နိုင်ငံရေး မတည်ငြိမ်မှုများဖြစ်ပွားခဲ့သော ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ညစျေးတန်းမှ မြန်မာနိုင်ငံသား ရွှေ့ပြောင်း အလုပ်သမား ၆ဝ ကျော် တလအတွင်း အလုပ်ပြုတ် သွားခဲ့ကြောင်း ဆိုင်ရှင်များနှင့် အလုပ်သမားများထံမှ သိရသည်။
ကမ္ဘာလှည့်ခရီးသည်များကို အဓိကထားရောင်းသည့် ထိုစျေးတွင် ယခင်လ တတိယပတ်မှ စတင်ကာ တလအတွင်း ဆိုင်ပေါင်း ၃ဝဝ ကျော်မှ ၄ဝ ကျော် ရောင်းအား သိသိသာသာ ကျဆင်းသွားခြင်းကြောင့် ပိတ်သွားခဲ့ရပြီး အလုပ်သမား ၆ဝ ကျော် အလုပ်လက်မဲ့ဖြစ်သွားသည်။
ဆိုင်အားလုံး၏ ၃ ပုံ ၂ ပုံခန့်တွင် ရှမ်း၊ ကချင်၊ ဗမာ၊ လားဟူ၊ အခါ၊ မြိုနှင့် အိန္ဒိယနွယ်ဖွား မြန်မာနိုင်ငံသား အလုပ် သမားများ အလုပ်လုပ်နေကြသည်။
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ထောက်ခံသည့် ရှပ်နီအဖွဲ့များက မတ်လမှ စတင်ကာ ၂ လကျော် ကြာ အဘီဆစ် အစိုးရအားဆန့်ကျင်ဆန္ဒပြခဲ့ပြီးနောက် နိုင်ငံခြား သားများ အလာနည်းသွားသဖြင့် အရှုံးပေါ်၍ ပိတ်သိမ်းခဲ့ရခြင်းဖြစ်ကြောင်း ငွေထည်များ ရောင်းချသည့် အသက် ၅၃ နှစ်အရွယ် ဆိုင်ရှင် ထိုင်းအမျိုးသမီးတဦးက ပြောသည်။
“ ဖလန် (ဥရောပသား နိုင်ငံခြားသားများ) တွေ အခု မလာတော့ဘူးလေ။ ကျမတို့က ဖလန်တွေကို အဓိကထားရောင်းပြီး စီးပွားရှာတာ။ အခု နေ့တိုင်းလိုလို စျေးဦးပေါက် ဖို့တောင် မလွယ်တော့ဘူး။ အဲဒါနဲ့ ဖွင့်ထားတဲ့ ၃ ဆိုင်ထဲက ၂ ဆိုင်ကို ပိတ်လိုက် တာ” ဟု သူက မဇ္စျိမကို ပြောသည်။
နိုက်ဘဇားဟုခေါ်တွင်တေသာ ညစျေးတွင် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်များအကြိုက် ငွေထည််များ၊ ထိုုင်းရိုးရာ အဝတ်အထည်နှင့် အခြားအဝတ်အထည်များ၊ ပန်းပုရုပ်များ၊ ပန်းချီကားများ၊ မျက်မှန်များ၊ ကျောက်စိမ်းနှင့် ဖိနပ်မျိုးစုံရောင်းသည့် ဆိုင်များရှိပြီး ညနေ ၃ နာရီခွဲမှ ည ၁၂ နာရီထိ ဖွင့်လှစ်ရောင်းချကြသည်။
ယေဘူယျအားဖြင့် ညစျေး အလုပ်သမားတဦး၏ လစာမှာ ဘတ် ၄ ထောင်အထက်တွင်ရှိသည်။
ကလေးကစားစရာဆိုင် ပိတ်လိုက်သဖြင့် အလုပ်လက်မဲ့ဖြစ်သွားသည့် အသက် ၁၇ နှစ်အရွယ် ရှမ်းတိုင်းရင်းသား စိုင်းဆူတောင်က အလုပ်ပြန်ရှာရခက်သဖြင့် နိုက်ဘဇား အနီးရှိ Gay Bar တခုတွင် အလုပ်လုပ်တော့မည်ဟု ဆိုသည်။
“အလုပ်ပြုတ်တော့ ကျနော်သူငယ်ချင်းအိမ်မှာပဲ လိုက်ပြီးကပ်နေလိုက်တယ်။ အလုပ်ကြာကြာမရှိရင် မကောင်း ဘူးလေ။ ဘယ်သူက လာကျွေးမှာလဲ။ သူတို့ဆိုင်ကလည်း ဒီလကုန်ရင်ပိတ်တော့မှာဆိုတော့ တခြားသူငယ်ချင်း တယောက်နဲ့ Gay Bar မှာပဲ လိုက်လုပ်မယ်” ဟု သူက မဇ္စျိမကို ပြောသည်။
အလားတူ ကမ္ဘာလှည့်ခရီးသည်များ စျေးဝယ်လေ့ရှိသည့် ချင်းမိုင်မြို့၏ နာမည်ကြီး တနင်္ဂနွေစျေး ခေါ် Sunday Market မှ ဆိုင်များသည်လည်း ရောင်းအား ကျဆင်း နေကြောင်း ယင်းစျေးတွင် စျေးရောင်းသူ ရှမ်းတိုင်းရင်းသူ နန်းအိမွှေးက ပြောသည်။
“သူဌေးကပြောတယ် နောက်လမှာ ရောင်းအားပြန်မကောင်းတော့ရင် ဆိုင်ပိတ်မယ်ပြောတယ်။ စျေးရောင်းမကောင်း တော့ လစာယူရမှာ ဆိုင်ရှင်ကိုတောင် သနားလာပြီ” ဟု သူက မဇ္စျိမကို ပြောသည်။
ချင်းမိုင်တခုတည်းတွင်မကဘဲ မဟာချိုင်၊ မဲဆောက်၊ ဘန်ကောက်၊ ဆူရပ်ဌာနီကဲ့သို့သော ခရိုင်နှင့် မြို့နယ်များတွင်လည်း အလားတူ အလုပ်ပြုတ် မှုများရှိနေကြောင်း အဝေးရောက်ညွှန်ပေါင်းအစိုးရ NCGUB ၏ ရွှေ့ပြောင်းအလုပ်သမားရေးရာဌာန တာဝန်ခံ ကိုသက်ခိုင်က ပြောသည်။ သို့သော်လည်း မည်မျှများပြားသည်ကို မှန်းဆနိုင်ခြင်း မရှိပေ။