စပါးဖျက်ပိုးနှင့် ကြွက်များ စားသောက်ဖျက်ဆီးသဖြင့် ကချင်ပြည်နယ်မြောက်ပိုင်း ခရိုင် ၃ ခရိုင်အတွင်းရှိ ကျေးရွာ ၅၀ ခန့်တွင် မကြာမီ ရိပ်သိမ်းမည့် ကောက်စော စပါးခင်းများ ပျက်စီး.....
စပါးဖျက်ပိုးနှင့် ကြွက်များ စားသောက်ဖျက်ဆီးသဖြင့် ကချင်ပြည်နယ်မြောက်ပိုင်း ခရိုင် ၃ ခရိုင်အတွင်းရှိ ကျေးရွာ ၅၀ ခန့်တွင် မကြာမီ ရိပ်သိမ်းမည့် ကောက်စော စပါးခင်းများ ပျက်စီးသွားကြောင်း သိရသည်။
anti1ပူတာအို၊ လော့ခေါင်နှင့် ဆွမ်ပရာဘွမ်ခရိုင်များ အတွင်းရှိ KIO ထိန်းချုပ်သော ကျေးရွာများတွင် ဖြစ်ပွား နေပြီး လုံးပတ် ၂ စင်တီမီတာ၊ အရှည် ၂ စင်တင်မီတာခွဲခန့်ရှိ အဖြူရောင် “ဖိုးလမင်းကျိုင်း” (ကချင် ဘာသာ စကားဖြင့် “နွန်״) ဟု ခေါ်သည့် စပါးဖျက်ပိုးနှင့် ကြွက်များက ယခုလလယ်ခန့်တွင် ကိုက်ဖြတ်စားသောက် ခဲ့ကြ သဖြင့် ၃ ခရိုင်အတွင်းရှိ ကျေးရွာ ၅၀ ခန့် စပါးခင်းများ ပျက်စီးသွားကြောင်း ဒေသခံများအဆိုအရ သိရခြင်း ဖြစ်သည်။
“စပါးပင် ဖျက်ပိုးကောင်တွေနဲ့ ကြွက်တွေ ကျေးရွာ အတော်များများမှာရှိတဲ့ တောင်ယာစပါးတွေကို ဖျက်ဆီး နေတယ်။ မနှစ်ကလည်း ဒီလိုပဲ စပါးပင်တွေ ဖျက်ဆီး ခံရပါတယ်။ အချို့တောင်ယာမှာဆို အကုန်လုံးနီးပါး ဖျက်ဆီးခံရတယ်’’ ဟု ပူတာအိုခရိုင်မှ ဒေသခံ တဦးက မဇ္ဈိမကို ပြောသည်။
ပြီးခဲ့သည့် ဧပြီလနှင့် မေလအတွင်း စိုက်ပျိုး၍ လာမည့်လ အတွင်း ရိပ်သိမ်းမည့် ကောက်စော စပါးခင်းများ ပျက်စီး ကုန်သဖြင့် တောင်ယာစပါးကို အဓိကထား စိုက်ပျိုးစားသောက်နေသော ဒေသခံများအနေဖြင့် ယခုအခါ စားဝတ် နေရေး ခက်ခဲနေကြရသည်။
ကျိုင်းကောင်များမှာ တကြိမ် ဝင်ရောက်ပါက ၃ နှစ်မှ ၅ နှစ်အထိ ဆက်လက်ကျရောက်တတ်ကြောင်း KIO အရာရှိတဦး ယခင်က မဇ္စျိမကို ပြောသည်။ ထိုဒေသများအတွင်း ယခုလို ဖျက်ဆီးခံရမှုမှာ ၂ နှစ် ဆက်တိုက်ရှိပြီ ဖြစ်သည်။
ပြီးခဲ့သည့် နှစ်ထဲတွင်လည်း ပူတာအိုခရိုင် မချမ်းဘောမြို့နယ် အနောက်ဘက် မလိခရန်ဝလောင်နှင့် လော့ကောင် ဒေသများရှိ ကျေးရွာပေါင်း ၆၀ ကျော်မှ တောင်ယာစပါးများကို စပါးဖျက်ပိုးနှင့် ကြွက်များက ကိုက်ဖြတ်သဖြင့် ဒေသခံ ၄၀၀၀ ခန့် စားနပ်ရိက္ခာ လိုအပ်မှု ကြုံတွေ့ခဲ့ရသည်။
KIO ဗဟိုကော်မတီဝင်ဖြစ်သူ ဒေသဖွံ့ဖြိုးရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးဆင်ဝါး၏ အဖွဲ့နှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ရဲမှူးကြီး မောင်မောင်လွင်တို့အဖွဲ့က သွားရောက်ကြည့်ရှု၍ ဆန်အိတ် ၁၀၀၀ ထောက်ပံ့ခဲ့သေးသည်။
ထိုနှစ် ဧပြီလထဲတွင် အစိုးရမဟုတ်သော NGO အဖွဲ့ဖြစ်သည့် မေတ္တာဖောင်ဒေးရှင်းကလည်း ဆန်အိတ် ၁၀၀၀ ကူညီထောက်ပံ့ခဲ့ကြောင်း KIO အဖွဲ့နှင့် နီးစပ်သူ တဦးက ပြောသည်။
မေတ္တာဖောင်ဒေးရှင်းသည် မကြာသေးခင်က စက်လှေ ၃ စီးဖြင့် ဆန်အိတ် ၇၀၀ သယ်ဆောင်လာရာ အင်ဂျန်းယန် ခရိုင် တိယန်ဇွပ်ကျေးရွာအရောက် အမှတ် ၂ စစ်ဗျူဟာမှူး အမိန့်ဖြင့် သယ်ဆောင်ခွင့် တားမြစ် ခဲ့ကြောင်း အဖွဲ့ဝန်ထမ်းတဦးက ပြောသည်။
“ဘေးအန္တရာယ်ကျရောက်တဲ့ ပြည်သူတွေအတွက် ကျနော်တို့ လူသားချင်းစာနာထောက်ထားပြီး လှူဒါန်းတာကို ဘာဖြစ်လို့ ဖြတ်သန်းသယ်ဆောင်ခွင့် မပြုတာလဲ မသိဘူး။ ကျနော်ထင်တာက KIO အုပ်ချုပ်မှုအောက်က ကျေးရွာတွေ ဖြစ်တဲ့အတွက် ကူညီထောက်ပံ့ဖို့ ခွင့်မပြုတာဘဲ ဖြစ်နိုင်တယ်” ဟု သူက မဇ္စျိမကို ဆက်ပြောသည်။ တားမြစ်ခံရသဖြင့် ဆန်အိတ်များကို မြစ်ကြီးနားမြို့သို့ ပြန်လည်သယ်ယူခဲ့ကြရသည်။
နယ်ခြားစောင့်တပ် ဖွဲ့စည်းရန် KIO က ငြင်းဆိုထားသော်လည်း စစ်အစိုးရက မနက်ဖြန်တွင် နောက်ဆုံးထား ပြန်ကြားရန်အတွက် ထပ်မံတောင်းဆိုထားပြီး ဖြစ်သည်။
KIO အစည်းအဝေး ကျင်းပနေသဖြင့် ယခုနှစ် စပါးဖျက်ပိုးနှင့် ကြွက်များ ကိုက်ဖျက်ဆီးမှု အသေးစိတ် အခြေ အနေကို မသိသေးကြောင်း ဗိုလ်မှူးကြီး ဆင်ဝါးက မဇ္စျိမကို ပြောသည်။