အမတ်များ လွှတ်တော်အစည်းအဝေး တက်လျှင် မြန်မာရိုးရာဝတ်စုံ ဝတ်ဆင်ခဲ့ရန် နေပြည်တော် ရွေးကောက်ပွဲကော်မရှင်က မှာထားကြောင်း နိုင်ငံရေး ပါတီများက ပြောသည်။ ...
ချင်းမိုင် (မဇ္စျိမ) ။ ။ အမတ်များ လွှတ်တော်အစည်းအဝေး တက်လျှင် မြန်မာရိုးရာဝတ်စုံ ဝတ်ဆင်ခဲ့ရန် နေပြည်တော် ရွေးကောက်ပွဲကော်မရှင်က မှာထားကြောင်း နိုင်ငံရေး ပါတီများက ပြောသည်။
အမျိုးသားဖြစ်ပါက တိုက်ပုံ၊ ပုဆိုး၊ မောင့်ကြက်သရေ ခေါင်းပေါင်း၊ အမျိုးသမီးဆိုလျှင် ရင်ဖုံးအင်္ကျီ၊ ချိတ်ထမီနှင့် ပုဝါ ဝတ်ဆင်ရမည်ဟု ရွေးကောက်ပွဲကော်မရှင်က ယခုရက်ပိုင်းတွင် ပေးပို့နေသည့် လွှတ်တော်စည်းဝေး ဖိတ်စာထဲတွင် ပန်ကြားထားသည်။
“တိုက်ပုံအဖြူနဲ့ ကြိုက်တဲ့ပုဆိုးဝတ် ခေါင်းပေါင်းလဲ ပါရမယ်။
အမျိုးသမီးတွေကလဲ အကျင်္ ီ အဖြူနဲ့ ချိတ်နဲ့ အပေါ်က ပဝါနဲ့ပေါ့ဗျာ၊ အဲဒီလို သတ်မှတ်တယ်” ဟု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော်အမတ် ဦးခင်ရွှေက မဇ္စျိမကို ပြောသည်။ ထို့ပြင် လုံခြံုရေးအရ မောင့်ကြက်သရေ ခေါင်းပေါင်းထည့်ရန် အိတ် သို့မဟုတ် သေတ္တာကိုလည်း လွှတ်တော်ထဲ ယူခွင့်မရှိဘဲ စာအုပ်နှင့် ဘောပင်သာ ယူနိုင်သည်ဟု သူက ဆိုသည်။
ထို မြန်မာအမျိုးသား ဝတ်စုံအစစ်များမှာ ၁၉၈၈ အာဏာသိမ်းပြီးနောက်ပိုင်း ကွယ်လွန်သူ ဦးနေဝင်းနှင့် မင်္ဂလာသတို့သားများသာ ဝတ်လေ့ရှိသည်။
လုံခြံုရေးကို ထိခိုက်စေမည့် အီလက်ထရောနစ် ပစ္စည်းများလည်း ယူမလာရန် ပန်ကြားချက်တွင် ပါကြောင်း အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီ ဗဟိုအလုပ်အမှုဆောင်ဝင် ဒေါက်တာသန်းဝင်းက ပြောသည်။
“လွှတ်တော် ကိုယ်စားလှယ်များအတွက် ပန်ကြားချက်မှာ လုံခြံုရေးကို ထိခိုက်စေနိုင်တဲ့ လက်ကိုင်ဖုန်းတို့၊ ကင်မရာတို့ အသံဖမ်းစက်တို့ အဲဒါတွေ မယူရဘူး။ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေမယူဖို့ ပန်ကြားထားပါတယ်” ဟု သူက ပြောသည်။
လွတ်လပ်ရေးရပြီးစ ၁၉၄၈ မှ ဗိုလ်ချုပ်ကြီးနေဝင်း အာဏာမသိမ်းခင် ၁၉၆၂ အထိ ကျင့်သုံးခဲ့သည့် ပါလီမန်ခေတ်တွင် အမတ်များ လွှတ်တော်တက်လျှင် ပါတီအလိုက် မောင့်ကြက်သရေ ခေါင်းပေါင်း အရောင်သာ ကွဲပြားပြီး အခြားကန့်သတ်ချက် မရှိကြောင်း ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေ ပြောဆိုချက်အရ သိရသည်။
“ကိုယ်စားလှယ်တွေဆိုတာ လွှတ်တော်ထဲဝင်တဲ့အခါမှာ တိုက်ပုံအကျင်္ီနဲ့ ခေါင်းပေါင်းပဲ။ ပထစ (ပြည်ထောင်စုပါတီ) အဝါရောင်၊ ဖဆပလ ဆိုရင် ပန်းရောင်၊ ပမညတ (ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညီညွတ်ရေး တပ်ပေါင်းစု) အပြာရောင် ဆိုပြီးတော့ ဆောင်းရတာတွေ ရှိတယ်။ ကျန်တာတွေတော့ ကန့်သတ်ချက် မရှိပါဘူး” ဟု သူက ပြောသည်။
ဦးသုဝေက ဆက်ပြီး “ဟိုခေတ်တုန်းက လျှပ်စစ်နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေကလည်း သိပ်မထွန်းကားသေးဘူးလေ။ အခုတော့ လျှပ်စစ်ပစ္စည်းတွေ ထွန်းကားလာပြီဆိုတော့ သူတို့ ကြောက်တယ်နဲ့ တူပါတယ်” ဟု ဆိုသည်။
ယခုလ ၃၁ ရက် နေပြည်တော်တွင် ကျင်းပမည့် လွှတ်တော်အစည်းအဝေး တက်မည့် အမတ်များ ၂၇ ရက် အရောက်သွားပြီး ကော်မရှင်ကို အကြောင်းကြားရမည် ဖြစ်သည်။
၂ဝ၁ဝ ရွေးကောက်ပွဲရလဒ်များအရ လွှတ်တော်သုံးရပ်ပေါင်း အမတ်နေရာ အများဆုံး ရွေးချယ်ခံရသည့် ပါတီမှာ ကြံ့ခိုင်ရေးပါတီ ဖြစ်သည်။