ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင် ၄ ဦးက အရက်မူးကာ ဆဲရေး တိုင်းထွာခဲ့သည်ဟု ရဲကို တိုင်တန်းခဲ့သော ရွေးကောက်ပွဲဝင် ပါတီတခုအတွက် မဲဆွယ်စည်းရုံးသူ အမျိုးသမီးတဦးကို အသရေ ဖျက်မှုဖြင့် ...
ချင်းမိုင်(မဇ္စျိမ) ။ ။ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင် ၄ ဦးက အရက်မူးကာ ဆဲရေး တိုင်းထွာခဲ့သည်ဟု ရဲကို တိုင်တန်းခဲ့သော ရွေးကောက်ပွဲဝင် ပါတီတခုအတွက် မဲဆွယ်စည်းရုံးသူ အမျိုးသမီးတဦးကို အသရေ ဖျက်မှုဖြင့် ပြန်လည် စွဲဆိုခံနေရသည်။
ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် ကျောက်ရေတွင်း ရပ်ကွက်နေ အသက် ၄၃ နှစ်အရွယ် မလှကေသီဝင်းက ကိုသိန်းနိုင်၊ ကိုကျော်နိုင်၊ ကိုတင်ဦးနှင့် ကိုသန်းနိုင်တို့ကို အသရေဖျက်မှု၊ မူးယစ် ရမ်းကားမှုနှင့် ခြိမ်းခြောက်မှု တို့ဖြင့် နိုဝင်ဘာလ ၆ ရက်က မရမ်းကုန်း ရဲစခန်းတွင် အမှုဖွင့်ခဲ့သည်။ မရမ်းကုန်းမြို့နယ်တရားရုံးက အမှုကို ကြားနာရန် လက်ခံထားသည်။
ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်များဘက်ကလည်း ပုဒ်မ ၅ဝ၄ အသရေဖျက်မှုဖြင့် ထိုတရားရုံးတွင်ပင် ဒီဇင်ဘာ ၉ ရက်က တိုက်ရိုက် ဦးတည် လျှောက်ထားရာ တရားရုံးက လက်ခံထားသည်။
“ကျမက တရားလိုလုပ်တော့ ကျမကို တရားခံဖြစ်အောင် သူတို့က အကွက်ဆင်လိုက်တာ”ဟု မလှကေသီဝင်းက ပြောသည်။
မနေ့က မရမ်းကုန်း တရားရုံးတွင် မလှကေသီဝင်းအပေါ် ပြန်လည် စွဲဆိုထားသော အမှုကို ပထမဆုံး ကြားနာပြီး တရားလိုဘက်က ထွက်ဆိုခဲ့သည်။
၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ)ပါတီက မရမ်းကုန်း အလက ၁ ကျောင်းဝင်း ရှေ့တွင် နိုဝင်ဘာ ၅ ရက်က ပြုလုပ်သော မဲဆွယ်ပွဲ၌ မလှကေသီဝင်း ပါဝင် ဟောပြောခဲ့သည်။
မလှကေသီဝင်း၏ ဟောပြောမှုကို ပြိုင်ဘက် ကြံ့ဖွံ့ပါတီက စည်းရုံးရေးမှူး ရာအိမ်မှူး ဦးခင်ရွှေက မကြိုက်၍
သူ့တပည့်များကို ဆဲခိုင်းသည်ဟု မလှကေသီဝင်းက စွပ်စွဲထားသည်။
“ကျမကို ဘယ်နှတန်းတက်လို့လဲ။ အမျိုးမျိုးဆဲတာ ဖာတွေရော၊ ဖအေရော ဆဲတာသိလား။ နင်ထည့်တဲ့ မဲပုံးကို ငါတို့ မီးရှို့မယ်။ နင်ထည့်တဲ့ မဲရုံကိုလဲ ငါတို့ မီးရှို့မယ်ဆိုပြီး ပြောတာ။ ကျမ ခြံထောင့်မှာ စိမ်ပြေနပြေ ထိုင်ဆဲတာ တရပ်ကွက်လုံးကြားတယ်” ဟု သူက ပြောသည်။
လာဆဲစဉ်က နေအိမ်တွင် သားနှစ်ယောက်နှင့် အလုပ်သမား တယောက်သာရှိပြီး သူ ခရီးလွန်နေသဖြင့် အခြားသူများ ပြန်ပြောပြမှ သိရသည် ဆိုသည်။
မရမ်းကုန်းတွင် ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ)၊ ကြံ့ဖွံ့၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီနှင့် အမျိုးသား ဒီမိုကရေစီ အင်အားစုတို့ ဝင်ပြိုင်ကြရာ ကြံ့ဖွံ့ ကိုယ်စားလှယ် ဒေါက်တာစန်းပွင့် နိုင်ခဲ့သည်။
“အမှန်တကယ်တော့ ငါနဲ့ မတူ ငါ့ရန်သူဆိုတဲ့ သဘောတရားပါ ပါတယ်။ နိုင်ငံရေး ပြကွက် ဆန်တယ်ပေါ့ကွာ။ သူက ၈၈ အမြင်တွေ ပြောတော့ သူတို့ကို ထိခိုက်တယ် ထင်ပြီး အရပ်သားဆန်ဆန် တုံ့ပြန်တာက စတာပါ။ ဒါကို အသိအမှတ် မပြုချင်တာလဲ ပါမယ်ဗျ” ဟု ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ဥက္ကဋ္ဌ ဦးအေးလွင်က ပြောသည်။
ဦးအေးလွင်နှင့် ၈၈ မျိုးဆက် ကျောင်းသား လူငယ်များဥက္ကဋ္ဌ ဦးရဲထွန်းမှာ ညီအကိုရင်းများ ဖြစ်ကြသည်။
ဒီဇင်ဘာ ၂၇ တွင် နှစ်ဖက်စလုံးမှ စွပ်စွဲချက်များအပေါ် တပေါင်းတည်း ကြားနာသွားမည်ဟု တရားရုံးက ရက်ချိန်းပေးလိုက်သည်။