NLD ရပ်တည်ရေးအမှု ၂၈ ရက်နေ့ အမိန့်ချမည်

NLD ရပ်တည်ရေးအမှု ၂၈ ရက်နေ့ အမိန့်ချမည်
by -
မျိုးသန့်

ပါတီဆက်လက်ရပ်တည်ရေး အထူးအယူခံ လျှောက်ထားသည့် အမှုကို ယခုလ ၂၈ ရက်နေ့တွင် အမိန့်ချမည်ဟု သိရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ အကျိုးဆောင်ရှေ့နေ ဦးကျော်ဟိုးက ပြော ...

ချင်းမိုင် (မဇ္စျိမ) ။ ။ ပါတီဆက်လက်ရပ်တည်ရေး အထူးအယူခံ လျှောက်ထားသည့် အမှုကို ယခုလ ၂၈ ရက်နေ့တွင် အမိန့်ချမည်ဟု သိရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ အကျိုးဆောင်ရှေ့နေ ဦးကျော်ဟိုးက ပြောသည်။

ပါတီရပ်တည်ရေး နောက်ဆုံးအဆင့် အထူးအယူခံတင်သွင်းခြင်းကို နေပြည်တော် တရားရုံးချုပ်က ယခုလ ၁၃ ရက်နေ့တွင် လက်ခံခဲ့ကာ၊ ၂၄ ရက်နေ့တွင် နှစ်ဖက်ကြားနာခဲ့ပြီးနောက် ရန်ကုန် တရားရုံးချုပ် ကြိုတင်အသိပေး စာရင်းတွင် စီရင်ချက်ချမည့်အကြောင်း ဖော်ပြထားခြင်း ဖြစ်သည်။

“ဒီနေ့ ရန်ကုန် တရားရုံးချုပ်က ကြိုတင်သတိပေးစာရင်းမှာ ကပ်ထားတာက အဲဒီအမှုကို ဒီလ ၂၈ ရက်နေ့ ၁ဝ နာရီ နေပြည်တော် တရားရုံးချုပ်မှာ အမိန့်ချမယ် ဆိုပြီးတော့မှ စာကပ်ထားပါတယ်” ဟု ဦးကျော်ဟိုးက မဇ္စျိမကို ပြောသည်။

ကြိုတင်အမှုခေါ်စာရင်းတွင် မည်သည့်အမှုကို လက်ခံသည်/ပယ်သည်၊ မည်သည့်အမှုကို အမိန့်ချပြီးပြီဟူသည့် သတိပေးချက်များသာ သာမန်အားဖြင့် ကပ်လေ့ရှိပြီး အမှုတခုကို မည့်သည့်နေ့ အမိန့်ချမည်ဟု မကပ်တတ်သဖြင့် ထူးခြားသည်ဟု ဆိုသည်။

သူက “ဒီလိုကြိုတင်အမှုခေါ်စာရင်းနဲ့ ထုတ်ပြန်တယ်ဆိုတာ ဒါထူးခြားတယ်ပေါ့ဗျာ။ တခြားဘယ်အမှုမှ ဒီလိုကြိုတင်ပြီးတော့ အမိန့်ချမယ်လို့ ကြိုတင်အသိပေးတဲ့ဟာ ကျနော်တော့ တခါမှ မကြံုဖူးဘူး။ ဒီအမှုတခုပဲ ကြံုဖူးတယ်။ ဘယ်နေ့ဘယ်ရက် အမိန့်ချမယ်ဆိုပြီးတော့ ဒီလိုစာရင်းထုတ် ကြေညာတာက ဒီတခါပဲ ကျနော် ကြံုဖူးတာပေါ့။ ထူးခြားတယ်ပေါ့” ဟု ပြောဆိုသည်။

၁၉၉ဝ ရွေးကောက်ပွဲတွင် အမတ်နေရာ ၈၂ ရာခိုင်နှုန်းဖြင့် အနိုင်ရခဲ့သည့် NLD သည် ၂ဝ၁ဝ ရွေးကောက်ပွဲ ကော်မရှင်ထံ ပြန်လည်၍ ပါတီမှတ်ပုံမတင်သဖြင့် တရားဝင်ပါတီအဖြစ်မှ ပျက်ပြယ်ကြောင်း ကော်မရှင်က ၂ဝ၁ဝ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့ ကြေညာချက်တွင် ဖော်ပြခဲ့သည်။

ထိုသို့ကြေညာအပြီး NLD အထွေထွေအတွင်းရေမှူး ဒေါ်အောင်ဆန်းစုကြည်က တရားဝင်ပါတီအဖြစ် ဆက်လက်တည်ရှိခွင့် ရှိကြောင်း ပထမအကြိမ် အယူခံတင်သွင်းခဲ့သည်။ သို့သော် အယူခံကို နေပြည်တော် တရားရုံးချုပ်က ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ပယ်ချခဲ့သေးသည်။

ယခုလ ၂၈ ရက်နေ့တွင် ချမှတ်မည့် အမိန့်အတွက် ရှေ့နေများဖြစ်သည့် ဦးဉာဏ်ဝင်း၊ ဦးကျော်ဟိုးနှင့် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းမြင့်တို့ နေပြည်တော် တရားရုံးချုပ်သို့ သွားရောက်ကြားနာမည်။