ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP ဥက္ကဋ္ဌ ခူးထဲဘူးဖဲ မနေ့ ညနေက လည်ချောင်းကင်ဆာဖြင့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်တွင် ကွယ်လွန်သွားကြောင်း ဆွေမျိုးများနှင့် ပါတီ တာဝန်ရှိသူများက ပြော ...
ချင်းမိုင် (မဇ္စျိမ) ။ ။ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP ဥက္ကဋ္ဌ ခူးထဲဘူးဖဲ မနေ့ ညနေက လည်ချောင်းကင်ဆာဖြင့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်တွင် ကွယ်လွန်သွားကြောင်း ဆွေမျိုးများနှင့် ပါတီ တာဝန်ရှိသူများက ပြောသည်။
အသက် ရ၄ နှစ်အရွယ် ခူးထဲဘူးဖဲသည် သူ၏ “ခုခံတော်လှန်ရေး” လှုပ်ရှားမှု ၄၅ နှစ်ကျော်အတွင်း KNPP ပါတီ အတွင်းရေးမှူးချုပ်၊ ဥက္ကဋ္ဌ၊ ကရင်နီအစိုးရ ဝန်ကြီးချုပ် တာဝန်များ ထမ်းဆောင်ခဲ့သည်။
ကရင်နီဝါရင့်ခေါင်းဆောင် ဥက္ကဋ္ဌကြီး၏ သမီး မော်စဲမာက “စကား မပြောနိုင်တော့ဘူး။ အောက်စီဂျင်ပိုက်နဲ့ အသက်ရှူရတယ်လေ။ သူ့သားသမီးတွေ စုံစုံလင်လင်တွေ့ပြီးတော့မှ ပိုက်ထုတ်လိုက်တော့ မနေ့ ညနေ ၃ နာရီ ၂၅ မှာ သူဆုံးသွားတယ်။ လည်ချောင်းကင်ဆာလေ” ဟု မဇ္စျိမကို ပြောသည်။
၁၉၆ဝ က ရန်ကုန်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ ဘွဲ့ရခဲ့သူ ခူးထဲဘူးဖဲသည် ကရင်နီစာကို Script အဆင့်မှ စာပေအဆင့်သို့ ကူးပြောင်းနိုင်ရေး ကြိုးစားနေသူတဦးဖြစ်ပြီး အင်္ဂလိပ်-ကရင်နီ အဘိဓာန်တခု ပြုစုနေသည်မှာ အင်္ဂလိပ်ဗျည်း ‘R’ အဆင့် ရောက်နေပြီဖြစ်သော်လည်း အဆုံးမသတ်သွားနိုင်ခဲ့ကြောင်း သမီး မော်စဲမာက ပြောသည်။
“သူ့ရဲ့ အဓိက Dream (အိပ်မက်) က ကျမတို့ အခုသုံးနေတဲ့ ကရင်နီစာပေကို စာပေလို့ သူမခေါ်ဘူး။ Script စာရိုးရိုးလောက်ပဲ ရှိသေးတာပေါ့။ အဲဒီ Script ကို စာပေဖြစ်မြောက်ဖို့အတွက် အများကြီး ကြိုးစားရမယ်။ အဲဒါ သူအမြဲမှာတယ်” ဟု သူက ဆိုသည်။
ပါတီ အတွင်းရေးမှူး-၂ ဦးအောင်ဆန်းမြင့်က “ကျနော်တို့ ဥက္ကဋ္ဌကြီးကတော့ တခါမှ မဖျားမနာဘူးခင်ဗျ။ ဒါပေမဲ့ သူ့ဖာသူကြိတ်ပြီးမှ ဖြစ်နေလားတော့ မသိဘူးလေ။ အခု ကွယ်လွန်ခါနီး တပတ် နှစ်ပတ်မှပဲ ထမင်းမစားနိုင် မသောက်နိုင် ဖြစ်ပြီးမှ ကျနော်တို့ ဆေးရုံတင်လိုက်တော့ ဒီတခါထဲနဲ့ပဲ သူ ကွယ်လွန်သွားတာဖြစ်တယ်” ဟု မဇ္စျိမကို ပြောသည်။
တိုင်းရင်းသားလူမျိုးများကောင်စီ (ပြည်ထောင်စုမြန်မာနိုင်ငံ) ENC ဥက္ကဋ္ဌ၊ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးကော်မတီအဖွဲ့ဝင် တာဝန်များကိုလည်း ထမ်းဆောင်ခဲ့ကြောင်း သိရသည်။
ကရင်နီပြည် ဖရူးဆိုးမြို့နယ် ကေးလျားရွာဇာတိ နှစ်ခြင်းခရစ်ယာန်ဘာသာဝင် ကရင်နီ အမျိုးသား ခူးထဲဘူးဖဲက ကရင်နီပြည်သည် သမိုင်းအရ သီးခြားလွတ်လပ်သည်ဟု လက်ခံထားသော်လည်း ကုန်းတွင်း ပထဝီအနေအထားနှင့် လူဦးရေနည်းသဖြင့် လက်တွေ့တွင် အခြားတိုင်းရင်းသားများနှင့် အတူယှဉ်တွဲနေရန် လိုအပ်သည်ဟု ယုံကြည်ထားသူဖြစ်ကြောင်း KNPP ပါတီ ဗဟိုအလုပ်အမှုဆောင်၊ ပြည်ထဲရေးဌာန တာဝန်ခံ ခူးထဲဘူးက ပြောသည်။
ထို့ပြင် ဥက္ကဋ္ဌကြီးသည် တိုင်းရင်းသားပေါင်းစုံ တပ်ပေါင်းစုဖြင့် အောင်ပွဲခံရေးနှင့် “ဖက်ဒရယ်တပ်မတော်” ပေါ်ထွန်းရေး ကို ယုံကြည်အားသန်သူဖြစ်သည်ဟု ဆိုသည်။
ယခုလ ၃၁ ရက်တွင် သူ၏ ရုပ်ကလပ်ကို ကရင်နီပြည်နယ်စပ်တနေရာတွင် သင်္ဂြ ိုဟ်မည်ဖြစ်ပြီး ဇနီး ဒေးဒေးဖောနှင့် သားသမီး ၅ ဦး ကျန်ခဲ့သည်။
ဖဆပလအစိုးရက သီးခြားလွတ်လပ်သည့် ကရင်နီပြည်ကောင်စီ ဥက္ကဋ္ဌ ဦးဘီတူရီ နေထိုင်သည့် မြလဲရွာကို ၁၉၄၈ သြဂုတ်လ ၉ ရက်တွင် ကျူးကျော် တိုက်ခိုက်ခဲ့ရာ ဦးဘီတူရီနှင့် ရဲဘော်များ ကြယ်ဖိုးကြီးနယ်၊ ဖရူဆိုမြို့အထိ ဆုတ်ခွာပေးခဲ့ပြီး ကရင်နီအမျိုးသားတပ်မတော်ကို ထူထောင်ကာ ခုခံတိုက်ခိုက်ခဲ့ရာမှ ကရင်နီတော်လှန်ရေး ဖြစ်ပေါ်လာသည်ဟု လေ့လာသိရှိရသည်။