သြစတြေးလျ ထိန်းသိမ်းရေးစခန်းရှိ မြန်မာများ ဆန္ဒပြ

သြစတြေးလျ ထိန်းသိမ်းရေးစခန်းရှိ မြန်မာများ ဆန္ဒပြ
သြစတြေးလျနိုင်ငံ ဒါဝင်ထိန်းသိမ်းရေးစခန်းတွင် မြန်မာနှင့် အီရတ်နိုင်ငံသားတစု သြစတြေးလျတွင် ခိုလှုံခွင့်ရရေးအတွက်  ယခုလ ၁၅ ရက်နေ့မှစတင်၍ အစာငတ်ခံ ဆန္ဒပြ...

နယူးဒေလီ (မဇ္စျိမ) ။      ။ သြစတြေးလျနိုင်ငံ ဒါဝင်ထိန်းသိမ်းရေးစခန်းတွင် မြန်မာနှင့် အီရတ်နိုင်ငံသားတစု သြစတြေးလျတွင် ခိုလှုံခွင့်ရရေးအတွက်  ယခုလ ၁၅ ရက်နေ့မှစတင်၍ အစာငတ်ခံ ဆန္ဒပြနေသည်။

မြို့တော် ကင်ဘာရာ၏ အနောက်မြောက်ဘက် ၁၉၄၉  မိုင် (၃၁၃၇ ကီလိုမီတာ) ခန့်အကွာတွင် တည်ရှိသည့် နိုင်ငံ့မြောက်ပိုင်း ဒါဝင်မြို့ ထိန်းသိမ်းရေးစခန်းတွင် မြန်မာနှင့် အီရတ်နိုင်ငံသားများ အနည်းဆုံး ၄၁ ယောက်က အမြန်ဆုံး ခိုလှုံခွင့်ရရှိရေးအတွက် လူမှုအကျိုးဆောင်အဖွဲ့များ လာရောက်ကူညီပေးရန် ဆန္ဒပြနေခြင်းဖြစ်ပြီး အကုန်လုံးတော့ အစာငတ်ခံဆန္ဒပြခြင်းမဟုတ်ဟု သိရသည်။

“စခန်းမှာ နေနေတာကြာပြီ။ စခန်းကို လာနေကျ သူတို့အမှုတွေကို စစ်ဆေးပေးနေတဲ့ အဖွဲ့အစည်းတွေ၊ လူဝင်မှု ကြီးကြပ်ရေးတွေ မလာတာ ကြာတယ်လေ။ သူတို့ရဲ့ ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့် ဘာမှမရတော့ အခုလို ဆန္ဒပြတာပါ” ဟု Queens Land ပြည်နယ် Brisbane မြို့တွင် အခမဲ့ လူမှုအကျိုးဆောင်လုပ်ငန်း Voluntary Social Work တွင် အမှုထမ်းနေသူ ကိုစိုးလွင်က မဇ္စျိမကို ပြောသည်။

လူမှုအကျိုးဆောင်အဖွဲ့များ ဒါဝင် ထိန်းသိမ်းရေးစခန်းမရောက်သည်မှာ ၃ လ အနည်းဆုံးရှိပြီဟု သူက ထပ်ပြောသည်။

အီရတ် ၁၀ ဦးမှာ နောက်ပိုင်းတွင် ဆန္ဒပြမှုတွင် မပါဝင်တော့သဖြင့် မြန်မာနိုင်ငံမှဟုဆိုသော ရိုဟင်ဂျာ ၃၁ ဦးသာ  ဆက်လက်ဆန္ဒပြနေခြင်း ဖြစ်သည်။

Brisbane ရှိ ချင်းလူမျိုးအဖွဲ့အစည်းတခုဖြစ်သော ဖလမ်းသမဂ္ဂမှ အတွင်းရေးမှူး ဦးဗျက်သဲက “ပုံမှန်နေတဲ့ အတိုင်းပဲ နေတယ်။ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ဆန္ဒပြတယ်။ အစားမစားဘဲ နေသူတွေလည်း ရှိတယ်။ ဆန္ဒပြသူထဲက မြန်မာတယောက်တော့ နေမကောင်းဖြစ်လို့ ဆေးရုံကို ပို့လိုက်သေးတယ်။ ဆေးရုံကနေ ပြန်ရောက်လာပါပြီ။ လိုက်လျောမှုမရှိရင် ဆက်လက်ဆန္ဒပြမယ်။ တောင်းဆိုတဲ့ အရာတွေ မရရင် ဆက်ပြမယ်” ဟု မဇ္စျိမကို ပြောသည်။

ယခု ဆန္ဒပြသူများးမှာ အီရတ်နှင့် မြန်မာနိုင်ငံသားများဖြစ်ကြပြီး ၎င်းတို့ရပိုင်ခွင့်အတွက် တောင်းဆို ဆန္ဒပြခြင်းဖြစ်ပြီး ယခုလို ဆန္ဒပြသဖြင့် ဒုက္ခသည် လျှောက်ထား မှုအပေါ် ထိရောက်မည် မဟုတ်ကြောင်း ဒါဝင်ထိန်းသိမ်းရေးစခန်းမှ တာဝင်ရှိသူတဦးက ပြောခဲ့ကြောင်း သြစတြေးလျနိုင်ငံ ABC News ၏ ဝဘ်ဆိုဒ်တွင် ဖော်ပြထား သည်။

Most read this week