွန့်က ပြောဆိုသည်။
အန်အယ်လ်ဒီပါတီတွင် ပြန်ကြားရေးတာဝန်ခံတဦးအဖြစ် တာဝန်ယူခဲ့ဖူးပြီး ဦးဝင်းတင်အမှုတွင် ရှေ့နေ လိုက်ပေးခဲ့သူ တဦးလည်း ဖြစ်သည့် ဦးသိန်းညွန့်က လွှတ်တော်တွင်း ယင်းသို့ ဒီမိုကရေစီအင်အားစုများ နည်းနေရခြင်းမှာ အန်အယ်လ်ဒီပါတီ ဦးဆောင်သူတဦးဖြစ်သည့် ဦးဝင်းတင်၏ မှားယွင်းသော မဟာဗျူဟာကြောင့် ဖြစ်ကြောင်း စွပ်စွဲလိုက်သည်။
"လွှတ်တော်ထဲမှာ အတိုက်အခံ အင်အားစုတွေ နည်းနေတာကတော့ ဦးဝင်းတင်နဲ့ ပတ်သတ်တဲ့သူတွေရဲ့ မှားယွင်းတဲ့ မဟာဗျူဟာကြောင့်ပေါ့။" ဟု ဦးသိန်းညွန့်က ဆိုသည်။
ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများဖြစ်သည့် မင်းကိုနိုင်နှင့် ကိုကိုကြီး စသူတို့ လွတ်မြောက်ရေးအတွက် သူ့အနေဖြင့် အစွမ်းကုန် တိုက်ပွဲဝင်သွားမည်ဟု ဦးသိန်းညွန့်က ပြောသည်။
ဦးသိန်းညွန့်သည် သူရှေ့နေလိုက်ပေးသည့် အမှုတခုတွင် တရားရုံးအား မထေမဲ့မြင် လုပ်သည်ဟု စွတ်စွဲခံရပြီး ၂၉.၆.၂ဝဝ၇ ခုနှစ်တွင် ရှေ့နေလိုင်စင် ၂ နှစ် ရုတ်သိမ်းခြင်းခံခဲ့ရသည်။ တရားရုံးက ရှေ့နေလိုင်စင် ၂ နှစ် ပိတ်သိမ်းသည်ဟု အမိန့်ချခဲ့သော်လည်း အမိန့်ချအပြီး ၃ နှစ်နှင့် ရ လအကြာ ၂၈.၁.၂ဝ၁၁ ခုနှစ်မှ နေပြည်တော် တရားရုံးချုပ်က လိုင်စင်ပြန်ပေးခဲ့သည်။
"သင်္ကန်းကျွန်း ၅ (က) ရပ်ကွက်က ဆင်းရဲသားတွေကို ထောင် ၄ လချတဲ့ အမှုမှာ အဌမအကြိမ် တရားသူကြီး ညီလာခံမှာ အရင်တရားသူကြီးချုပ် ဦးသိန်းမောင် ပြောခဲ့တာကို ကိုးကားပြီးတော့ 'တရားကို မတရားလုပ်ရင်၊ မတရားတာကို တရားတယ်လုပ်ရင် တိုင်းပြည်ပျက်မယ်' လို့ ကျနော်ပြောခဲ့တာကို တရားရုံးကို မထေမဲ့မြင် ပြုတယ်ဆိုပြီးတော့ ရှေ့နေကျင့်ဝတ် ဖောက်ဖျက်မှုနဲ့ လုပ်ခဲ့တာပါ။ အဲ့လိုလုပ်တာ ကျနော့်ကို လိုင်စင် ပိတ်ချင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာဖြစ်တဲ့အတွက် အဲ့တုန်းက အန်အယ်လ်ဒီ ဥက္ကဌ ဦးအောင်ရွှေက နယက ဥက္ကဌဆီကို ကန့်ကွက်စာပို့ခဲ့ပါတယ်။"ဟု သူက မဇ္စျိမကို ပြောသည်။
၂ နှစ်ပြည့်သော်လည်း လိုင်စင် ပြန်မရသဖြင့် ၂ဝဝ၉ ခုနှစ်ကတည်းက လိုင်စင်ကိစ္စအတွက် အကြိမ်ကြိမ် စာဖြင့် တင်ပြခဲ့သော်လည်း မရခဲ့ကြောင်း၊ ယင်းသို့တင်ပြခဲ့သည်မှာ ၅ ကြိမ် ၆ ကြိမ်ထက် မနည်း ရှိကြောင်း သိရသည်။ ယခု လွှတ်တော်ကိစ္စဖြင့် နေပြည်တော်သို့အရောက် ဇန်နဝါရီ ၂၇ ရက်နေ့တွင် တရားသူကြီးချုပ်ရုံးသို့ ထပ်မံသွားတင်ပြခဲ့ပြီးနောက် ဇန်နဝါရီ ၂၈ ရက်နေ့ကမှ တရားရုံးချုပ် ရှေ့နေလိုင်စင် ဌာနက သူ့ကို လိုင်စင် ပြန်ပေးခဲ့ကြောင်း ဦးသိန်းညွန့်က ပြောသည်။
လွှတ်တော်တက်ချိန်တွင် ဦးသိန်းညွန့်သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များ ဝတ်ဆင်လေ့ရှိသည့် လည်ကတုံးအဖြူ၊ ပင်နီတိုက်ပုံနှင့် ကချင်လုံချည် ဝတ်ဆင်တက်ရောက်ခဲ့ပြီး ယင်းသို့ဝတ်ခြင်းနှင့်ပတ်သတ်၍ ယခုကဲ့သို့ ပြောဆိုခဲ့သည်။
"ကဗျာဆန်ဆန် ပြောရရင်တော့ဗျာ အန်အယ်လ်ဒီရဲ့ အလွမ်းအိပ်မက်တွေကို ပုံစံတမျိုးနဲ့ ကျနော် ဖော်လိုက်တာပါပဲ။"