မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံများ သတင်းများ ဦးစားပေး ဖေါ်ပြမိသဖြင့် အားကစား ဂျာနယ် ၁ စောင်နှင့် သတင်းဂျာနယ် ၈ စောင်ကို စာပေစိစစ်ရေးက ...
ချင်းမိုင် (မဇ္စျိမ) ။ ။ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံများ သတင်းများ ဦးစားပေး ဖေါ်ပြမိသဖြင့် အားကစား ဂျာနယ် ၁ စောင်နှင့် သတင်းဂျာနယ် ၈ စောင်ကို စာပေစိစစ်ရေးက မနေ့က ယာယီထုတ်ဝေခွင့် ပိတ်လိုက်သည်။
ပြည်တွင်း နာမည်ကြီး အားကစား ဂျာနယ် First Eleven Sport နှင့် Hot News ဂျာနယ်တို့ကို ၂ ပတ်စီ ပိတ်လိုက်ပြီး Myanmar Newsweek၊ လျှပ်တပြက်၊ မြန်မာပို့စ်၊ 7 Day News၊ Venus News ၊ ပြည်သူ့ခေတ် နှင့် The Voice ဂျာနယ်တို့ကို ၁ ပတ်စီ ပိတ်ကြောင်း ထုတ်ပြန်ခဲ့သည်။
“အဓိကကတော့ ဒေါ်အောင်ဆန်းစုကြည်အကြောင်း သတင်းတွေ ကန့်သတ်ဖေါ်ပြဖို့ပေါ့လေ။ အဲဒါ စိစစ်ရေး စကားနားမထောင်ပဲ စာမျက်နှာ အပြည့်ဖေါ်ပြတာတို့ အချပ်ပိုနဲ့ ဖေါ်ပြတာတို့ ဓာတ်ပုံတွေကို သက်မှတ်တဲ့ဆိုက်ထက်ကြီးပြီးဖေါ်ပြတာတို့ မျက်နှာဖုံးမှာ ဖေါ်ပြတာတို့တွေကြောင့်ပေါ့” ဟု ပြည်တွင်း သတင်းအယ်ဒီတာတဦးက မဇ္စျိမကို ပြောသည်။
နိုဝင်ဘာ ၁၃ က နေအိမ်အကျယ်ချုပ်လွတ်ရက်စေ့၍ လွတ်မြောက်လာသည့် ဒေါ်အောင်ဆန်းစုကြည် နှင့်ပတ်သက်၍ စာပေစိစစ်ရေးက ဓာတ်ပုံအား ၂ လက်မ၊ ၃ လက်မ ဆိုက်ဖြင့်သာ ၁ ပုံတည်း အတွင်းပိုင်း စာမျက်နှာများ၌ ဖေါ်ပြစေပြီး စာပိုဒ်အကန့်သတ်ဖြင့်သာ ဖေါ်ပြခိုင်းသည်ဟု သိရသည်။
ယာယီထုတ်ဝေခွင့် ရပ်ဆိုင်းခံရမည့် အဆိုပါဂျာနယ်အားလုံးကို ယခုတပတ်မှ စ၍ ပိတ်မည်ဖြစ်ကြောင်း မနေ့မနက်က စာပေစိစစ်ရေးရုံး၌ ထုတ်ပြန်စာ ကပ်ထားပြီး ယခုလ ၁၉ ရက် ညနေပိုင်းကလည်း ထိုဂျာနယ်တိုက်များမှ တာဝန်ရှိသူများကို ခေါ်သတိပေးခဲ့ကြောင်းသိရသည်။
“ဒေါ်စုနဲ့ပတ်သက်တဲ့သတင်းတွေကို စိစစ်ရေးအနေနဲ့က မဖေါ်ပြရဘူးလို့တော့ မပြောဘူး။ ဒါပေမဲ့ အခု ဖေါ်ပြလို့ ပိတ်လိုက်တာပဲ။ ကျနော်တို့ဆိုရင် ဒေါ်စုကိုကြိုနေတဲ့ လူစုလူဝေးကြီးပုံတွေပါ ၅ ပုံလောက်ထည့်တယ်။ ဖြုတ်တယ်။ လူတွေက သူ့ကို သောင်းသောင်းဖြဖြဖြစ်နေတဲ့ပုံတွေဆိုရင် သူတို့အကုန်ဖြုတ်တယ်” ဟု အခြားပိတ်ခံရသော ဂျာနယ်အယ်ဒီတာတဦးကပြောသည်။
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီးနောက် သတင်းဂျာနယ်များ ယခင်ထက်ပို၍ ၂ ဆတိုးထုတ်ခဲ့ရပြီး ဂျာနယ်ရောင်းသူများက ဒေါ်အောင်ဆန်းစုကြည်ပုံ ပါသော အချပ်ပိုများကိုပင် သီးသန့် ရောင်းချနေသည်ကို တွေ့ရကြောင်း ရန်ကုန် သတင်းအယ်ဒီတာ တဦးက မဇ္စျိမကိုပြောသည်။
ယာယီထုတ်ဝေခွင့် ၂ ပတ်ပိတ်ခံရသည့် First Eleven ဂျာနယ်က ယခုလ ၁၆ ရက်ထုတ် စာစောင် ရှေ့မျက်နှာဖုံးတွင် SUNDERLAND FREEZE CHELSE UNITED STUNNED BY VILLA & ARSENAL ADVANCE TO GRAB THEIR HOPE ဟု ဖေါ်ပြခဲ့သည်။
ဆေးရောင်ခြယ်ဖေါ်ပြထားသော အဆိုပါစာတမ်းမှာ “ စုလွတ်ပြီ၊ စည်းလုံးခြင်းနှင့် မျှော်လင့်ချက် ပန်းတိုင်ကို ချီတက်ကြစို့ ” ဟူသည့်အဓိပ္ပာယ် သက်ရောက်နေသည်ဟု ထိုဂျာနယ်တိုက်မှ အားကစား သတင်းထောက်တဦးက ပြောသည်။ အဆိုပါ စာကြောင်း မြန်မာ လူငယ်များအကြား ရေပန်းစားခဲ့သည်။
အပိတ်ခံလိုက်ရသည့် သတင်းဂျာနယ်အယ်ဒီတာတဦးကမူ “တပတ် ပိတ်လိုက်တယ်ဆိုတော့ အဲဒီအတွက် လိုက်ထားတဲ့ သတင်းတွေ အကုန်ထိ ကုန်တာပေါ့နော်။ နောက်ပြီး ထုတ်လုပ်ရေးပိုင်းမှာလဲ ဆုံးရှုံးမှုတွေရှိတာပေါ့” ဟု မဇ္စျိမကို ပြောသည်။
“မြန်မာနိုင်ငံမှာ သတင်းစာ လွတ်လပ်ခွင့် စာပေလွတ်လပ်ခွင့် မရှိတာကြာပါပြီ။ မျှော်လင့်ကြတာတော့ ဒီ ရွေးကောက်ပွဲလေးများပြီးရင် အတိုင်းအတာလေးတခုထိတော့ လွတ်လပ်မလားဆိုပြီးတော့ မျှော်လင့်ကြတာတွေ ရှိတယ်။ အခု ပုံစံအတိုင်းဆို မျှော်လင့်လို့မရတော့ဘူးဆိုတာ သိသွားရတာပေါ့နော်” ဟု သူကဆက်ပြောသည်။
မြန်မာနိုင်ငံတွင် ဆက်မထုတ်နိုင်တော့သည့် စာစောင်များ ထုတ်ဝေခွင့် ရပ်ခြင်းမှအပ သတင်းဂျာနယ်များ အစုလိုက် အပြုံလိုက် ထုတ်ဝေခွင့် အပိတ်မခံရသည်မှာ နှစ် ၄ဝ ခန့် ရှိပြီဟု သတင်းစာ ဆရာများက ပြောသည်။