အိန္ဒိယနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ခေါင်းဆောင်သော အဖွဲ့သည် ဗုဒ္ဓဂါယာတွင် ယနေ့ ၅ နာရီကြာ ဘုရားဖူး....
အိန္ဒိယနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ခေါင်းဆောင်သော အဖွဲ့သည် ဗုဒ္ဓဂါယာတွင် ယနေ့ ၅ နာရီကြာ ဘုရားဖူးပြီး မဟာဗောဓိ စေတီတော်အတွက် အမေရိကန်ဒေါ်လာ တသောင်း တထောင်ကျော် လှူဒါန်းသွားသည်။
အသက် ရ၇ နှစ်အရွယ် မြန်မာစစ်ခေါင်းဆောင်သည် ဗုဒ္ဓပွင့်တော်မူရာ ဗုဒ္ဓဂါယာရှိ မဟာဗောဓိ စေတီတော်သို့ တနင်္လာနေ့ နံနက် ၅ နာရီခန့်တွင် ရောက်ရှိလာပြီး ဘုရားဖူးခြင်း၊ တရားထိုင်ခြင်းများ ပြုလုပ်သွားကာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဒေါ်လာ တသောင်း၊ ကျန်အဖွဲ့ဝင်များက ဒေါ်လာ ၁၂၈၂ ဒေါ်လာနှင့် ရူပီး ၆ဝဝဝ ကို သီးခြားစာအိတ်များဖြင့် လှူဒါန်းသွားသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ
“သူတို့တဖွဲ့လုံး ဒီနေ့မနက်ပိုင်း ဘုရားပေါ်မှာ တရားထိုင်ကြတယ်။ ၅ နာရီလောက် ကြာတယ်” ဟု မဟာဗောဓိစေတီမှ ဆရာတော်တပါးက မဇ္ဈိမကို မိန့်ဆိုသည်။
“သူတို့အဖွဲ့က စာအိတ် ၃ အိတ်နဲ့ ငွေလှူတယ်။ ပထမဆုံး လာလှူတာက ဗိုလ်ချုပ်မှူးကြီး စာအိတ်။ ဒုတိယက အားလုံးစုပေါင်းပြီး လှူတာ” ဟု ဆရာတော်က ဆိုသည်။
ရဟန်းသံဃာတော်အချို့က ပတ္တနိက္ကုဇနကံဆောင် ထားခြင်းခံရသော ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် သူ၏ဇနီး ဒေါ်ကြိုင်ကြိုင်သည် တနင်္ဂနွေနေ့ကလည်း ငွေရောင်ပုဝါများ ခြံုလွှမ်းလျက် မဟာဗောဓိစေတီတွင် ဓမ္မစင်္ကြာသုတ် ရွတ်ဖတ်ပူဇော်ခဲ့သေးသည်ဟု အိန္ဒိယနိုင်ငံတွင် ရောက်ရှိနေသော စာသင်သား မြန်မာသံဃာတော်တပါးက မဇ္ဈိမကို မိန့်ဆိုသည်။
ယနေ့ နေ့လည်ပိုင်းတွင် ဗုဒ္ဓဂါယာရှိ မြန်မာကျောင်းတိုက်တွင် နေ့ဆွမ်း ဆပ်ကပ်လှူဒါန်းခဲ့သည်။
ဇူလိုင်လ ၂၅ ရက်နေ့မှ ၂၉ ရက်နေ့အထိ ၅ ရက်ကြာ ခရီးစဉ်အဖြစ် အိန္ဒိယနိုင်ငံတွင် ရောက်ရှိနေသော ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်သည့် အဖွဲ့တွင် နအဖ ကောင်စီဝင် ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး၊ စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၊ စစ်ရေးချုပ် ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင်နှင့် ၎င်းတို့၏ ဇနီးများ ပါဝင်သည်။
ထို့ပြင် စက်မှု (၂) ဝန်ကြီး ဦးစိုးသိန်း၊ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း၊ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း၊ စီးပွားကူးသန်းဝန်ကြီး ဦးတင်နိုင်သိန်း၊ သိပ္ပံနှင့် နည်းပညာဝန်ကြီး ဦးသောင်း၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာကျော်မြင့်၊ သာသနာရေးဝန်ကြီး သူရ ဦးမြင့်မောင်၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီး ဦးသိန်းဇော်နှင့် အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီး ဦးစိုးသာတို့ အပါအဝင် အဖွဲ့ဝင် စုစုပေါင်း ၈၁ ဦး ဖြစ်သည်။
ဗုဒ္ဓဂါယာ ခရီးစဉ်အပြီးတွင် ဗုဒ္ဓဘုရားရှင် ဓမ္မစကြာတရားဦးဟောကြားရာနှင့် ပထမဆုံး ဝါဆိုရာ အရပ်ဖြစ်သည့် ဗာရာဏသီ (မိဂဒါဝုန်) သို့ သွားရောက်မည်ဖြစ်ကာ၊ ထိုမှတဆင့် မြို့တော်နယူးဒေလီသို့ ခရီးဆက်မည် ဖြစ်ကြောင်း အိန္ဒိယသတင်းစာများက ရေးသားကြသည်။
နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အဖွဲ့ဝင်များအနေဖြင့် သံဃာတော်များအပေါ် ဝန်ချတောင်းပန်မှု မပြုမချင်း အလှူအတန်းများ လက်မခံခြင်း၊ သာရေးနာရေးကိစ္စများတွင် မဆက်ဆံဟု ပြည်တွင်း ပြည်ပရှိ အတိုက်အခံလိုလားသော သံဃအဖွဲ့အစည်းများက ၂ဝဝ၇ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့ကတည်းက စတင်ကျင့်သုံးနေခဲ့သည်။
သံဃာတော်များ ဦးဆောင်သော ”ရွှေဝါရောင်တော်လှန်ရေး” ဖြစ်ပေါ်လာစေမည့် ၂ဝဝ၇ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် မကွေးတိုင်း ပခုက္ကူမြို့တွင် ဆန္ဒပြသံဃာတော်များကို စစ်တပ်က ရိုက်နှက်ခဲ့သည်ဆိုသော သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် ဝန်ချတောင်းပန်စေခြင်း ဖြစ်ပေါ်ခဲ့သည်။