အမေရိကန် လွှတ်တော်အမတ် လက်ထောက် ဒီချုပ်နှင့်တွေ့

အမေရိကန် လွှတ်တော်အမတ် လက်ထောက် ဒီချုပ်နှင့်တွေ့
by -
ဖနိဒါ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လာမည့် အထွေထွေ ရွေးကောက်ပွဲအပေါ် ထားရှိသည့် ရပ်တည်ချက်ကို ဆွေးနွေးရန်အတွက် အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်ကယ်ရီ၏ လက်ထောက် ရော်ဘင်လားနားသည် အင်္ဂါနေ့က ပါတီအကြီးတန်း ခေါင်းဆောင်များနှင့် ဆွေးနွေး...

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လာမည့် အထွေထွေ ရွေးကောက်ပွဲအပေါ် ထားရှိသည့် ရပ်တည်ချက်ကို ဆွေးနွေးရန်အတွက် အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်ကယ်ရီ၏ လက်ထောက် ရော်ဘင်လားနားသည် အင်္ဂါနေ့က ပါတီအကြီးတန်း ခေါင်းဆောင်များနှင့် ဆွေးနွေးခဲ့ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။

အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ၏ ဥပဒေအကြံပေး လာနာသည် မြန်မာနိုင်ငံသို့ ဇွန်လ ၁၉ ရက်နေ့က ရောက်ရှိခဲ့ပြီး ဒီချုပ်ခေါင်းဆောင်များ ဖြစ်ကြသော ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များ ဖြစ်ကြသော ဦးဉာဏ်ဝင်း၊ ဦးညွန့်ဝေ၊ ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးဟံသာမြင့်၊ ဒေါ်မေဝင်းမြင့်နှင့် ဦးဝင်းမြင့် တို့ကို တွေ့ဆုံခဲ့သည်။

ဦးဉာဏ်ဝင်း၏ အပြောအရ တနာရီကြာ ထိုတွေ့ဆုံပွဲကို မြန်မာပြည်ရှိ အမြင့်ဆုံး အမေရိကန် သံတမန်ဖြစ်သော တာဝန်ခံသံမှူး လာရီဒင်းဂါး၏ နေအိမ်တွင် ပြုလုပ်ခဲ့ သည်ဟု ဆိုသည်။

ပါတီ၏ လတ်တလော အခြေအနေ၊ ရှေ့လုပ်ငန်းစဉ်များ၊ စစ်အစိုးရက ယခင်နိုင်ငံရေး ပါတီဟောင်းများ နောက်ဆုံး မှတ်ပုံတင်ရမည့် နောက်ဆုံးရက်အဖြစ် သတ်မှတ် ထားသော မေလ ၆ ရက်နေ့မတိုင်မီ ပြန်လည်မှတ်ပုံတင်ခြင်း မပြုရန် မတ်လ ၂၉ ရက်နေ့က ဆုံးဖြတ်ခဲ့ခြင်း စသည်တို့ကို ဦးတင်ဦးက ရှင်းလင်းတင်ပြခဲ့သည်။

’’စစ်အစိုးရရဲ့ တဖက်သတ် ရွေးကောက်ပွဲ ဥပဒေတွေအရ ရွေးကောက်ပွဲဝင်မယ်ဆိုရင် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အကျဉ်းကျနေတဲ့ ပါတီဝင် တွေကို ပါတီက ထုတ်ပစ်ရမယ်။ ဒါ ကျနော်တို့ မလုပ်နိုင်ဘူး ဆိုတာကို ကျနော်တို့ ဒုဥက္ကဋ္ဌ ဦးတင်ဦးက မစ္စလားနားကို ရှင်းပြခဲ့တယ်။ ဒါကို သူသဘောပေါက် ပါတယ်’’ ဟု ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

လာမည့် ရွေးကောက်ပွဲပြီးလျှင် ဒီချုပ်အနေဖြင့် မည်ကဲ့သို့ ဆက်လက်ရပ်တည်သွားနိုင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း လားနားက မေးမြန်းရာ အသက်အရွယ် ကြီးရင့်သော်လည်း ပေါ့ပါးဖျတ်လတ်ဆဲဖြစ်သည့် နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဝင်းတင်က ထိုအချိန်တွင် အခြေအနေများ မည်သို့ရှိမည်ကို မသိသည့်အတွက် ဤမေးခွန်းကို ယခုဖြေဆိုခြင်း မပြုနိုင်သေးပါကြောင်း ပြန်လည်တုံ့ပြန်ဖြေကြားခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင်ထားသော အခြားနိုင်ငံရေးပါတီများ အားလုံးမှာလည်း လွတ်လပ်စွာ မဲဆွယ်စည်းရုံးခွင့် မရှိသဖြင့် ရွေးကောက်ပွဲ သည် တရားမျှတမှုရှိနိုင်ကြောင်း ဒီချုပ်ခေါင်းဆောင်များက မစ္စလားနားကို ရှင်းလင်းပြောပြခဲ့သည်ဟု သူက မဇ္ဈိမကို ပြောသည်။

’’နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍ’’ တွင် စစ်တပ်က ပါဝင်မည်ဆိုသည့် စစ်အစိုးရ၏ အလွန်ဒီမိုကရေစီမကျသော အချက်ကို သူတို့အနေဖြင့် လုံးဝလက်မခံနိုင်ကြောင်း ခေါင်းဆောင်များက လားနားကို ပြတ်သားစွာ ပြောကြားခဲ့ကြသည်။

ဤအငြင်းပွားဖွယ် ပြဋ္ဌာန်းချက် စာပိုဒ်သည် အများက မဲလိမ်ခဲ့သည်ဟု ရှုမြင်ကြသော မေလ ၂ဝဝ၈ ခုနှစ်က ကျင်းပခဲ့သည့် စောဒကတက်ဖွယ် ပြည်သူ့ဆန္ဒခံယူပွဲဖြင့် အတည်ပြုခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပထမဆုံး အခန်းတွင် ပါရှိသည်။ အကြီးအကျယ် ပျက်စီးဆုံးရှုံးမှုများ ဖြစ်စေခဲ့သည့် နာဂစ်ဆိုင်ကလုံးမုန်တိုင်း တိုက်ခတ် အပြီး ရက်ပိုင်းအတွင်း သန်းနှင့်ချီသော မြန်မာပြည်သူများ မုန်တိုင်းဒဏ် အလူးအလဲ ခံနေရချိန်တွင် အဆိုပါ ဆန္ဒခံယူပွဲကို ကျင်းပခဲ့ခြင်း ဖြစ်သည်။

အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ ဥက္ကဋ္ဌ ဂျွန်ကယ်ရီ (John Kerry) သည် ၂ဝဝ၄ ခုနှစ် သမ္မတ ရွေးကောက်ပွဲအတွင်းက ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး သမ္မတ ဂျော့ဒဗလျူဘုရှ်ကို ရှုံးနိမ့်ခဲ့သည်။ ဒီမိုကရစ်ပါတီ အခြားလွှတ်တော်အမတ်တဦးဖြစ်သော ဂျင်မ်ဝက်ဘ်လိုပင် စွမ်းရည်ဘွဲ့တံဆိပ်ရ ဗီယက်နမ်စစ်ပြန်တဦး ဖြစ်သည်။

အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက မြန်မာနို်င်ငံကို နောက်ဆုံးအကြိမ်အဖြစ် ၁၉၉၉ ခုနှစ်က ရောက်ရှိခဲ့သော ကယ်ရီကို မြန်မာနိုင်ငံသို့ လာရောက်လည်ပတ် နိုင်ပါကြောင်း ပြီးခဲ့သည့်နှစ် သြဂုတ်လက ပြောကြားကမ်းလှမ်းခဲ့ကြောင်းဖြင့် တွေ့ဆုံဆွေးနွေးရေးလိုင်းကို တင်နေသူ Frances Zwenig က ဝါရှင်တန်ပို့စ် သတင်းစာ ကြီးကို မေလအတွင်းက ပြောကြားခဲ့သည်။ သို့သော် သွားရောက်လည်ပတ်ခဲ့ခြင်း မရှိဘဲ သူ့အစား ဝက်ဘ်သာ သြဂုတ်လအတွင်းက သွားရောက်လည်ပတ်ခဲ့သည်။

Zwenig သည်ဝါရှင်တန်ရှိ အငြင်းပွားဖွယ် ပုဂ္ဂိုလ်တဦးဖြစ်ပြီး မြန်မာ့ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများ၏ နှာခေါင်းရှုံ့ခြင်းကို ခံရသူလည်း ဖြစ်သည်။ ကယ်ရီထံတွင် လုပ်ကိုင်နေစဉ်က ရရှိခဲ့သော နိုင်ငံရေး အဆက်အသွယ်များကို အသုံးပြုကာ ၁၉၉ဝ စုနှစ်များအတွင်းက ထိတွေ့ဆက်ဆံရေးမူဝါဒ ကျင့်သုံးစေရန် ဆော်သြလှုံ့ဆော်ခဲ့သူ ဖြစ်သည်။

သူမသည် ကော်ပိုရေးရှင်းများထံမှ ငွေကြေးကို အောင်မြင်စွာ ရယူတောင်းခံနိုင်ခဲ့ကာ ၁၉၉၇ ခုနှစ်အတွင်း မြန်မာနိုင်ငံနှင့် စီးပွားရေးလုပ်ဆောင်ရေး ထောက်ခံသူများ၏ အဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့ဝင်ကြီးများ ပါဝင်သည့် အချက်အလက် ရှာဖွေရေး ခရီးစဉ်တခုကို ၁၉၉၇ ခုနှစ် အောက်တိုဘာလအတွင်း မြန်မာနိုင်ငံသို့ စေလွှတ် နိုင်ခဲ့သည်။ ထိုအဖွဲ့တွင် အကြီးတန်းအစိုးရ အရာရှိဟောင်းကြီး ၃ ဦးလည်း ပါဝင်သည်။ သံတမန်ဟောင်း ၂ ဦးနှင့် ၁၉၈ဝ စုနှစ်များအတွင်းက ဒု ကာကွယ်ရေး ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် နီယိုကွန်ဆာဗေးတစ် ရစ်ချတ်အာမီတေ့ချ် (Richard Armitage) တို့လည်း ထိုအဖွဲ့တွင် ပါဝင်သည်။

နောင်တွင် ကောလင်းပိုးဝဲလ်နှင့် ဘုရှ်တို့ လက်အောက်တွင် ဒုနိုင်ငံခြားရေးဝန်ကြီး ဖြစ်လာရန် ရှိသော်လည်း နောက်ပိုင်းတွင် Valerie Plame သည် စီအိုင်အေ ထောက်လှမ်းရေး သူလျှိုတဦးဖြစ်ကြောင်း ပင်တိုင်ဆောင်းပါးရှင် ရောဘတ်နိုဗတ် (Robert Novak) ကို ထုတ်ဖော်ပြောကြားခဲ့သည့်အတွက် နာမည်ပျက်ခဲ့သူ ဖြစ်သည်။

မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံရေး ဝါရှင်တန်ရှိ အစိုးရအဖွဲ့ကို ပညာပေးနိုင်ရန်အတွက် Zwenig ၏ ထိတွေ့ဆက်ဆံရေးအဖွဲ့သည် ယူနိုကယ်ကုမ္ပဏီမှ ဒေါ်လာ ၅ သောင်း လက်ခံရရှိခဲ့ကြောင်းဖြင့် ဝါရှင်တန်ပို့စ် သတင်းစာက ၁၉၉၇ ခုနှစ် ဇူလိုင်လက ရေးသားဖော်ပြခဲ့သည်။ ရတနာဓာတ်ငွေ့ပိုက်လို်င်း စီမံကိန်းတွင် ယူနိုကယ်လည်း ပါဝင်သည်။ ယူနိုကယ်ကုမ္ပဏီသည် ရတနာစီမံကိန်းအောင်မြင်ရေးအတွက် မြန်မာစစ်အစိုးရကို ငွေပေးခဲ့သည်ဟု မြန်မာကျေးရွာသားများက တရားစွဲဆိုရာတွင် ဖော်ထုတ်ဖွင့်ချခဲ့သည်။

အဆိုပါ ကျေးရွာသားများကို ကိုယ်စားပြု ဆောင်ရွက်ပေးသည့် ဥပဒေရေးအစိုးရ မဟုတ်သည့် အဖွဲ့အစည်းတခုဖြစ်သော Earth Rights International က ယူနိုကယ်နှင့် အခြား စီးပွားဘက်ကုမ္ပဏီများသည် ရွာသားထောင်ပေါင်းများစွာကို အတင်းအကျပ် နေရာပြောင်းရွှေ့စေခြင်း၊ ပိုက်လိုင်းတည်ဆောက်ရေးတွင် အဓမ္မလုပ်အားပေးများ ခိုင်းစေနိုင်ရန်တို့အတွက် မြန်မာစစ်တပ်ရင်းများ ကို ယူနိုကယ်က အခကြေးငွေပေးငှါးရမ်းခိုင်းစေခဲ့သည်ဟု အထောက်အထားများဖြင့် တင်ပြခဲ့သည်။ နောက်ပိုင်းတွင် ယူနိုကယ်ကို ရှယ်ဗရွန် (Chevron) က ဝယ်ယူခဲ့ပြီး နာမည်ဆိုးဖြင့် ကျော်ကြားသော မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများကိုလည်း လွှဲပြောင်းရယူခဲ့သည်။

မြန်မာစစ်အစိုးရနှင့် အကျိုးဖြစ်ထွန်းသည့် တွေ့ဆုံဆွေးနွေးမှုများ ပေါ်ပေါက်လာရေးကို ရည်မှန်းချက်အဖြစ် ထားရှိသည့်  သမ္မတ အိုဘားမား၏ မူဝါဒအရ အမေရိကန် ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ကတ်ကင်းဘဲလ်နှင့် အမေရိကန် လွှတ်တော်နိုင်ငံခြားရေးကော်မတီ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ဆပ်ကော်မတီ ဥက္ကဋ္ဌ အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်တို့ ၂ ဦးစလုံးသည် အိုဘားမား သမ္မတအဖြစ် တာဝန်ယူပြီးချိန်မှစ၍ မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ကြပြီးဖြစ်သည်။

လွန်ခဲ့သောလအတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သော ကင်းဘဲလ်က လာမည့်ရွေးကောက်ပွဲသည် တရားမျှတမှု ရှိမည်မဟုတ်သည့်အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက ရွေးကောက်ပွဲရလဒ်များကို ပယ်ချသင့်သည်ဟု ပြောကြားခဲ့သည်။ မြန်မာစစ်အစိုးရနှင့် မြောက်ကိုရီးယားနိုင်ငံတို့အကြား လျှို့ဝှက်သဘော တူညီမှု များသည်လည်း ကုလလုံခြံုရေးကောင်စီ ဆုံးဖြတ်ချက် ၁၈၇၄ ကို ချိုးဖောက်နေသည်ဟုလည်း သူက ထုတ်ဖော်ပြောဆိုခဲ့သည်။ ဤဆုံးဖြတ်ချက်က မြောက်ကိုရီးယား နိုင်ငံက ပင်လယ်ရပ်ခြားသို့ စစ်လက်နက်ပစ္စည်းများ တင်ပို့ခြင်းကို တားမြစ်ထားသည်။

စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် လွန်ခဲ့သော သြဂုတ်လက တွေ့ဆုံခဲ့သည့် ဝက်ဘ်ကလည်း အမေရိကန်က မြန်မာနို်င်ငံအပေါ် ပိတ်ဆို့အရေးယူခြင်းကို သူ၏ စာအုပ် A Time to Fight: Reclaiming a Fair and Just America (သမမျှတသည့် အမေရိကန်နိုင်ငံ ပြန်လည်ရရှိရေးအတွက် တိုက်ပွဲဝင်ရမည့်အချိန်) တွင် ထည့်သွင်းရေးသား ဝေဖန်ထားသည်။ အမေရိကန်က မြန်မာစစ်အစိုးရနှင့် ပိုမိုရင်းနှီးထိတွေ့ဆက်ဆံမှု ရှိခဲ့ပါက ၂ဝဝ၇ စက်တင်ဘာလအတွင်း ဆန္ဒပြသံဃာနှင့် ပြည်သူများကို ရက်စက်စွာ ဖိနှိပ်ချေမှုန်းခြင်းကို ကာကွယ်နိုင်ခဲ့လိမ့်မည်ဟု သူက ရေးသားထားသည်။

စစ်အစိုးရသည် နျူကလီးယားလက်နက် ထုတ်လုပ်ရန် မြောက်ကိုရီးယားနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နေသည် ဟူသော စွပ်စွဲချက်များ ပေါ်ထွက်လာပြီးနောက် မြန်မာနို်င်ငံသို့ လာရောက်လည်ပတ်ရန် စီစဉ်ထားခြင်းကို ယခုလအစောပိုင်းက ရုတ်တရက် ဖျက်သိမ်းခဲ့သည်။ ယခုနှစ် အောက်တိုဘာလတွင် ကျင်းပလိမ့်မည်ဟု သူမှန်းဆထားသည့် အထွေထွေရွေးကောက်ပွဲမှာ မြန်မာနိုင်ငံအတွက် အကောင်းဆုံးဖြစ်သောကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းက ထောက်ခံသင့်သည်ဟုလည်း သူက ပြောသည်။

မစ္စတာဂျင်မ်ဝက်ဘ်က ဗိုလ်ချုပ်မှူးကြီးသန်းရွွှေနှင့် တွေ့ဆုံအပြီး မကြာမီတွင် အကျဉ်းကျနေသော အမေရိကန်လူမျိုး ကမ္ဘာလှည့်ခရီးသည် ဂျွန်ယက်တောကို ခေါ်ထုတ် သွားခွင့် ရရှိခဲ့သည်။ စိတ်မမှန်ဟု သူ့မိသားစုက ပြောကြားထားသော ယက်တောသည် မြန်မာနိုင်ငံကို ၂ ကြိမ်သွားရောက်ကာ အင်းယားကန်ကို ၂ ကြိမ်မျှ ဖြတ်ကူး၍ ကမ္ဘာ့အထင်ရှားဆုံး နိုင်ငံရေးအကျဉ်းသားကို ဝင်ရောက်တွေ့ဆုံခဲ့သည်။

နိုဘယ်ဆုရှင်၏ နေအိမ်သို့ ဒုတိယအကြိမ် ဝင်ရောက်အပြီးတွင် နေအိမ်အကျယ်ချုပ် စည်းကမ်းများကို ဖောက်ဖျက်သည်ဟုဆိုကာ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည် ကို ဖမ်းဆီးအကျဉ်းချခဲ့သည်။ မစ္စတာယက်တောသာ ထိုသို့ဝင်ရောက်ခဲ့ခြင်း မရှိပါက ဒေါ်အောင်ဆန်းစုကြည်၏ အကျယ်ချုပ် သက်တမ်းမှာ နောက်နှစ်ပတ်အတွင်း စေ့တော့မည်ဖြစ်သည်။ နိုင်ငံတကာက ဝိုင်းဝန်းကန့်ကွက်ခဲ့ပြီးနောက် မုဆိုးမ အတိုက်အခံခေါင်းဆောင်ကို အကျဉ်းထောင်မှ လွှတ်ပေးကာ နေအိမ်တွင် အထိန်းသိမ်း ခံရန် ၁၈ လ ထပ်မံချခဲ့သည်။

Most read this week