မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခွင့်ပြုပါရန် ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချ်ချာချီဝ၏ မေတ္တာရပ်ခံချက်ကို စစ်အစိုးရက နောက်ဆုံးတွင် ယခုအပတ်က လက်ခံခွင့်ပြု....
မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခွင့်ပြုပါရန် ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချ်ချာချီဝ၏ မေတ္တာရပ်ခံချက်ကို စစ်အစိုးရက နောက်ဆုံးတွင် ယခုအပတ်က လက်ခံခွင့်ပြုလိုက်ပြီဖြစ်သည်။
ယင်းသတင်းကို အိမ်ရှင်နိုင်ငံ၏ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဘန်ကောက်မြို့တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ် အပြီး အတည်ပြု ပြောကြားလိုက်ခြင်း ဖြစ်သည်။
ထိုင်းဝန်ကြီးချုပ် အဖိစစ်ဝိချ ချိ၀ မြန်မာနိုင်ငံသို့ လည်ပတ်ရန်အတွက် အစိုးရကခွင့်ပြု
နှစ်နိုင်ငံ အကျိုးတူ ဆက်ဆံရေး တိုးတက်ရေးအတွက် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ခေါင်းဆောင်များနှင့် တွေ့ဆုံလိုကြောင်း ၎င်း၏ ရိုးသားဖြူစင်သော ဆန္ဒကို အဖိဆစ်က ထုတ်ဖော် ပြောကြား ခဲ့သည်ဟု ထိုင်းခေါင်းဆောင်၏ ရုံးနှင့် နီးစပ်သော သတင်းရပ်ကွက်က ပြောသည်။ ဝန်ကြီးချုပ်၏ ခရီးစဉ်ကို ယခုတပတ် သောကြာနေ့တွင် စတင်မည်ဟုလည်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ဖော်ပြောဆိုသည်။
နအဖ၏ လူ့အခွင့်အရေး မှတ်တမ်းနှင့် ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများအပေါ် မနှစ်မြို့ကြောင်း ဒီမိုကရေစီပါတီ ဦးဆောင်သော ထိုင်းညွန့်ပေါင်း အစိုးရက မကြာသေးမီက ထုတ်ဖော်ပြောဆိုခဲ့သည်။ သို့သော် စစ်အစိုးရ၏ တောခေါင်ခေါင် မြို့တော်သစ် နေပြည်တော်မှ အရာရှိတဦးကမူ ထိုင်းနိုင်ငံ၏ သူ၏ အနောက်ဘက် နယ်နိမိတ်ရှိ စစ်ဗိုလ်ချုပ်ကြီးများအပေါ် သြဇာအာဏာ သက်ရောက်မှုကို ခပ်နှိမ်နှိမ် တုံ့ပြန်ပြောဆိုခဲ့သည်။
’’မြန်မာအစိုးရက ထိုင်းအစိုးရနဲ့ အေးအေးဆေးဆေး ကစားနိုင်တယ်။ ပြည်သူ့ဆက်ဆံရေး လုပ်ငန်းတခုအနေနဲ့ပဲ ကစားနေတာ။ တရုတ်နဲ့ အမေရိကန်လို နိုင်ငံမျိုးနဲ့တောင် ဒီလို ကစားရဲတဲ့ ဗိုလ်ချုပ်ကြီးတွေအတွက် ထိုင်းအစိုးရ ဆိုတာ ဘာမှမဟုတ်ဘူး’’ ဟု အဆိုပါ အရာရှိက ပြောဆိုခဲ့သည်။
ယခုခရီးစဉ်မှ အဖိဆစ်အနေဖြင့် စစ်အစိုးရထံမှ များများစားစား မျှော်လင့်ထားခြင်းမရှိဘဲ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့် ရလိမ့်မည်ဟုလည်း မျှော်လင့်မထားကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူက ပြောဆိုသည်။
၁၉၉ဝ ခုနှစ်နောက်ပိုင်း စစ်အာဏာရှင် စနစ်အောက်တွင် ပထမဆုံးအကြိမ် ကျင်းပမည့် ရွေးကောက်ပွဲမတိုင်မီ သူ၏ မြန်မာနိုင်ငံသို့ ပထမဆုံး တရားဝင် အလည်အပတ် ခရီးစဉ်အနေဖြင့် ယခုလအတွင်း သွားရောက် လည်ပတ်မည်ဟု အဖိဆစ်က ယခုလ အစောပိုင်းတွင် ကြေညာခဲ့သည်။ အဆိုပါ ၁၉၉ဝ ရွေးကောက်ပွဲတွင် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD က အပြတ်အသတ် အနိုင်ရရှိခဲ့သည်။
အင်းယားကန်ကို ဖြတ်ကူးကာ သူမ၏ နေအိမ်အတွင်း တိတ်တဆိတ် ဝင်ရောက်လာခဲ့သော မဖိတ်ခေါ်သည့် ဧည့်သည် အမေရိကန်လူမျိုး ဂျွန်ဝီလျံယက်တောကို လက်ခံခဲ့သည့်အတွက် နေအိမ် အကျယ်ချုပ် စည်းကမ်းများကို ဖောက်ဖျက်သည်ဟုဆိုကာ အင်းစိန်ထောင်တွင် ပြီးခဲ့သည့်နှစ်က တရားစွဲဆို ရမန်ယူပြီးနောက် အဖိဆစ်က မြန်မာဝန်ကြီးချုပ် ဦးသိန်းစိန်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးပါရန် တိုက်တွန်း တောင်းဆိုခဲ့သည်ဟု ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။
လွန်ခဲ့သော ၂၁ နှစ်အတွင်း အနည်းဆုံး ၁၅ နှစ်မျှ ဒေါ်အောင်ဆန်းစုကြည်ကို ပုံစံအမျိုးမျိုးဖြင့် ထိန်းသိမ်း ထားခဲ့သည်။ ယင်းနောက် ထိုသို့ အမေရိကန်လူမျိုးတဦး သူမနေအိမ်အတွင်း ကျူးကျော် ဝင်ရောက်လာခြင်းကို အကြောင်းပြကာ ဆက်လက် ထိန်းသိမ်းထားခဲ့သည်။ လာမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် အရွေးခံခြင်း မပြုနိုင်ရန်လည်း တားမြစ်ခံထားရသည်။ ယခု ကျင်းပမည့် ရွေးကောက်ပွဲသည် ဗိုလ်ချုပ်ကြီးများ အာဏာတည်မြဲရေးအတွက် ဒီမိုကရေစီ မျက်နှာဖုံးစွပ်ထားသော အတုအယောင် ရွေးကောက်ပွဲမျှသာ ဖြစ်သည်ဟုလည်း အများက ကျယ်ပြန့်စွာ ရှုမြင်သုံးသပ်နေကြသည်။
အဖိဆစ်၏ အလည်အပတ် လာရောက်ခွင့်ပြုရန် မေတ္တာရပ်ခံချက်ကို အချိန်ကာလအားဖြင့် မသင့်တော်သေး ဟုဆိုကာ ဝန်ကြီးချုပ် ဦးသိန်းစိန်က ပယ်ချခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန်လည်း ထိုင်း နိုင်ငံခြားရေးဝန်ကြီး ကဆစ် ဖိရူမ်း Kasit Piromya က ကြိမ်ဖန်များစွာ မေတ္တာရပ်ခံခဲ့သော်လည်း လက်ရှိ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူနေသော ထိုင်းနိုင်ငံ၏ အဆိုပါ မေတ္တာရပ်ခံချက်ကို စစ်အစိုးရက လျစ်လျူရှုခဲ့သည်။
အမေရိကန် အစိုးရက မြန်မာအစိုးရနှင့် ထိတွေ့ဆက်ဆံရေးမူဝါဒသစ် ချမှတ်ပြီးနောက် ထိုင်းအစိုးရက ယင်း၏ ချဉ်းကပ်ဆောင်ရွက်မှုများကို လျှော့ချခဲ့သည်။
ဝါရှင်တန်ရှိအစိုးရက ယင်း၏ မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံရေးမူဝါဒ ချမှတ်ခဲ့သည့်အချိန် ပြီးခဲ့သည့်နှစ်က ကျင်းပသော ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် ထိုင်းအစိုးရကလည်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရေးကို တောင်းဆိုခြင်း မပြုခဲ့တော့ပေ။ ထိုညီလာခံ ကျင်းပနေစဉ်အတွင်း ယခင် ဝါရှင်တန်ဆိုင်ရာ မြန်မာသံအမတ်ဟောင်းနှင့် လက်ရှိ သိပ္ပံနှင့် နည်းပညာဝန်ကြီး ဦးသောင်း၊ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း တို့ကို အမေရိကန် ပြည်ထောင်စု မြို့တော်ဝါရှင်တန်သို့ သွားရောက်လည်ပတ်ခွင့်ပြုခဲ့သည်။ ဦးသောင်းသည် မြန်မာ့နျူကလီးယား လက်နက်ထုတ်လုပ်ရေး အစီအစဉ်ကို ကြီးကြပ်ဆောင်ရွက်ရသူ ဖြစ်သည်။
ယင်းအချက်သည် အမေရိကန်၏ ယခင်ဦးစားပေး အစီအစဉ်တရပ်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်ကို ကူညီဆောင်ရွက်ရေးတည်းဟူသော အချက်မှ စတင်ပြောင်းလဲလိုက်ခြင်းကို ပြသနေသည့် လက္ခဏာပင် ဖြစ်သည်ဟု မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အမေရိကန်ရေးရာဌာနခွဲတွင် တာဝန်ထမ်းဆောင်နေသော အလတ်တန်း မြန်မာသံတမန် အရာရှိတဦးက ပြောဆိုသည်။
’’အမေရိကန် ဥပဒေပြုလွှတ်တော် အမတ်များနှင့် အမေရိကန်အစိုးရတို့က ဒေါ်အောင်ဆန်းစုကြည်ကို ပစ်ပယ်ထား လိုက်ကြပြီဖြစ်သည်။ အကြောင်းမှာ အမျိုးသားရေး လုံခြံုရေးဆိုင်ရာ စိုးရိမ်ပူပန်စရာများ နအဖ၏ နျူကလီးယား ရည်မှန်းချက်များ ထွက်ပေါ်လာအပြီး ပေါ်ပေါက်လာခဲ့ခြင်းကြောင့်ပင်ဖြစ်သည်’’ ဟု အဆိုပါ အရာရှိက ပြောဆိုသည်။
’’သဘောတူညီချက်ရထားပြီးသား မဟာစီမံကိန်းကြီးတွေကို စစ်အစိုးရက အပြီးသတ်ချင်နေတယ်။ ရွေးကောက်ပွဲ အပြီး နောက်အစိုးရ တက်မလာခင် အိတ်ထဲရသလောက် ထည့်ထားချင်တယ်။ အခုတော့ သူတို့က ၁ဝဝ % ချုပ်ကို်င် ထားနိုင်တာ။ ဒါပေမဲ့ နောင်မှာ ဘာဖြစ်မယ်ဆိုတာက မသေချာဘူး။ ဒါကြောင့် သူတို့က ဒီစီမံကိန်း တွေကို အမြန်အပြီးသတ်ချင်နေကြတာ’’ ဟု အမည်မဖော်လိုသော မြန်မာစီးပွားရေး လုပ်ငန်းရှင်တဦးက ပြောဆိုသည်။
ဟနွိုင်းတွင် ကျင်းပခဲ့သော ဝန်ကြီးများအဆင့် အစည်းအဝေးအပြီးတွင် သူတို့သည် အာဆီယံအဖွဲ့ကြီးနှင့် ပူးပေါင်းဆောင်ရွက်လိုသည့် ဆန္ဒရှိနေကြောင်း အာဆီယံ ခေါင်းဆောင်များကို သဘောပေါက်နားလည်အောင် ပြောပြပေးရေးအတွက် ထိုင်းအစိုးရ၏ အကူအညီကို စစ်အစိုးရက လိုအပ်နေသည်ဟု အကဲခတ်များက သုံးသပ်ပြောဆိုကြသည်။ ထို့ကြောင့် စစ်အစိုးရသည် ယခုထိုင်းဝန်ကြီးချုပ်၏ ခရီးစဉ်ကို ဤကိစ္စအလို့ငှာ အသုံးချလိမ့်မည်ဟုလည်း သူတို့က ဝေဖန်ပြောဆိုကြသည်။
အဖိစစ်သည် ယင်း၏ ခရီးစဉ်အတွင်း နှစ်နိုင်ငံ နယ်စပ်ကိစ္စများကိုလည်း ဆွေးနွေးမည်ဖြစ်ပြီး အထူးသဖြင့် မဲဆောက်-မြဝတီ နယ်စပ်ကုန်သွယ်ရေးကို ပြီးခဲ့သည့်လ ၂၁ ရက်နေ့ကတည်းက ပိတ်ထားခဲ့မှုအပေါ် ဆွေးနွေး ကြမည်ဖြစ်သည်။
သောင်ရင်းမြစ်အတွင်း ထိုင်းနိုင်ငံက ကမ်းပါးထိန်းနံရံများ တည်ဆောက်ခဲ့သည့်အပေါ် ကန့်ကွက်သည့်အနေဖြင့် မြန်မာနိုင်ငံက ထိုသို့ပိတ်ထားခဲ့ခြင်း ဖြစ်သည်။ ထိုသို့တည်ဆောက်ခဲ့သည့်အတွက် ရေကြောင်းပြောင်းကာ မြန်မာဘက်ခြမ်းရှိ ကမ်းပါးများကို ရေတိုက်စားခဲ့သည်ဟု မြန်မာဘက်က ပြောဆိုသည်။
ထိုသို့ ပိတ်ထားခဲ့ခြင်းကြောင့် ထိုင်းနိုင်ငံအနေဖြင့် ခန့်မှန်းခြေ ဘတ် ၂ဝ ဘီလျံ (အမေရိကန်ဒေါ်လာ သန်း ၆၂ဝ) မျှ ဆုံးရှုံးခဲ့ပြီးဖြစ်သည်ဟု ဘန်ကောက်ပို့စ် သတင်းစာကြီးက ရေးသားဖော်ပြသည်။