ကရင်ပြည်နယ်၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်အတွင်း တည်ဆောက်ထားသည့် ရွှေကျင်ရေကာတာမှ ဆည်ရေ မြင့်တက်လာခြင်းကြောင့် ယခုလအတွင်း ရွာပေါင်း ၄ ရွာတွင် ရေလွှမ်းမိုးသည့်အတွက် ရွာသူရွာသား ၅၀၀ ကျော်မှာ အိုးမဲ့အိမ်မဲ့ ဖြစ်ကာ အခြားနေရာများသို့ ပြောင်းရွှေ့....
ကရင်ပြည်နယ်၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်အတွင်း တည်ဆောက်ထားသည့် ရွှေကျင်ရေကာတာမှ ဆည်ရေ မြင့်တက်လာခြင်းကြောင့် ယခုလအတွင်း ရွာပေါင်း ၄ ရွာတွင် ရေလွှမ်းမိုးသည့်အတွက် ရွာသူရွာသား ၅၀၀ ကျော်မှာ အိုးမဲ့အိမ်မဲ့ ဖြစ်ကာ အခြားနေရာများသို့ ပြောင်းရွှေ့နေထိုင်ရသည်ဟု ဒေသခံတဦးက ပြောသည်။
“အခု အဲဒီဒေသမှာ ရေလွှမ်းမိုးတာ သစ်ပင်တွေဆိုရင် ဟိုးထိပ်အထိ ရေတက်တာ။ အိမ်တွေက အကုန်မြှုပ်တာပေါ့။ လူထုတွေ အကုန်ပြောင်းရတယ်။ အခုလက်ရှိ ရေလွှမ်းမိုးတဲ့ တနေးဖား၊ ကျောက်နဂါး၊ သရက်ချောင်းနဲ့ ထီးကေထာ့မှ ရွာသူရွာသား ၅၀၀ ကျော်ဟာ နီးစပ်ရာ ဒေသတွေမှာ ပြောင်းနေရတယ်” ဟု ညောင်လေးပင်ဒေသအတွင်း နေထိုင်သူ ဖူးခါးချူးက ကေအိုင်စီကို ပြောသည်။
ထိုဒေသအတွင်း နေထိုင်သော ရွာသူရွာသားအများစုသည် တောင်ယာ၊ ဓညင်းခြံ၊ ရှောက်ခြံများဖြင့် အသက်မွေးဝမ်းကြောင်း ပြုကြပြီး ၎င်းတို့ ဒေသအတွင်း ယခုလို ရေလွှမ်းမိုးသည့်အတွက်ကြောင့် ဥယျာဉ်ခြံ ဧကပေါင်း ၁၀,၀၀၀ ကျော်ခန့် ရေမြှပ် ပျက်စီး ကုန်သည်ဟု ထိုဒေသခံက ဆိုသည်။
ဤဒေသတွင် ရေကြီးမှု ဖြစ်ပွားနေသည်မှာ သြဂုတ်လကတည်း ဖြစ်ပြီး ရေကာတာမှ ရေများ မြင့်တက်လာကာ ကျေးရွာ များကို ရေလွှမ်းမိုးသွားခြင်း ဖြစ်သည်ဟု ကော်သူးလေ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (FTUK) မှ စည်းရုံးရေး တာဝန်ခံ စောလေစေးက ယခုလို ပြောသည်။
သူက “ဒီဒေသမှာ ရေကြီးနေတာ သြဂုတ်လကတည်းကပဲ။ ရေက လျော့မသွားတော့ ရေကာတာထဲက ရေတွေကလည်း ပိုများလာတာပေါ့။ ဒါကြောင့် အနီးတ၀ိုက်က ရွာသားတွေရဲ့ နေအိမ်တွေ၊ လယ်နဲ့ ဥယျာဉ်ခြံတွေ ရေလွှမ်းကုန်တာပေါ့” ဟု ဆိုသည်။
အဆိုပါ ရေကာတာ စီမံကိန်း စတင်စဉ်ကတည်းက ရေကာတာ တည်ဆောက်သည့်နေရာ အနီးတ၀ိုက်တွင် နအဖ စစ်တပ်မှ လာရောက် နယ်မြေ ရှင်းလင်းခဲ့ကာ ထိုဒေသတွင်းရှိ စူးမုထာ၊ ဆီးဆိုကုန်း၊ ပိုလို၊ ဒူဘော၊ ညာ့မူကြီး၊ ကေဆာ၀ါးကြီး၊ လယ့်ဝါးစသည့် ကျေးရွာများမှ ရွာသူရွာသားများသည် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို အကုန်စွန့်ပစ်ထားခဲ့ရပြီး အိုးမဲ့အိမ်မဲ့အဖြစ် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
ရွှေကျင် ရေကာတာကို မြန်မာစစ်အစိုးရက တရုတ်နိုင်ငံရှိ ကျွမ်းကျင် အင်ဂျင်ယာများကို ခေါ်ယူပြီး ၂၀၀၀ ခုနှစ်က စတင် အကောင်အထည် ဖော်ခဲ့ကာ ပြီးခဲ့သော ၂၀၀၉ ခုနှစ် ဒီဇင်ဘာလတွင် စတင်ရေသိုလှောင်ခဲ့သည်ဟု ကရင်မြစ်ချောင်း စောင့်ကြည့်ရေးအဖွဲ့ (KRW) မှ နော်ဖောဂေခူက ကေအိုင်စီကို ပြောသည်။
သူမက “ဒီရေကာတာက ၂၀၀၀ ခုနှစ်ကတည်းက စတင်ခဲ့တာပါ။ မနှစ်က ဒီဇင်ဘာမှာ စပြီးတော့ ရေစသိုလှောင်တယ်။ ရေက တဖြည်းဖြည်း မြင့်တက်သွားတာပေါ့နော်။ အဲဒီ ရေကာတာကြောင့် အနီးတ၀ိုက်က ကျေးရွာပေါင်း ၂၀ ကျော် ပျက်စီးတယ်။ အဲဒီ ဒေသမှာ လူထုဘယ်လောက် ရှိတယ်။ အဲဒီရေကာတာက ရလာတဲ့ လျှပ်စစ်စွမ်းအင်တွေကို ဘယ်နေရာမှာ သုံးမယ်ဆိုတာ ကျမတို့ လုပ်ဖော်ကိုင်ဖက်တွေ ကွင်းဆင်းလေ့လာနေဆဲပါ” ဟု ဆိုသည်။
မြန်မာစစ်အစိုးရသည် ထိုင်း၊ တရုတ် ကုမ္ပဏီများနှင့် ပူးပေါင်းပြီး ကရင်ပြည်နယ်၊ ကေအဲန်ယူ ထိန်းချုပ်ရာခရိုင် ၇ ခု အတွင်းတွင် တည်ဆောက်ပြီးစီးသည့် ရေကာတာနှင့် တည်ဆောက်ဆဲ ရေကာတာ အားလုံး စုစုပေါင်း (၇) ခု ရှိသည်ဟု KRW က ဆိုသည်။