နိုင်ငံရေး ပါတီများ ကြွေးကျော် ချီတက်ခြင်း မလုပ်ရ

နိုင်ငံရေး ပါတီများ ကြွေးကျော် ချီတက်ခြင်း မလုပ်ရ
by -
ဖနိဒါ
နိုင်ငံရေးပါတီများ အလံများကိုင်ဆောင်၍ စီတန်းလှည့်လည်ခြင်းနှင့် ကြွေးကျော်ချီတက်ခြင်း မပြုရန်နှင့် အစိုးရကို ဆန့်ကျင်ဆန္ဒပြအောင် ဟောပြောခြင်းမပြုရန် ရွေးကောက်ပွဲ ကော်မရှင်က တားမြစ်ချက် ယနေ့ ထုတ်ပြန်...

နိုင်ငံရေးပါတီများ အလံများကိုင်ဆောင်၍ စီတန်းလှည့်လည်ခြင်းနှင့် ကြွေးကျော်ချီတက်ခြင်း မပြုရန်နှင့် အစိုးရကို ဆန့်ကျင်ဆန္ဒပြအောင် ဟောပြောခြင်းမပြုရန် ရွေးကောက်ပွဲ ကော်မရှင်က တားမြစ်ချက် ယနေ့ ထုတ်ပြန်လိုက်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ အချက် ၁၄ ချက်ပါ ဇွန် ၂၁ ရက်နေ့စွဲတပ် ညွှန်ကြားချက်တွင် ယခုအချက်များမှာ တစိတ်တဒေသသာ ဖြစ်သည်။

နိုင်ငံအဝှမ်း ဝင်ပြိုင်မည့် ပါတီများမှာ မှတ်ပုံတင်ကျပြီးသည့်နေ့မှ ရက်ပေါင်း ၉ဝ အတွင်း ပါတီဝင် အနည်းဆုံး ၁၀၀၀ ရှိရမှာဖြစ်ပြီး ဒေသဆိုင်ရာ ပါတီမှာ အနည်းဆုံး ပါတီဝင် ၅၀၀ ရရှိရန်လိုအပ်သည်။  

ပါတီရုံးပြင်ပတွင် စုဝေး ဟောပြောလိုလျှင် ခန့်မှန်းခြေ တက်ရောက်နိုင်သည့် အင်အားကိုတင်ပြ၍ ကော်မရှင်ထံမှ အနည်းဆုံး ရက်သတ္တပတ် တပတ်ကြိုတင်၍ ခွင့်ပြုချက်ရယူရန်လည်း ညွန်ကြားချက်တွင် ပါရှိသည်။

ပါတီများအနေဖြင့် အစိုးရရုံးများ၊ အဖွဲ့အစည်းများ၊ စက်ရုံ အလုပ်ရုံနှင့် အလုပ်ဌာနများ၊ စျေးများ၊ အားကစားကွင်းများ၊ သာသနာရေးနှင့်ဆိုင်သော နေရာများ၊ စာသင်ကျောင်းများနှင့် ပြည်သူ့ဆေးရုံ တို့ကို အနှောက်အယှက် မဖြစ်စေရဟု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။

ညွန်ကြားချက်တွင် နိုင်ငံရေးပါတီများ ဟောပြော ရေးသားရာတွင် ” နိုင်ငံတော်အား အကြည်ညိုပျက်စေရန် သိုမဟုတ် ဂုဏ်သိက္ခာထိပါးစေရန် ဟောပြောခြင်း၊ ရေးသားပုံနှိပ် ထုတ်ဝေခြင်း” မပြုရန် တားမြစ်ထားသည်။

အစိုးရကို ဆန့်ကျင်ဆန္ဒပြရန် ဟောပြောခြင်းနှင့် တပ်မတော်ကို ဂုဏ်သိက္ခာထိခိုက်စေရန် ရေးသားမှုနှင့် ဟောပြောမှု မလုပ်ရန်လည်း ပါရှိသည်။

ကော်မရှင်၏ ကန့်သတ်မှုများကို ချိုးဖောက်သည်ဟု ရွေးကောက်ပွဲ ကော်မရှင်က ယူဆလျှင် ပါတီကို ဖျက်သိမ်းနိုင်ကြောင်း မတ်လအတွင်းက ထုတ်ပြန်သော ရွေးကောက်ပွဲ ဥပဒေများက ပြဌာန်းထားသည်။

ယနေ့အထိ ပါတီမှတ်ပုံတင်လျှောက်ထားသော ပါတီပေါင်း ၄၂ ခု ရှိနေပြီး ၃၃ ပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး ဖြစ်သည်ဟု ကော်မရှင်က ထုတ်ပြန်ထားသည်။

ကော်မရှင်၏ ညွှန်ကြားချက်သည် ထိုးနှက်ချက်တခုဖြစ်ပြီး နိုင်ငံရေး ပါတီဝင်များ စုဆောင်းရခက်စေသည်ဟု ဝေဖန်သူများတွင် စစ်အစိုးရနှင့် ရင်းနှီးသော ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ် ဥက္ကဌ ဦးအေးလွင်လည်း ပါဝင်သည်။

“ကလေးဆန်တယ်လို့ ထင်တယ်။ သာရေးနာရေး အသင်းတွေ၊ ဘောလုံးအသင်းတွေတောင် အလံတွေ ဝှေ့ရမ်းပြီး လုပ်နေတာပဲ။ နိုင်ငံရေးပါတီက တရားဝင်ပါတီဗျာ၊ တရားဝင် ခွင့်ပြုလိုက်ပြီဆိုရင် ပါတီရဲ့ အလံက လွတ်လွတ်လပ်လပ် သုံးခွင့် ရှိရမှာပေါ့”ဟု ဦးအေးလွင်က ပြောသည်။

ညွှန်ကြားချက်က ၂ဝ၁ဝ ခုနှစ်အတွင်း မည်သည့်နေ့ရက်တွင် ပြုလုပ်မည်ဟု မကြေညာသေးသည့် ရွေးကောက်ပွဲတွင် ဝင်ပြိုင်လိုသော နိုင်ငံရေးပါတီများကို အားယုတ် သွားစေသည်ဟု သူက ပြောသည်။

ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဌ ဦးဖြိုးမင်းသိန်းက ” အလှူခံတောင် အလံလွှင့်ပြီး သွားလို့ရတယ်” ဟု ဆိုကာ ကော်မရှင်၏ ညွှန်ကြားချက်ကို နားမလည်နိုင်ကြောင်း ပြောသည်။

ကော်မရှင်၏ ညွန်ကြားချက်တွင် အဆောက်အအုံ၊ ခန်းမထဲတွင် စုဝေး ဟောပြောခြင်းလုပ်လျှင် အဆောက်အအုံ၊ ခန်းမ အပြင်ဘက်တွင် လူစုလူဝေးမရှိစေရဟုလည်း ထည့်သွင်းပါရှိသည်။

လွန်ခဲ့သည့် နှစ် ၂ဝ က နောက်ဆုံးကျင်းပခဲ့သော ရွေးကောက်ပွဲ အကြိုကာလများတွင် နိုင်ငံရေးပါတီများကို နိုင်ငံပိုင် ရုပ်မြင်သံကြားနှင့် ရေဒီယိုများမှ ဝေပုံကျ စည်းရုံး ဟောပြောခွင့် ပေးခဲ့သော်လည်း ယခုတကြိမ်တွင်တော့ ခွင့်ပြုခြင်း မရှိသေးပေ။

၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ အခြေခံ ဥပဒေနှင့် ရွေးကောက်ပွဲ ဥပဒေများ ပြင်ဆင်ရန်လိုအပ်သည်ဟု တောင်းဆိုထားပြီး ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ခြင်း မပြုရန် ဆုံးဖြတ်ထားသည်။

ရွေးကောက်ပွဲ ဥပဒေက ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ၂၁၀၀ ကျော်ရှိသော နိုင်ငံရေး အကျဉ်းသားများကို ရွေးကောက်ပွဲတွင် ပါဝင်ခွင့် တားမြစ် ထားသည်။

http://mizzimaburmese.com/news/2010-election/5571-2010-06-23-13-07-06.html

Most read this week