ကမ္ဘာ့ဖလားဘောလုံးပွဲ ဇာတ်သမား နှစ်ထောင် အလုပ်လက်မဲ့ဖြစ်

ကမ္ဘာ့ဖလားဘောလုံးပွဲ ဇာတ်သမား နှစ်ထောင် အလုပ်လက်မဲ့ဖြစ်
by -
ကျော်ခ
ကမ္ဘာ့ဖလားဘောလုံးပွဲက  ဇာတ်သဘင်များမှ လူ နှစ်ထောင်နီးပါးကို တလကြာ အလုပ်လက်မဲ့ ဖြစ်သွား...

ကမ္ဘာ့ဖလားဘောလုံးပွဲက  ဇာတ်သဘင်များမှ လူ နှစ်ထောင်နီးပါးကို တလကြာ အလုပ်လက်မဲ့ ဖြစ်သွားစေသည်။

တောင်အာဖရိကတွင် ဇွန် ၁၁ ရက်မှ စတင်ကာ ဇူလိုင် ၁၁ ရက်အထိ ကျင်းပမည့် ကမ္ဘာ့ဖလား ဘောလုံးပွဲကို လူအများ အာရုံုစိုက်နေသဖြင့် ပွဲကြည့်ပရိတ်သတ်နည်းကာ အရှုံးပေါ်နိုင်ခြေရှိသဖြင့် ဇာတ်ပွဲများ လုံးဝ ရပ်နားထားရသည့်အတွက် ဇာတ်အဖွဲ့သားများ ထိခိုက်မှုဖြစ်ရသည်။

မြန်မာ့ဇာတ်သဘင် အစည်းအရုံးအောက်တွင် မှတ်ပုံတင်ထားသော ဇာတ်အဖွဲ့ပေါင်း ၄၈ ဖွဲ့ရှိပြီး အစည်းအရုံးက ဇာတ်တဖွဲ့တွင် ပုံမှန်အားဖြင့် ၄၀ ကျော် အသုံးပြုရလေ့ ရှိသည်။

စစ်ကိုင်းမြို့ အခြေစိုက် ပန်တျာမြန်မာ ဇာတ်အဖွဲ့မှ ပန်တျာ ဦးမြကြည်က “ကမ္ဘာ့ဖလားက ကျနော်တို့ ဇာတ်အဖွဲ့တွေ အတွက်တော့ အစဉ်မပြေပါဘူး။ ဝင်ငွေ ထိခိုက်တယ်” ဟု ပြောသည်။

မန္တလေးမြို့မှ ‘မိုးဝင်း ဟန်ဇာမိုးဝင်း’ ဇာတ်အဖွဲ့သည် လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း ပုလိပ်မြို့ တွင် ကပြရန် စီစဉ်ထားခဲ့သော်လည်း လက်မှတ်ရောင်းရ နည်းသည့်အတွက် ပွဲရွှေ့လိုက်ရသည်။ ကမ္ဘာ့ဖလားဘောလုံးပွဲပြီးလျှင် ပြန်ကရန် စီစဉ်ထားသော်လည်း ရက်မသတ်မှတ်ရသေးဟု သိရ သည်။

“ကျနော်တို့ ဇာတ်စကားနဲ့ ပြောမယ်ဆိုရင် ဇာတ်ပုံထားလိုက်တာပေါ့။ ကမ္ဘာ့ဖလားရာသီပြီးရင်တော့ ပွဲပြန်သွင်းဖို့ရှိပါတယ်” ဟု မိုးဝင်း ဟန်ဇာမိုးဝင်း ဇာတ်အဖွဲ့ စီမံခန့်ခွဲသူ တဦးက မဇ္စျိမကို ပြောသည်။

သုံးရက်ကပြရန် စီစဉ်ထားခဲ့ရာ ခန့်မှန်းခြေ ၄၂ သိန်း ဆုံးရှုံးသွားခဲ့သည်ဟု သူက ဆိုသည်။

ဆက်စပ်သတင်းတခုမှာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဥက္ကဌ မစ္စတာ ဆပ်ဘလတ္တာသည် မြန်မာ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်၏ ဖိတ်ကြားချက်ဖြင့် နိုဝင်ဘာလ အတွင်း မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည်ဟု နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာတွင် ပါရှိသည်။

တောင်အာဖရိကတွင် ကမ္ဘာ့ဖလားပွဲများ သွားရောက်ကြည့်ရှု့ရင်း ဦးဇော်ဇော်က မစ္စတာ ဘလတ္တာ ကို ဖိတ်ကြားခဲ့သည်ဟု ဆိုသည်။

http://mizzimaburmese.com/news/inside-burma/5572-2010-06-23-13-20-56.html

Most read this week