မြန်မာအပေါ် အိန္ဒိယ စိတ်စေတနာ နည်းပါးဟု NCG ဝေဖန်

မြန်မာအပေါ် အိန္ဒိယ စိတ်စေတနာ နည်းပါးဟု NCG ဝေဖန်
by -
ဆလိုင်းထွန်း

မြန်မာနိုင်ငံ လူ့အခွင့်အရေး ချိုးဖောက်မှုကို ရှုတ်ချပြီး ၂ဝ၁ဝ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတမှု မရှိဘူးဟု ယမန်နေ့ ကုလအထွေထွေညီလာခံ လူ့အခွင့်အရေး ကော်မတီ၏ ဆုံးဖြတ်ချက် ...

နယူးဒေလီ (မဇ္စျိမ) ။     ။ မြန်မာနိုင်ငံ လူ့အခွင့်အရေး ချိုးဖောက်မှုကို ရှုတ်ချပြီး ၂ဝ၁ဝ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတမှု မရှိဘူးဟု ယမန်နေ့ ကုလအထွေထွေညီလာခံ လူ့အခွင့်အရေး ကော်မတီ၏ ဆုံးဖြတ်ချက်ကို အိန္ဒိယက ကန့်ကွက်ခြင်းသည် မြန်မာပြည်အပေါ် စိတ်စေတနာ နည်းပါးကြောင်း NCGUB ခေါ် အမျိုးသားညွန့်ပေါင်းအစိုးရက ဝေဖန်သည်။

၁၉၂ နိုင်ငံ ပါဝင်သည့် လူ့အခွင့်အရေးကော်မတီက မြန်မာ့လူ့အခွင့်အရေး ချိုးဖောက်မှုကို ရှုတ်ချပြီး ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတမှု မရှိကြောင်း ဆုံးဖြတ်ရာ ထောက်ခံမဲ ၉၆၊ ကန့်ကွက် ၂၈၊ ကြားနေ ၆ဝ အနက် အိန္ဒိယက ကန့်ကွက်သည့်အပေါ် နယူးဒေလီ၌ နေထိုင်သည့် NCGUB ပြန်ကြားရေးဝန်ကြီး ဒေါက်တာတင့်ဆွေက ဝေဖန်ခြင်း ဖြစ်သည်။

“ဗမာပြည်အရေးထက် သူ့နိုင်ငံရဲ့ ကိုယ်ကျိုးစီးပွားကို ကြည့်တဲ့ သဘောပါ။ ဒီနိုင်ငံတွေရဲ့ နိုင်ငံရေး အရည်အသွေး ဗမာပြည်ပေါ်ထားတဲ့ စိတ်စေတနာကို ပိုပြီးတော့ နားလည်ရတယ်” ဟု ဒေါက်တာတင့်ဆွေက ပြောသည်။

သူက ဆက်ပြီး “အိန္ဒိယက ကန့်ကွက်မဲတို့၊ ကြားနေမဲတို့၊ ထပြီး ဝေဖန်တာတို့ အတော်လေး ကြာသွားပြီ။ လုံခြံုရေးကောင်စီမှာ နေရာရဖို့ အပြင်းအထန် ကြိုးစားနေတယ်။ မဲလိုတော့ သူ့မဲပေးအောင်ဆိုပြီး ဘက်မလိုက်ဆိုတဲ့ နိုင်ငံတွေထဲက မဲတွေရဖို့အတွက် ကြိုးစားနေတယ်။ ဘယ်လောက်ပဲ အိန္ဒိယမှာ နေပြီး လုပ်နေနေ အာဏာရတဲ့ အစိုးရ၊ အတိုက်အခံ အစိုးရဖြစ်ဖြစ် လုပ်ပေမယ်လို့ သူ့နိုင်ငံရဲ့ အကျိုးစီးပွားကို ကျော်ပြီး မလုပ်နိုင်ဘူး” ဟု ပြောသည်။

လူ့အခွင့်အရေး ကော်မတီ၏ မြန်မာ့အရေး ဆုံးဖြတ်ချက်ကို ကန့်ကွက်သည့် ၂၈ နိုင်ငံမှာ အိန္ဒိယ၊ တရုတ်၊ ကမ္ဘောဒီးယား၊ ရုရှား၊ ကျူဘား၊ မြောက်ကိုရီးယား၊ အီဂျစ်၊ အယ်လ်ဂျီရီးယားနှင့် အီရန်တို့ ပါဝင်သည်။

မြန်မာ့အရေး သဘောထားပြောင်းလဲရန် အိန္ဒိယပြည်သူများအပေါ် မူတည်ကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယခုလ ၁၇ ရက်နေ့တွင် မဇ္စျိမကို ပြောဆိုခဲ့သည်။

’’ဒီမိုကရေစီနိုင်ငံဆိုတော့ ပြည်သူလူထုက နိုးကြားတက်ကြွပြီးတော့ မြန်မာနိုင်ငံ ဒီမိုကရေစီအရေးအတွက် လုပ်ဆောင်ပေးချင်တဲ့ စိတ်ဓာတ်တွေရှိရင် ပါလီမန်နဲ့ အစိုးရကလည်း လျစ်လျူရှုထားလို့ ရမှာမဟုတ်ဘူး။ အဲဒါကြောင့်မလို့ ပထမဆုံး ခြေလှမ်းက အိန္ဒိယ ပြည်သူလူထုအနေနဲ့ အန်တီတို့ ဒီမိုကရေစီ လှုပ်ရှားမှု အကြောင်းကို ပိုပြီး သိဖို့၊ ထောက်ခံလာဖို့ လိုတယ်’’ ဟု သူက ဆိုသည်။

ကုလသည် ကမ္ဘာပေါ်ရှိ အစိုးရများ၏ နိုင်ငံတကာ စင်မြင့်ဖြစ်ပြီး အထွေထွေ ညီလာခံကို အစိုးရ ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားသည်။

အစိုးရများ မကြိုက်သည့် ကိစ္စများကို ကုလသည် အများအားဖြင့် လုပ်ပေးနိုင်စွမ်း မရှိကြောင်း ဒေါက်တာတင့်ဆွေက ပြောဆိုသည်။

“အရေးကြီးတာက လုံခြံုရေးကောင်စီကပဲ ဖြစ်ပါတယ်။ လုံခြံုရေးကောင်စီ ရောက်အောင်လည်း ကျနော်တို့ ကြိုစားနေတာ။ အခု အစီအစဉ်ထဲတော့ ရောက်သွားပြီပေါ့လေ။ သို့သော်လည်း ဆုံးဖြတ်ချက်အထိ ရောက်မလာသေးတဲ့အတွက် ကုလသမဂ္ဂက အရာမရောက်တဲ့ အဆင့်ပဲ ရှိပါသေးတယ်” ဟု သူက ဆိုသည်။

Most read this week