မဲဆောက်-မြဝတီ နယ်စပ်ဒေသမှ ချစ်ကြည်ရေးတံတား အပါအဝင် နယ်ခြားကူး ဂိတ်များ ပြန်ဖွင့်ရေးအတွက် လိုက်လျောမှုအနေဖြင့် မြန်မာဘက်ခြမ်းတွင်လည်း ကမ်းပါးကာ နံရံတည်ဆောက်ပေးရန် ထိုင်းဘက်က ဆောက်လုပ်ရေး ပစ္စည်းများ ပို့ဆောင်....
မဲဆောက်-မြဝတီ နယ်စပ်ဒေသမှ ချစ်ကြည်ရေးတံတား အပါအဝင် နယ်ခြားကူး ဂိတ်များ ပြန်ဖွင့်ရေးအတွက် လိုက်လျောမှုအနေဖြင့် မြန်မာဘက်ခြမ်းတွင်လည်း ကမ်းပါးကာ နံရံတည်ဆောက်ပေးရန် ထိုင်းဘက်က ဆောက်လုပ်ရေး ပစ္စည်းများ ပို့ဆောင်လျက်ရှိသည်။
နှစ်နိုင်ငံနယ်စပ် သောင်ရင်းမြစ်ပေါ်တွင် ထိုင်းဘက်က ကမ်းပါးကာ နံရံတည်ဆောက်သည်ကို ကန့်ကွက်သည့် အနေဖြင့် မြန်မာအာဏာပိုင်များက မဲဆောက်-မြဝတီ တံတားအပါအဝင် နယ်စပ်ဖြတ် ဂိတ်ပေါင်း ၂ဝ ခန့်ကို ယခင်လဆန်းမှစ၍ ပိတ်ခဲ့သည်။
သောင်ရင်းမြစ် တနေရာတွင် တဘက်ကမ်းသို့ ဖြတ်ကူးရန် စောင့်နေသောလူတအုပ်
မြန်မာဘက်ခြမ်းတွင် ကမ်းပါးကာနံရံတည်ဆောက်မှုအတွက် ထိုင်းနိုင်ငံမှ အကုန်အကျခံပေးလျှင် ချစ်ကြည်ရေး တံတားကို ပြန်ဖွင့်လှစ်ပေးမည်ဟု မြန်မာစစ်အစိုးရက တောင်းဆိုခဲ့ခြင်းအပေါ် ထိုင်းကုန်သည်ကြီးများ အသင်းက လိုက်လျောပေးခဲ့သည်ဟု ထိုင်းအရာရှိတဦး မဇ္ဈိမကို ပြောသည်။
သို့သော် ပစ္စည်းများ အစုံအလင်ရောက်ရှိမှသာ နယ်စပ်ဂိတ်ကို ပြန်ဖွင့်မည်ဟုဆိုသည်။
“ဒီမြန်မာဘက်ကို ရေတိုက်စားသွားတဲ့ ဥစ္စာကိုလေ ယိုးဒယားဘက်ကနေ အကုန်ကျခံပြီး လုပ်ပေးမှာ။ ကျောက်ခဲတွေ ဘိလပ်မြေတွေတော့ တံတားပေါ်ကနေ သယ်နေတယ်။ မနေ့ကတည်းကနေ ရောက်နေတာ။ ဘိလပ်မြေတော့ သယ်ပြီးသွားပြီ” ဟု အာဏာပိုင်များနှင့် နီးစပ်သည့် မြဝတီမြို့ခံက မဇ္စျိမကို ပြောသည်။
နှစ်နိုင်ငံတာဝန်ရှိသူများ မြဝတီမြို့၌ နှစ်ကြိမ်တိုင် တွေ့ဆုံပြီး ဖြစ်သည်။
ထိုင်းဘက်မှ ကျောက်နှင့် ဘိလပ်မြေ အစီး ၄ဝ ခန့် ချပေးပြီးဖြစ်သည်ဟု အခြားဒေသခံတဦးက ပြောသည်။
နယ်စပ်ဂိတ် ပိတ်ထားသောကြောင့် ကုန်သည်များ အတက်အဆင်း နည်းသွားပြီး မြဝတီမှ ကော့ကရိတ်၊ မော်လမြိုင်၊ ရန်ကုန် အဆင်း အတက် ခရီးသည်ပါးသွားသဖြင့် မြဝတီမြို့ “ခြောက်ကပ်” သွားသည်ဟု နယ်စပ်ကုန်သည်များက ပြောသည်။
သို့သော် နယ်စပ်ဖြတ်ဂိတ်များ ပိတ်ထားသော်လည်း သောင်ရင်းမြစ်တလျှောက်ရှိ် “မလွယ်ပေါက်” များမှ အသွားအပြန် ကျပ် ၄ဝဝဝ ခန့် တရားမဝင်ပေး၍ ကူးနေသူများ ရှိသည်။
“လက်လုပ်လက်စားတွေပဲ ထိခိုက်တာပေါ့။ ထိုင်းနိုင်ငံကို မှီပြီးလုပ်နေတဲ့ ပရိဘောဂလုပ်ငန်း အသေးစားတွေ၊ စျေးသွားရောင်းတဲ့လူတွေ၊ ပန်းထိမ်လုပ်ငန်း၊ စကားပြန်လုပ်ငန်း၊ ကုန်တင်ကုန်ချ အလုပ်သမားတွေရဲ့ မိသားစုတွေအားလုံး အခက်ခဲကို ရင်ဆိုင်ရတာပေါ့။ သူတို့က တနေ့လုပ် တနေ့စားတွေဆိုတော့” ဟု မြို့ခံတဦးကပြောသည်။
မဲဆောက်အခြေစိုက် မြန်မာသတင်းစာ ဆရာတဦးက “မြို့ကတော့ ခြောက်ကပ်ကပ်ပဲပေါ့။ မဲဆောက်စျေး ကလည်း ခပ်ခြောက်ခြောက်ပဲ။ အဓိကက ဟိုဘက်က လူတွေက ဒီဘက်ကို သိပ်မလာကြတော့ အရောင်းဝယ်က သိပ်မဖြစ်ဘူး” ဟု ပြောသည်။
ထိုင်း-မြန်မာ နယ်စပ်တလျှောက် ဂိတ်များမှ နှစ်စဉ် ကုန်သွယ်မှု ပမာဏသည် အမေရိကန်ဒေါ်လာ သန်း ၄၃ဝဝ ခန့်ရှိပြီး မဲဆောက်-မြဝတီလမ်းမှ ကုန်သွယ်မှု ပမာဏမှာ ပြီးခဲ့သည့်နှစ်က အမေရိကန်ဒေါ်လာ ရ၂၄ သန်း ရှိခဲ့ကြောင်း ထိုင်းအစိုးရ ထုတ်ပြန်ချက်များတွင် ပါရှိသည်။
ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံမှ မုတ္တမပင်လယ်ကွေ့ ရတနာနှင့် ရဲတံခွန်လုပ်ကွက်မှ သဘာဝဓာတ်ငွေ့များကို ၁၉၉၈ ခုမှစ၍ ဝယ်ယူနေပြီး၊ မကြာသေးမီကလည်း မုတ္တမပင်လယ်ကွေ့မှပင် လုပ်ကွက် အမှတ် M9 နှင့် M11 တစိတ်တဒေသ ပါဝင်သော ဇောတိက သဘာဝဓာတ်ငွေ့ နယ်မြေတွင် ဓာတ်ငွေ့တူးဖော်ရန် နှစ် ၃ဝ စာချုပ်ကို နေပြည်တော်၌ လက်မှတ်ရေးထိုးခဲ့သေးသည်။