ကြံ့ဖွံ့ စည်းရုံးရေး မြို့ပေါ်တက်တော့မည်

ကြံ့ဖွံ့ စည်းရုံးရေး မြို့ပေါ်တက်တော့မည်
by -
ကျော်ခ

မွန်ပြည်နယ်အတွင်း ကြံ့ခိုင်ဖွံ့့ဖြိုးရေးပါတီအနေဖြင့် ကျေးလက်များတွင် စည်းရုံးရေးလုပ်နေပြီး ဒုတိယ အဆင့် အဖြစ် မြို့ပေါ်သို့ ကူးပြောင်း....

မွန်ပြည်နယ်အတွင်း ကြံ့ခိုင်ဖွံ့့ဖြိုးရေးပါတီအနေဖြင့် ကျေးလက်များတွင် စည်းရုံးရေးလုပ်နေပြီး ဒုတိယ အဆင့် အဖြစ် မြို့ပေါ်သို့ ကူးပြောင်းမည်ဖြစ်ကြောင်း ကြံ့ဖွံ့့ ပြည်နယ်အဆင့် ခေါင်းဆောင်တဦးက ရွေးကောက်ပွဲ စည်းရုံးရေး လုပ်ငန်းစဉ်ကို ပြောသည်။

နိုင်ငံရေး ပါတီ ၄၀ ကျော်အနက်မှ အထူးအခွင့်အရေး ရရှိနေသော ၀န်ကြီးချုပ် ဦးသိန်းစိန်၏ ကြံ့ဖွံ့့သည် မွန်ပြည်နယ်အတွင်း ပါတီမဖြစ်ခင် ယခုနှစ် ဧပြီလပိုင်းကပင် ကျေးရွာများသို့ စည်းရုံးမှုများ လုပ်ဆောင် နေခဲ့သည်။

“အခုတော့ ရွာတွေမှာ ဖောင်ဖြည့် စာရင်းကောက်ယူ အဆင့်ပဲ။ ဒါပြီးရင်တော့ မြို့ပေါ် ကူးတော့မှာပါ။ သက်ဆိုင်ရာ မြို့နယ်အလိုက်၊ ခရိုင်အလိုက်၊ ကျေးရွာအလိုက်မှာ ကျနော်တို့ရဲ့ စည်းရုံးရေးတွေက အဆင့်ဆင့် ရှိပြီးသားဖြစ်တဲ့အတွက် စည်းရုံးရေးဆင်းတဲ့ အခါမှာလည်း ဘာအခက်အခဲမှ မရှိပါဘူး” ဟု ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီဝင်တဦးက မဇ္စျိမကို ပြောသည်။

၁၉၉၃ ခုနှစ်က တည်ထောင်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နာယကဖြစ်သော လူမှုရေးကြံ့ဖွံ့့အသင်းမှ ဇူလိုင်လ ၆ ရက်နေ့တွင် နိုင်ငံရေးပါတီ ကြံ့ဖွံ့့အဖြစ် ပြောင်းလဲခဲ့ကာ ၀န်ကြီးချုပ် အပါအဝင် လက်ရှိရာထူး ရယူထားသော စစ်ဗိုလ်ချုပ် ၁၇ ဦးသည် စစ်ဘက်မှ နုတ်ထွက်ပြီး ဦးဆောင်ထားသည်။

ကြံ့ဖွံ့့အသင်းဖြစ်စဉ်က နိုင်ငံတဝှန်း ရုံးပေါင်း ၁၅၄၂၁ ရုံးရှိခဲ့ပြီး အသင်းဝင်ပေါင်း ၂၄ သန်းကျော် ရှိသည်ဟု ထုတ်ပြန်ခဲ့သည်။ သို့သော် ပါတီအဖြစ် ပြောင်းသောအခါ အသင်းဝင်အဖြစ် ခန့်ထားခဲ့သော ကျောင်းသူ ကျောင်းသားများ၊ အစိုးရဝန်ထမ်းများကို ပြန်လည်လျှော့ချရသည်။

ပါတီဝင် အရေအတွက်နှင့် ပတ်သက်၍ ၈ သန်း ရှိသည်ဆိုသော သတင်းထွက်ပေါ်နေသော်လည်း တိုင်းအဆင့် ခေါင်းဆောင်တဦးကတော့ ”ခန့်မှန်းလို့ မရသေးဘူး” ဟု ဆိုကာ အတည်ပြုရန် ငြင်းဆန်ထားသည်။

ပါတီဝင်ကြေးကို ကျပ် ၁၀၀၀ အဖြစ် သတ်မှတ်ထားရာ ပါတီရန်ပုံငွေ ကျပ်သန်း ၈၀၀၀ ရရှိပြီးဟန် ဖြစ်စေရန် လုပ်ဆောင်ခြင်း ဖြစ်မည်ဟု ဝေဖန်သူများက ပြောသည်။

မွန်ပြည်နယ် ကြံ့ဖွံ့စည်းရုံးရေးမှူးဖြစ်သူ ဦးတင်စိုးမိုးနိုင်က လူထုအာရုံစိုက်မှု ပိုမိုရရှိလာနိုင်ရန် ပြည်နယ်အတွင်းရှိ မြို့ပေါ်များတွင် လမ်း၊ တံတားများ ခင်းကျင်းပြုပြင်ခြင်း အပါအဝင် လူမှုရေး ကိစ္စများတွင်လည်း ဆောင်ရွက် ပေးနိုင်ရန် လုပ်ဆောင်နေကြောင်းနှင့် အထက် အာဏာပိုင်များ၏ ချမှတ်မှုကို စောင့်ဆိုင်းနေကြောင်း ပြောသည်။

ယခုအခါ မွန်ပြည်နယ်ရှိ မြို့နယ်တိုင်း၊ ကျေးရွာတိုင်းတွင် အသင်းဆိုင်းဘုတ်များ ဖြုတ်ချပြီးစီးသွားပြီဖြစ်ကာ ပါတီဆိုင်းဘုတ် တင်ရန်သာ ကျန်ရှိတော့သည်ဟု သူက ဆိုသည်။

ဒေသအတွင်း အဓိက ပြိုင်ဘက်မှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရက်တစ် ပါတီတို့ ဖြစ်သည်ဟု ပါတီခေါင်းဆောင်များက ပြောသည်။

“ဒီပါတီတွေက အခုမှ မြေစမ်းခရမ်းပျိုးအဆင့်ပဲ ရှိသေးတာ။ ကျနော်တို့က အသင်းအနေနဲ့ ကတည်းက လုပ်လာတာ ကြာပြီဆိုတော့ လူထုက သိနေပြီလေ။  ဒါပေမဲ့လည်း လူထုရဲ့ စိတ်သန်ရာပေါ့ဗျာ။ တအိမ်ထဲနေတဲ့ မောင်နှမချင်းတောင် စိတ်ချင်းတူတာမှ မဟုတ်တာ” ဟု မြို့နယ် စည်းရုံးရေးမှူး တဦးက မဇ္စျိမကို ပြောသည်။

ယခုလ ၂၀ ရက်နေ့က ဒုတိယ ပညာရေးဝန်ကြီး ဗိုလ်မှူးချုပ်အောင်မျိုးမင်းသည် ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများကို သွေးထွက်သံယိုမှုများဖြစ်ရန် မလိုလားသည့်အတွက် စစ်တပ်နှင့် ပတ်သက်သည့် ပါတီကို မဲထည့်ရန် ပြောသဖြင့် ထိုပွဲကို တက်ရောက်သူများ ဒေါသထွက်ခဲ့ရသည်။

ကြံ့ဖွံ့ပါတီကဲ့သို့ အာဏာပိုင်များကို အသုံးပြုနိုင်ခြင်း၊ ငွေကုန်ကြေးကျခံ၍ လမ်းခင်းခြင်း၊ တံတားပြင်ခြင်းများ မပြုလုပ် ပေးနိုင်သော်လည်း မွန်ပြည်နယ်ရှိ ဒေသခံလူထု၏ ထောက်ခံမှု ရရှိမည်ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ နိုင်ငွေသိန်းက ပြောသည်။

“သူတို့ လမ်းခင်းတယ် ဆိုတာကလည်း သူတို့ ပိုက်ဆံနဲ့ ခင်းနေတာမှ မဟုတ်ဘဲ။ ဒါမျိုးကိုတော့ သူတို့ကို ဘယ်ပါတီမှ မယှဉ်နိုင်ပါဘူး။ စည်းရုံးရေး ဆင်းရင်လည်း သူတို့ကတော့ လွတ်လပ်မှု ရှိတာပေါ့။ ကြိုက်တဲ့နေရာ သွားလို့ရတယ်။ ရယက ခေါ်ပြီးခိုင်းလို့ ရတယ်လေ။ တို့ကတော့ ကော်မရှင်က ချမှတ်ထားတဲ့ စည်းကမ်းအတိုင်း လိုက်နာ လုပ်ကိုင်တယ်” ဟု သူက ပြောသည်။

“တို့မှာကတော့ ရေတွင်းတူးပေးမယ်၊ လမ်းခင်းပေးမယ်၊ ဘာလုပ်ပေးမယ် ညာလုပ်ပေးမယ် မရှိဘူး။ တတ််လည်း မတတ်နိုင်ဘူး။ တို့ကတော့ ရွာတွေဆင်းမယ်ဆို ဘုန်းကြီးကျောင်းကို အရင်သွားတယ်။ ပြီးမှ ရွာထဲကို တအိမ်တက် တအိမ်ဆင်း ကျနော်တို့ ဘာလုပ်မယ်၊ ကျနော်တို့ မူက ဒါဆိုတာကို ချပြပြီး စည်းရုံးရေးဆင်းတယ်။ လူထုက လက်ခံပါတယ်” ဟု သူက ဆက်ပြောသည်။

ထိုင်းနိုင်ငံအခြေစိုက် NDD ခေါ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး အင်အားစုမှ ဥက္ကဋ္ဌ ဒေါ်ခင်ဥမ္မာက “USDP က ဘာကြောင့် တခြားပါတီတွေထက် ဒီလိုအခွင့်အရေးတွေ ရနေလဲဆိုရင် သူက လွတ်လပ်တဲ့ နိုင်ငံရေးပါတီတခု မဟုတ်ဘူး။ တကယ်တမ်းတော့ အရေခြံုထားတဲ့ နအဖ စစ်အာဏာရှင်ပဲ ဖြစ်တယ်။ ဒါကြောင့် သူတို့က လုပ်ချင် သလို လုပ်ခွင့်တွေ ရှိနေတာဖြစ်တယ်” ဟု သူက မဇ္စျိမကို ပြောသည်။

NDD သည် စစ်အာဏာရှင်စနစ်၏ ဒေါက်တိုင်များ သို့မဟုတ် ပြည်ခိုင်ဖြိုး စာအုပ်ကို ၁၉၉၈ ခုနှစ်တွင် ထုတ်ဝေ ခဲ့သည်။

လွှတ်တော်တွင် ပြုပြင်ပြောင်းလဲယူမည်ဟူသည့် ရည်ရွယ်ချက်နှင့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ကြယှဉ်ပြိုင် ကြမည့် ပါတီများအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံဥပဒေ မူကြမ်းနှင့် ၂၀၁၀ ရွေးကောက်ပွဲ ကော်မရှင် ဥပေဒေတို့တွင် စစ်အစိုးရက စိတ်ကြိုက်ဖန်တီးထားပြီးဖြစ်သဖြင့် စိတ်ကူးယဉ်အိမ်မက်သာ ဖြစ်မည်ဟု သူက ဆက်ပြောသည်။

“နအဖက ဒီရွေးကောက်ပွဲမှာ သူ့ဘက်က သေချာပေါက် အနိုင်ရအောင် ဥပဒေနည်းတွေ အပါအဝင် ကလိမ်ကကျစ် နည်းတွေနဲ့ အဖက်ဖက်က ပြင်ဆင်ပြီးသား ဖြစ်တယ်။ ဒါကြောင့် လွှတ်တော်မှာ ခေါင်းညိတ်ဆို ညိတ်၊ ခေါင်းခါဆို ခါ။ ဒါမှမဟုတ်ဘဲနဲ့ သူတို့ကို ဆန့်ကျင်သလို ဖြစ်နေမယ်ဆိုရင် အဲဒီလူကို တနည်းနည်းနဲ့ အရေးယူနိုင်အောင် စီမံမှာပဲ။ ဒီလိုလုပ်နိုင်အောင်ကို စိတ်ကြိုက်ဖန်တီးထားတာပဲ” ဟု ဒေါ်ခင်ဥမ္မာက ပြောသည်။

Most read this week