ဗိုလ်ချုပ်မှူးကြီးကို ရာဇဝတ်ကောင်ဟု ဒေလီရောက် မြန်မာများ ပြောဆို

ဗိုလ်ချုပ်မှူးကြီးကို ရာဇဝတ်ကောင်ဟု ဒေလီရောက် မြန်မာများ ပြောဆို
by -
မြင့်မောင်

မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို အလည်အပတ် ဖိတ်ခေါ်ခြင်း အပေါ် နယူးဒေလီရှိ မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားသူများက ယနေ့ ဆက်လက် ကန့်ကွက်ဆန္ဒပြ ...

နယူးဒေလီ(မဇ္စျိမ) ။     ။ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို အလည်အပတ် ဖိတ်ခေါ်ခြင်း အပေါ် နယူးဒေလီရှိ မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားသူများက ယနေ့ဆက်လက် ကန့်ကွက်ဆန္ဒပြကြသည်။

ဆန္ဒပြသူ ၃ဝဝ ကျော်က ’’ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အိန္ဒိယမှ ထွက်သွားပါ၊ အလိုမရှိ’’၊ ’’လူသားချင်း စာနာမှုကင်းမဲ့ကာ စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည့် ဗိုလ်ချုပ်မှူးကြီးကို အလိုရှိသည်၊ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး ICC သို့ တင်နိုင်ရန်အတွက် ထောက်ခံကြပါ’’၊ ’’’ဗိုလ်ချုပ်မှူးကြီး ငရဲပြည်သွား’’ အစရှိသည့် လက်ကိုင်ပိုစတာများ ကိုင်မြှောက်အော်ဟစ်ခဲ့ကြသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် စက်မှု ၁ ဝန်ကြီး ဦးအောင်သောင်း

ယနေ့ ညနေ ရ နာရီခန့်တွင် နယူးဒေလီရှိ ITC  Maurya ဟိုတယ်သို့ ဗိုလ်ချုပ်မှူးကြီးနှင့်အဖွဲ့ ရောက်ရှိလာပြီး မနက်ဖြန်တွင် အိန္ဒိယသမ္မတ ပရာတီမာ ပတေးလ်၊ ဝန်ကြီး ချုပ် မန်မိုဟန်ဆင်း၊  ဝန်ကြီးအချို့ကို  တွေ့ဆုံမည်ဟု အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနထံမှ စုံစမ်းသိရှိရသည်။

၂၈ ရက်နေ့တွင် အိန္ဒိယ၏ အကြီးမားဆုံး စက်မှုကုမ္ပဏီ Tata စီးပွားရေးအုပ်စု၏ မော်တော်ကား ထုတ်လုပ်ရေး တည်ရှိရာ အန်ဒရာပရာဒေ့ချ် ပြည်နယ် မြို့တော်ဟိုက်ဒရာဘတ်သို့ သွားရောက်မည်ဖြစ်သည်။

“ အိန္ဒိယကနေ စီးပွားလုပ်ငန်းတွေ တိုးချဲ့လာမှာ အမှန်ပါပဲ။ အဲဒီအပေါ်မှာ ကျနော်တို့ စိုးရိမ်စိတ် ရှိပါတယ်။ အဲဒီလို နိုင်ငံတကာ ကုန်သွယ်ရေးတွေ တိုးတက်၊ ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်တိုင်း ပြည်သူလူထုက တိုးတက်မလာဘူး။ ” ဟု ပြည်ထောင်စု မြန်မာနိုင်ငံ ညွန့်ပေါင်းအစိုးရ NCGUB  ဝန်ကြီး ဒေါက်တာ တင့်ဆွေက ပြောသည်။

ဆန္ဒပြသူများက အကြမ်းမဖက် ငြိမ်းချမ်းရေးလမ်းစဉ်ကို ချမှတ်ခဲ့သည့် အိန္ဒိယ အမျိုးသားခေါင်းဆောင်ကြီး မဟတ္တမ ဂန္ဒီ၏ နိုင်ငံအနေဖြင့် စစ်အာဏာရှင်ကို အထူးဧည့်သည်အဖြစ် ဖိတ်ခေါ်ခြင်းသည် ဂန္ဒီကြီး၏ အကြမ်းမဖက် လှုပ်ရှားမှုကို ဆန့်ကျင်ရာရောက်ကြောင်း ဝေဖန်ပြောဆိုကြသည်။

“ဗိုလ်ချုပ်သန်းရွှေဟာ နိုင်ငံတကာ ရာဇဝတ်ကောင်အဖြစ် ကြေညာဖို့အတွက် ပိုစတာတွေကို သစ်ပင်တွေမှာ ကပ်ပြီး ကြေညာထားတယ်။  အဲဒီပိုစတာတွေကို ဒေလီမြို့မှာရှိတဲ့ နေရာတော်တော်များများကိုလည်း ကပ်မယ်။ သူတို့တည်းခိုတဲ့ နေရာမှာလည်း  ကပ်မယ်။ ဒါတွေက သူ့ကို ဆန့်ကျင်ပါတယ်ဆိုတာ ပြသဖို့ ဖြစ်တယ်။ အိန္ဒိယမှာ ရှိနေသရွေ့ ဆက်လက် ဆန့်ကျင်မှုတွေ လုပ်သွားမယ်” ဟု အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှ သဘာပတိ အဖွဲ့ဝင် ဒေါ်သင်းသင်းအောင်က ယနေ့ ဆန္ဒပြပွဲတွင် ထုတ်ဖော်ပြောဆိုသည်။

မြန်မာ့ဒီမိုကရေစီရေးတွင် တက်ကြွစွာ ပါဝင်ပူးပေါင်းနေသည့် နိုင်ငံရေးလှုပ်ရှားသူ မစ္စစ် Jaya Jaitly က အိန္ဒိယအနေဖြင့် ရင်းနှီးမြုပ်နှံမှု မလုပ်သင့်သေးဟု ဆိုသည်။

“Tata ကုမ္ပဏီ လုပ်ငန်းတွေကို မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုံးဝမလုပ်ဖို့ တောင်းဆိုချင်တယ်။ အထူးသဖြင့် Information Technology ရင်းနှီးမြှုပ်နှံမှုတွေ လုံးဝ မလုပ်ဖို့ တောင်းဆိုချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အစ ပြည်သူလူထုတွေက လုံးဝကို ပါးစပ်ပိတ်ခံထားရတယ်။ ပြောဆိုပိုင်ခွင့် မရှိဘူး။ ဒီလိုအခြေအနေမှာ Information Technology နဲ့ ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ရင် ကျမတို့နိုင်ငံအနေနဲ့ အင်မတန် ရှက်စရာ ကောင်းတယ်။ ” ဟု မစ္စစ် Jaya Jaitlyက ပြောသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် အဖွဲ့ဝင် ၈ဝ ကျော်သည် ၂၅ ရက်နေ့က စတင်၍ ဗုဒ္ဓဂါယာသို့ရောက်ရှိ ဘုရားဖူးပြီး ယနေ့ညနေတွင်မှ ဒေလီသို့ သွားသည်။ ဗုဒ္ဓဂါယာတွင်လည်း တက်ကြွလှုပ်ရှားသူ မြန်မာများက ၂ဝဝ၇ ခုနှစ် စက်တင်ဘာလတွင် သံဃာတော်များကို ပစ်ခတ်သတ်ဖြတ်သူအဖြစ် သရုပ်ဖော်ထားသည့် ပိုစတာများ လိုက်လံ ကပ်ထားခဲ့ကြသည်။

Most read this week