ကော်မရှင်က ပါတီခေါင်းဆောင်များ ကိုယ်ရေးအချက်များ ထပ်တောင်း

ကော်မရှင်က ပါတီခေါင်းဆောင်များ ကိုယ်ရေးအချက်များ ထပ်တောင်း
by -
ဆလိုင်း ဟံသာစန်း
ရွေးကောက်ပွဲဝင်ရောက်ရန် ရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင်ပြီးဖြစ်သည့် ပါတီများမှ ဗဟိုကော်မတီဝင်တို့၏ ကိုယ်ရေးအချက်အလက်များကို ကော်မရှင်က ပြီးခဲ့သည့် လကုန်ပိုင်းမှ စတင်ကာ ထပ်မံတောင်းခံ...

ရွေးကောက်ပွဲဝင်ရောက်ရန် ရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင်ပြီးဖြစ်သည့် ပါတီများမှ ဗဟိုကော်မတီဝင်တို့၏ ကိုယ်ရေးအချက်အလက်များကို ကော်မရှင်က ပြီးခဲ့သည့် လကုန်ပိုင်းမှ စတင်ကာ ထပ်မံတောင်းခံနေကြောင်း သိရသည်။

နိုင်ငံရေးပါတီများသည် ပါတီတည်ထောင်ခွင့်ပြုရန် လျှောက်ထားစဉ်က တည်ထောင်လိုသူ အနည်းဆုံး ၁၅ ဦးတို့၏ ကိုယ်ရေးအချက်အလက်များကို ကော်မရှင်သို့ တင်ပြခဲ့ပြီး ဖြစ်သော်လည်း ယခုတဖန် ဗဟိုအလုပ်အမှုဆောင်များ၏ ကိုယ်ရေးအတ္ထုပတ္တိကို အလိုရှိသည်ဟုဆိုကာ ထပ်မံတောင်းခံလာခြင်း ဖြစ်သည်။

“ပါတီဗဟိုအလုပ်အမှုဆောင်တွေ ကိုယ်တိုင်ဖြည့်ဖို့ဆိုပြီးတော့ ဖောင်တွေ မနေ့ညနေပိုင်းက  လာပေးသွားတာပါ” ဟု မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ အထွေထွေ အတွင်းရေးမှူး ကိုနေမျိုးဝေက မဇ္စျိမကို ပြောသည်။

ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်းကလည်း “ကျနော်တို့ဆီကို လာပို့သွားတာ ၄ ရက်လောက်ရှိပါပြီ။ ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်တွေ အကုန်လုံး ဖြည့်ပြီးတော့ အချိန်မီ ကော်မရှင်ကို ပြန်ပို့ဖို့ ပြင်နေပါတယ်” ဟု ပြောသည်။

ချင်းအမျိုးသားပါတီကလည်း ဖြည့်စွက်ရမည့်ပုံစံစာရွက်များကို ယခုအပတ်အတွင်း ရုံးချုပ်သို့ လာရောက် ပို့ဆောင်သွားကြောင်း ဥက္ကဋ္ဌ ပူးဇိုဇမ်က ပြောသည်။

ကော်မရှင်က ပေးပို့ခဲ့သည့် ကိုယ်ရေးအချက်အလက် ဖြည့်စွက်ရမည့် ပုံစံစာရွက်တွင် အမည်၊ အခြားအမည်၊ မိဘအမည်၊ မွေးနေ့သက္ကရာဇ်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ၊ ပညာသင်ကြားခဲ့သည့် ကျောင်းများစသဖြင့် ဖြည့်စွက်ရမည့် အချက် ၁၉ ချက် ပါဝင်သည်။

သို့သော် အဆိုပါအချက်များတွင် ပါတီတည်ထောင်ခွင့် လျှောက်ထားစဉ်က ဖော်ပြရခြင်း မရှိသည့် ထောင်ကျခဲ့ဖူးခြင်း ရှိ/မရှိ၊ ဝင်ရောက်လုပ်ကိုင်ခဲ့သည့် ပါတီ အဖွဲ့အစည်း၊ ဇနီးသည်နှင့် သားသမီးတို့၏ အမည်၊ အလုပ်အကိုင် စသည့်အချက်များအပြင် ၁၉၄၈ ခုနှစ်မှ ယနေ့အထိ ဖြတ်သန်းခဲ့သည်များကို အပိုင်း ၄ ပိုင်းဖြင့် ခွဲခြားဖော်ပြရန် ထပ်တိုး ပါဝင်လာသည်။

ပါတီများသည် အဆိုပါ ပုံစံစာရွက်များကို ပါတီ CEC အားလုံး ဖြည့်စွက်ပြီးနောက် လက်ခံရရှိသည့်နေ့မှ ၁၄ ရက်အတွင်း ကော်မရှင်သို့ ပြန်လည်ပို့ဆောင် ပေးရမည် ဖြစ်သည်။ သတ်မှတ်ရက်အတွင်း မပေးပို့နိုင်ပါက ကော်မရှင်က မည်ကဲ့သို့အရေးယူမည်ဟု ဖော်ပြထားခြင်း မရှိပါ။

“ကျနော်တို့ ၁၄ ရက်အတွင်း အချိန်မီရင်လည်းပို့မယ်။ ရက်စွဲတွေ ခေါင်းထဲမထားနိုင်တော့ဘူး။ တခြားလုပ်စရာတွေ အများကြီးရှိသေးတယ်။ အဲဒါမှ မကြိုက်လို့ ပါတီကို ဖျက်မယ်ဆိုလည်း ဖျက်ပါစေတော့ဗျာ” ဟု ကိုနေမျိုးဝေက ပြောသည်။

ပြည်ထောင်စု ဒီမိုကရေစီပါတီတွင် ဗဟိုကော်မတီဝင် ၁၆ ဦး၊ ချင်းအမျိုးသားပါတီတွင် ၁၆ ဦး နှင့် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီတွင် ဦးဆောင်လုပ်ကိုင်နေသူ ၁၈ ဦး ရှိကြောင်း သိရသည်။

“ပါတီတည်ထောင်သူတွေဟာ လျှောက်ထားတုန်းကလည်း ကိုယ်တိုင် လက်မှတ်ထိုးပြီး ပေးခဲ့ပြီးပြီ။ အခုတခါထပ်ပေးဆိုတော့ ကိုယ်ရေးပရိုဖိုင်ကို ၂ ခါပြန်ပေးရသလို ဖြစ်နေတယ်။ ဒါက လုပ်ဖို့ မလိုအပ်ဘူးလို့ထင်တယ်။ နောက်ပိုင်းမှာ ဗဟိုဦးစီး၊ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကျေးအဆင့်အထိပါ တောင်းလာမလား မသိဘူး”ဟု ကိုဖြိုးမင်းသိန်းက ပြောသသည်။

မန္တလေးတိုင်းတွင် လက်ရှိအချိန်အထိ ဖွဲ့စည်းထူထောင်ထားသည့် တခုတည်းသော ပါတီဖြစ်သည့် ဝံသာနု အန်အယ်ဒီပါတီထံသို့ ကော်မရှင်ထံမှ အချက်အလက်များ ဖြည့်စွက်ရမည့် စာရွက် ပေးပို့ခြင်း မရှိသေးကြောင်း သိရသည်။

ကော်မရှင်သည် ပြီးခဲ့သည့်လ ၂၁ ရက်နေ့က ရွေးကောက်ပွဲဝင်မည့်ပါတီများ စည်းရုံးရေး င်းရာတွင် လိုက်နာရမည့် စည်းကမ်းချက် ၁၄ ချက်ကို ၂/ ၂ဝ၁ဝ ညွန်ကြားချက်ဖြင့် ထုတ်ပြန်ခဲ့သေးသည်။

မှတ်ပုံတင်ခွင့် ကျပြီးဖြစ်သည့် ပါတီတခုမှ အမည်မဖော်လိုသည့် ခေါင်းဆောင်တဦးက “အခုဆိုရင် မိသားစုဝင်တွေရဲ့ ပရိုဖိုင်တွေတောင်း တောင်းလာတဲ့အဆင့် ဖြစ်နေတော့ တရစ်ခြင်းကို တင်းကြပ်လာသလို ဖြစ်နေတယ်။ အဲတော့ ဒါဟာ ပါတီခေါင်းဆောင်တွေကို ဖမ်းချင်တဲ့အခါ အချိန်မရွေး အားလုံးအဆင်သင့်ဖြစ်အောင် လုပ်နေတယ်လို့ထင်တယ်” ဟု ပြောသည်။