ကချင်ပြည်နယ် မြောက်ပိုင်း အပစ်ရပ်စဲရေးအဖွဲ့များ ထိန်းချုပ်ရာ နယ်မြေများတွင် HIV ဗိုင်းရပ်စ် ကူးစက်မှု နှုန်းသည် တနိုင်ငံလုံးဖြစ်ပွားမှု ပျမ်းမျှနှုန်းထား၏ ၁၆ ဆကျော် များပြား....
ကချင်ပြည်နယ် မြောက်ပိုင်း အပစ်ရပ်စဲရေးအဖွဲ့များ ထိန်းချုပ်ရာ နယ်မြေများတွင် HIV ဗိုင်းရပ်စ် ကူးစက်မှု နှုန်းသည် တနိုင်ငံလုံးဖြစ်ပွားမှု ပျမ်းမျှနှုန်းထား၏ ၁၆ ဆကျော် များပြားနေသဖြင့် ကူညီထောက်ပံ့မှုများ အလုံ အလောက် မရရှိပါက ဘေးအန္တရာယ် ကပ်ဆိုးကြီးတခုအဖြစ် ကြံုတွေ့ရနိုင်ကြောင်း စိုးရိမ်မှုများ ဖြစ်ပေါ်နေသည်။
ဒေသတွင်း NGO အဖွဲ့အစည်းတခုက ကချင်အထူးဒေသနှစ်ခု၌ သုံးလတာ ကွင်းဆင်း လေ့လာခဲ့ရာတွင် အနိမ့်ဆုံး လူဦးရေ၏ ၁၁ ရာခိုင်နှုန်းမှာ HIV ဗိုင်းရပ်စ်ပျံ့မှုရှိနေကြောင်း တွေ့ရှိရသည်။ ၂ဝဝ၈ ခုနှစ်က ကောက်ယူ ခဲ့သော စာရင်းများအရ မြန်မာနိုင်ငံတဝှမ်းလုံးတွင် ပျှမ်းမျှအတိုင်းအတာမှာ ဝ.၆၇ ရာခိုင်နှုန်းဖြစ်သည်ဟု ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) အစီရင်ခံစာတွင် ဖော်ပြထားသည်။
ပန်ဝါ၊ ကန်ပိုက်တီ၊ ချီဗွေမြို့များပါရှိသော ကချင်အထူးဒေသ ၁ ကို ကချင်ဒီမိုကရေစီသစ် တပ်မတော် (NDAK) က ထိန်းချုပ်ထားပြီး လိုင်ဇာ၊ မိုင်ဂျာယန်ပါဝင်သော အထူးဒေသ ၂ ကို ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) က ထိန်းချုပ်ထားသည်။
“အခု ဖြစ်နေတဲ့အဆင့်က ကြောက်စရာကောင်းတဲ့ အဆင့်ရောက်နေပြီ၊ HIV နဲ့ ပတ်သက်ပြီး အသက် ၁၅ နှစ် ကနေ ၃၅ နှစ်ကြားမှာရှိတဲ့ လူငယ်တွေမှာ အဖြစ်များနေတယ်။ ပြီးတော့ ဒီမှာဆေးသောက်နေတာ (အိတ်ချ် အိုင်ဗီနှင့် နေထိုင်သူ) ၅ဝဝ-၆ဝဝ လောက်ရှိတယ်”ဟု အမည်မဖော်လိုသူ ကေအိုင်အိုအဖွဲ့မှ အရာရှိတဦးက ပြောသည်။
HIV နှင့် နေထိုင်သူများကို အစိုးရမဟုတ်သော အဖွဲ့အစည်း (အန်ဂျီအို) များ၏ တိုက်ရိုက်ကူညီမှု ယခုနှစ်အတွင်း ရပ်ဆိုင်းသွားခြင်းနှင့် ဒေသအတွင်းသို့ ကျန်းမာရေးအဖွဲ့အစည်းများ ဝင်ရောက်ခွင့် ကန့်သတ်မှုများ ရှိနေ ခြင်းကြောင့် ကချင်ပြည်နယ်အတွက် စိတ်ပူစရာ ဖြစ်နေသည်ဟု သူက ဆက်ပြောသည်။
“ကျနော်တို့ ကေအိုင်အိုတွေက တော်လှန်ရေးပဲလုပ်တာ ဘယ်က ပိုက်ဆံရမှာလဲ။ AZG တွေပဲ ကူညီနေနိုင် ရင်တော့ သိပ်ကောင်းမှာပေါ့။ သူတို့အကူအညီကလည်း မလုံလောက်ဘူး။ မလောက်တဲ့အပြင် NGOတွေကို ဝင်ဖို့ အစိုးရက ပိတ်ထားတာလေ၊ နောက်ပြီး မူးယစ်ဆေးဝါးတွေ ရပ်သွားတာလည်း မရှိဘူး”ဟု အခြားသော ကေအိုင်အို အရာရှိတဦးက မဇ္ဈိမကို ပြောသည်။
၂ဝဝ၈ ခုနှစ်က HIV တိုက်ဖျက်နိုင်ရန် နယ်သာလန်အခြေစိုက် AZG အဖွဲ့ကို KIO ၏ ထိန်းချုပ်သည့် လိုင်ဇာ မြို့သို့ ဝင်ခွင့်ပြုရန် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်(မပခ)သို့ တောင်းဆိုခဲ့သော်လည်း ထိုစဉ်က တိုင်းမှူးက ဗိုလ်ချုပ် အုန်းမြင့်က “လုံးဝ”ခွင့်မပြုကြောင်း တုံ့ပြန်ခဲ့သည်။ ယခုတိုင်လည်း AZG အဖွဲ့ကို ကချင်အထူးဒေသသို့ ဝင်ရောက်လုပ်ကိုင်ခွင့် ပိတ်ပင်ထားသည်။
“ဒီထက်လျှော့လိုက်ရင်တော့ သိပ်စိုးရိမ်စရာကို ရောက်နိုင်တယ်။ မလုပ်ဘူးဆိုရင် ပိုစိုးရိမ်ရတယ်။ အခုလုပ်နေ တာတောင် ဒီရောဂါတိုက်ဖျက်ဖို့ အများကြီးလိုသေးတယ်။ ပညာပေးမှုက အချိန်အများကြီးပေးရအုံးမယ်” ဒေသတွင်း NGO အဖွဲ့တခုမှ ဝန်ထမ်းတဦးက ပြောသည်။
ကွယ်လွန်သူ KIO အဖွဲ့၏ ဥက္ကဌ မရန်ဘရန်ဆိုင်းက ကချင်လူထုအတွင်း HIV/AIDS ကို ဝါးမျိုသွားမှာ စိုးရိမ် သည့် အတွက် စစ်အစိုးရနှင့် အပစ်ရပ်စဲခဲ့ရန် အကြောင်းအရင်းတခုအနေဖြင့် ပါဝင်ခဲ့သည်ဟု ဝါရင့် ကချင် အရာရှိတဦးက ပြန်ပြောသည်။
“ကျနော်တို့ တော်လှန်ရေးမှာ အခုအခြေအနေအရ ဆရာဝန်တွေ၊ အသိပညာတတ်တွေ မပြည့်စုံနိုင် သေးတဲ့ အတွက် ပျံ့ပွားလာတာကို တိုက်ဖျက်ပေမယ့် အောင်မြင်မှုတော့ မတွေ့သေးဘူး။ အဖြေမထုတ်နိုင် သေးဘူး ပေါ့နော်”ဟု သူက မဇ္ဈိမကို ပြောသည်။
၂ဝဝ၈ ခုနှစ်တွင် မြန်မာတနိုင်ငံလုံးတွင် HIV နှင့် အသက်ရှင်နေထိုင်သူ ၂၄၂ဝဝဝ ရှိပြီး လူဦးရေ အချိုးအစားနှင့် နိုင်းယှဉ်လျှင် ပျှမ်းမျှ ဝ.၆၇ ရာခို်င်နှုန်းဖြစ်သည်။