အလုပ်သမားသမဂ္ဂ ဖွဲ့စည်းမှု ‘တရားမဝင်’ ဟု ရဲကပြော

အလုပ်သမားသမဂ္ဂ ဖွဲ့စည်းမှု ‘တရားမဝင်’ ဟု ရဲကပြော
by -
မြင့်မောင်
အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့်ပြုရန် စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ ခွင့်ပြုချက် တောင်းခဲ့သူများကို ဖွဲ့စည်းခွင့် မပြုကြောင်း ရဲက ယမန်နေ့က ပြောကြား...

အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့်ပြုရန် စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ ခွင့်ပြုချက် တောင်းခဲ့သူများကို ဖွဲ့စည်းခွင့် မပြုကြောင်း ရဲက ယမန်နေ့က ပြောကြားလိုက်သည်။

ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင် ရဲမှူးကြီး အောင်ဒိုင်းက အလုပ်သမား ကိုယ်စားလှယ် ရ ဦးကို ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးသို့ ခေါ်ယူတွေ့ဆုံပြီး ”တရားမဝင်” အသင်း ဖွဲ့စည်းမှု ဟုဆိုကာ ဆက်လက်လုပ်ကိုင်ပါက အရေးယူမည်ဖြစ်ကြောင်း ပြောသည်။

ထင်ရှားသော အလုပ်သမားအခွင့်အရေး အကျိုးဆောင် ကိုဖိုးဖြူအပါအဝင် ၂၂ ဦးက ”မြန်မာအမျိုးသား စက်မှုအလုပ်သမားများနှင့် လယ်သမားများ အကျိုးစီပွား ကာကွယ်ရေး အလုပ်သမားများ သမဂ္ဂ” ကို တည်ထောင်ကြောင်းနှင့် တရားဝင်ခွင့်ပြုပါရန် နေပြည်တော်ရှိ စစ်အစိုးရခေါင်းဆောင်သို့ စာတိုက်မှတဆင့် အကြောင်းကြား ခဲ့ပြီးနောက် အာဏာပိိုင်များက တု့ံပြန်လိုက်ခြင်း ဖြစ်သည်။

“လုံးဝ ဖွဲ့ခွင့်မရှိဘူး။ ဖွဲ့တာကိုက တရားမဝင်ဘူးတဲ့” ဟု တွေ့ဆုံမှုတွင် ပါဝင်ခဲ့သူတဦးဖြစ်သော ရှေ့နေ ကိုဖိုးဖြူက ပြောသည်။

ကိုဖိုးဖြူအပြောအရ ဖမ်းဆီးထောင်ချခံကာ သမဂ္ဂဖွဲ့စည်းခြင်း ဆက်လက်ပြုလုပ်သွားမည်ဖြစ်ပြီး အလုပ်သမား၊ လယ်သမားများ အကျိုးအတွက် ကာကွယ်သွားမည်ဟု အလုပ်သမားကိုယ်စားလှယ်များက အကြောင်းပြန်ခဲ့သည်ဟု ဆိုသည်။

“ခါးသီးတဲ့ ဒုက္ခကို နှစ်ပေါင်းများစွာ၊ ဆယ်စုနှစ်ပေါင်းများစွာ လုပ်သားပြည်သူတွေ၊ ပြည်သူတွေ ခံစားနေရတယ်။ ဒီလိုအခြေအနေမျိုးမှာ သမဂ္ဂပေါ်ပေါက်ဖို့ လိုအပ်နေပြီ” ဟု ကိုဖိုးဖြူက ပြောသည်။

ကိုဖိုးဖြူသည် စစ်တပ်က လယ်သိမ်းခံရ၍ ကန့်ကွက်သော လယ်သမားများအတွက် အကျိုးဆောင်ရာက လွန်ခဲ့သည့်နှစ် မတ်လက ထောင်ကျသွားခဲ့ပြီး လွန်ခဲ့သည့် ၃ လကမှ လွတ်မြောက်ခဲ့သည်။

သမဂ္ဂဖွဲ့စည်းမှု ဆက်လက်လုပ်ဆောင်လျှင် မတရားအသင်း ဖွဲ့စည်းခြင်းဖြစ်၍ ဥပဒေချိုးဖောက်ကြောင်းနှင့် အဖွဲ့အကြောင်း စာရေးသားပုံနှိပ်ထုတ်ဝေလျှင် ပုံနှိပ် ထုတ်ဝေသူများ ဥပဒေနှင့် ငြိစွန်း၍ အရေးယူမည်ဟု ရဲမှူးကြီးအောင်ဒိုင်းက အမျိုးသမီး ၃ ဦးပါသော အလုပ်သမားကိုယ်စားလှယ်များကို ပြောသည်။

ထိုနေ့အစောပိုင်းတွင်ပင် အလုပ်သမားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက သမဂ္ဂခေါင်းဆောင်များကို တွေ့ဆုံခဲ့ကာ ရွေးကောက်ပွဲအပြီး အစိုးရသစ်တရပ် တက်လာချိန်အထိ စောင့်ဆိုင်းရန် ပြောကြားခဲ့သည်။

တံခါးပိတ်ဆွေးနွေးပွဲ ဖြစ်သော်လည်း ထောက်လှမ်းရေး ၂ဝ ခန့်က စောင့်ကြည့်ကာ ဓာတ်ပုံ ဗီဒီယိုမှတ်တမ်းတင် ရိုက်ကူးခဲ့သည်။

အဓိက အတိုက်အခံအဖွဲ့ကြီးဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒုဥက္ကဋ္ဌ ဦးတင်ဦးက အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့်ကို ပိတ်ပင်ခြင်း မပြုသင့်ဟု ပြောကြား လိုက်သည်။

အာဏာပိုင်များနှင့် တွေ့ဆုံခဲ့သော အခြားသော အလုပ်သမားကိုယ်စားလှယ်များမှာ တောင်တွင်းကြီးမြို့မှ ဦးပါလေးနှင့် ဦးဝင်းနိုင်၊ ဒဂုံမြို့နယ်တောင်ပိုင်းနေ ဦးကြည်လင်း၊ သာယာဝတီမြို့နေ မနွဲ့ရီဝင်း၊ လှိုင်သာယာမှ  မခိုင်သဇင်၊ ရွှေပြည်သာနေ မအေးချမ်းပြည့်တို့ ဖြစ်သည်။

ပြည်ပအခြေစိုက် မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် FTUB ၏ လက်ထောက် အထွေထွေ အတွင်းရေးမှူး ဒေါက်တာ ဇော်ဝင်းအောင်က   “အလုပ်သမား သမဂ္ဂတွေ လွတ်လွတ်လပ်လပ် ဖွဲ့ခွင့်ရှိအောင် ဥပဒေပြဋ္ဌာန်း ထားဖို့ရယ်၊ အခက်အခဲမရှိအောင် စစ်အစိုးရက ခွင့်ပြုလုပ်ဆောင်ဖို့ ုလိုပါတယ်” ဟု ပြောသည်။

လက်ရှိ နိုင်ငံရေးအကျဉ်းသား ၂၁ဝဝ ကျော်အနက် အလုပ်သမားရေး တက်ကြွလှုပ်ရှားသူ  ၁၅ ဦးအထိ ပါဝင်သည်ဟု ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) မှ တွဲဘက်အထွေထွေ အတွင်းရေးမှူး ကိုဘိုကြည်က ပြောသည်။

စစ်တပ်အုပ်စီးသော အစိုးရဆက်ဆက် အုပ်ချုပ်သော မြန်မာနိုင်ငံတွင် လွတ်လပ်သော အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်ကို ပိတ်ပင်ထားသည်မှာ ၁၉၆၂ ခုနှစ်ကတည်းက ဖြစ်သည်။

သို့သော်လည်း လုပ်ခလစာတိုးမြှင့်ပေးရေးနှင့် လုပ်ငန်းခွင်ကောင်းမွန်ရေးတို့အတွက် စုစည်းမှုရှိသော ပုဂ္ဂလိကစက်ရုံ လုပ်သားများ ဆန္ဒပြမှုများ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလမှစ၍ အနည်းဆုံး ၁ဝ ကြိမ် ဖြစ်ပွားခဲ့သည်။

http://mizzimaburmese.com/news/inside-burma/5578-2010-06-24-14-02-54.html

Most read this week