မြန်မာနိုင်ငံ နာဂစ်သင့်ဒေသများတွင် အသုံးပြုရန် အိန္ဒိယအစိုးရက မီးအားမြှင့်စက် Transformer ၁၆ လုံး ပေးပို့လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း ရန်ကုန်မြို့ရှိ အိန္ဒိယသံရုံးအဆိုအရ သိရသည်။
အမေရိကန် ဒေါ်လာ ၁ ဒဿမ ၉ သန်းတန်ဖိုးရှိ မီးအားမြှင့်စက် ၁၆ လုံး ကူညီသွားမည်ဟု အိန္ဒိယအစိုးရက မြန်မာစစ်အစိုးရထံ ယခုလအစောပိုင်းက ကတိပြု ခဲ့ပြီးနောက် ကျန်ရှိနေသည့် ၂ လုံးအား ဒုတိယအသုတ်အဖြစ် ယနေ့တွင် ထပ်မံပေးပို့ခဲ့ခြင်း ဖြစ်သည်။ ယခုလ ၈ ရက်နေ့တွင် ပထမအသုတ်အဖြစ် စက် ၁၄ လုံး ပေးပို့ခဲ့သည်။
“ကျနော်တို့ရဲ့ အိမ်နီးချင်း မြန်မာနိုင်ငံဟာ ၂ဝဝ၈ ခုနှစ်တုန်းက နာဂစ်မုန်တိုင်း တိုက်ခတ်ခံခဲ့ရတယ်။ အဲဒီတုန်းကလည်း ကျနော်တို့ အစောဆုံး ကူညီခဲ့တယ်။ အခုလည်း ကတိပြုထားတဲ့အတိုင်း မီးအားမြှင့်စက်တွေ လှူဒါန်းတာပါ” ဟု အိန္ဒိယသံရုံး တာဝန်ရှိသူတဦးက မဇ္စျိမကို ပြောသည်။
အိန္ဒိယနိုင်ငံ၏ အကြီးစား လျှပ်စစ်ပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီ BHEL ထုတ် မီးအားမြှင့်စက်များအား ရေကြောင်းခရီးဖြင့် သယ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။ စက်တလုံး၏ ခံနိုင်ဝန်စွမ်းအားမှာ ၃၁၅ ကီလိုဗို့မှ ၃ဝ မီဂါဗို့အထိ ဖြစ်သည်။
အဆိုပါ စက်များအား ရန်ကုန်တိုင်းရှိ မြို့နယ် ၁၆ မြို့နယ်တွင် တပ်ဆင်အသုံးပြုသွားမည်ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးဝေရေးအဖွဲ့ ဥက္ကဋ္ဌက ပြည်တွင်း အပတ်စဉ်ထုတ် ဂျာနယ်တစောင်ကို ပြောကြားခဲ့သည်။
၂ဝဝ၈ ခုနှစ် မေလဆန်းပိုင်းက တိုက်ခတ်ခဲ့သည့် နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကြောင့် ဓာတ်တိုင်၊ ဓာတ်ကြိုး စသည့် လျှပ်စစ်ဓာတ်အားပေးရေး ပစ္စည်းများ ပျက်စီး ဆုံးရှုံးခဲ့ရသည်။
ရန်ကုန်တမြို့ထဲတွင်ပင် ကျပ်သန်း ၄ဝဝဝ ကျော်ဖိုး ဆုံးရှုံးခဲ့ကြောင်း မြို့တော် လျှပ်စစ်ဓာတ်အား ပေးဝေရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
အိန္ဒိယသည် နာဂစ်မုန်တိုင်း တိုက်ခတ်ခံရအပြီး မြန်မာနိုင်ငံကို အိန္ဒိယလေတပ်မှ စစ်လေယာဉ် ၂ စီးနှင့် စစ်သင်္ဘော ၂ စီးတို့ဖြင့် ကယ်ဆယ်ထောက်ပ့ံရေး ပစ္စည်း တန်ချိန် ၁ဝဝ ကျော်ရှိသည့် အကူအညီများ ပထမဆုံးပေးအပ်သည့် နိုင်ငံဖြစ်သည်။
မုန်တိုင်းတိုက်ခတ်ပြီး ၅ ရက်အကြာတွင် ဆေးဝါးများ၊ စောင်များ၊ ရွက်ဖျင်တဲများ၊ စားနပ်ရိက္ခာ အကူအညီများ ၃၂ တန် ထပ်မံပေးအပ်ခဲ့ပြီး ၂ဝဝ၈ မေလ ၁၆ ရက် နေ့တွင် ဆေးဝါးပစ္စည်း ၆ တန်ကို ဆရာဝန် ၅ဝ ဦး ပါဝင်သော အဖွဲ့နှင့်အတူ ဧရာဝတီတိုင်းသို့ စေလွှတ်ကူညီခဲ့သေးသည်။
နာဂစ်မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ခဲ့သည့် ဒေသအသီးသီးအတွက် အဆောက်အဦနှင့် အသက်မွေးဝမ်းကြောင်းလုပ်ငန်း၊ ပညာရေး၊ ကျန်းမာရေး စသည့် ကဏ္ဍအသီးသီးအတွက် ၂ဝဝ၉-၂ဝ၁၁ အတွင်း နာဂစ်အလွန် ပြန်လည်ထူထောင်ရေးအတွက် စုစုပေါင်း အမေရိကန် ဒေါ်လာ ၆၉၁ သန်း လိုနေသော်လည်း ယခုထိ သန်း ၁၈ဝ သာ ရရှိသေးကြောင်း သိရသည်။
၂ဝဝ၈ ခုနှစ် မေ ၂ ရက်နေ့နှင့် ၃ ရက်နေ့တွင် တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းသည် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသနှင့် ရန်ကုန်တိုင်း တောင်ပိုင်းတို့ကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ လူပေါင်း ၁ သိန်း ၄ သောင်းခန့် သေကြေပျောက်ဆုံးပြီး လူဦးရေ ၂.၄ သန်း အိုးအိမ်မဲ့ဖြစ်ကာ ဘဝအခြေအနေ ပျက်ပြားခဲ့ရသည်။