မြန်မာ့နိုင်ငံရေးပြဿနာ ဖြေရှင်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ တွေ့ဆုံဆွေးနွေးနိုင်ရန် နိုင်ငံတကာအနေဖြင့် ဝိုင်းဝန်းတိုက်တွန်း စေလိုကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဥရောပသမဂ္ဂအား ယမန်နေ့က တောင်းဆိုခဲ့သည်။
ယမန်နေ့ ညနေ ၄ နာရီခန့်တွင် ဥရောပသမဂ္ဂ EU အဖွဲ့ဝင် အနည်းဆုံး ၃ နိုင်ငံမှ မြန်မာနိုင်ငံဆိုင်ရာ သံရုံးကိုယ်စားလှယ် ၁၄ ဦးနှင့် NLD ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ခေါင်းဆောင် ၃ ဦး ရန်ကုန်ရှိ ဗိုလ်ချုပ်ပြတိုက်လမ်းရှိ ဂျာမန်သံအမတ်ကြီး နေအိမ်၌ တွေ့ဆုံခဲ့ရာ၌ ထိုသို့တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
‘’နောက်ဆုံးလမ်းကြောင်းက တွေ့ဆုံဆွေးနွေးရေးပဲ။ ဒီနေ့ပြဿနာက အခြေခံဥပဒေ ဖြစ်နေသလို၊ ဒီအခြေခံဥပဒေ အပါအဝင် ငြိမ်းချမ်းရေး ပြဿနာတွေ၊ ဖွံ့ဖြိုးရေး ပြဿနာတွေကို ဒေါ်အောင်ဆန်းစုကြည်တို့၊ ဦးသန်းရွှေတို့ တွေ့ဆုံဆွေးနွေးကြဖို့ပဲ။ အဲဒီလို တွေ့ဆုံဖြေရှင်းဖို့အတွက် ကမ္ဘာက ဝိုင်းဝန်းတိုက်တွန်းကြပါ။ မဖြစ်နိုင်ဘူးလို့ မယူဆဘူး။ ကျနော်တို့ဘက်ကလည်း အမြဲတမ်း ကမ်းလှမ်းနေတယ်။ သူတို့ဘက်ကလည်း ဝန်ကြီးဦးအောင်ကြည်ကို ခန့်ထားတဲ့အတွက် လမ်းက ဖွင့်ထားပြီးသားပဲ။ သော့ခတ်ထားလို့ မပွင့်တာပဲ ဖြစ်တယ်” ဟု NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်က မဇ္စျိမကို ပြောသည်။
ဆွေးနွေးပွဲသို့ NLD ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များဖြစ်သည့် ဦးဝင်းတင်နှင့် ဦးဟံသာမြင့်တို့ တက်ရောက်ကာ၊ EU ဘက်မှ မြန်မာနိုင်ငံဆိုင်ရာ ဂျာမန်သံအမတ်ကြီး ဦးဆောင်သည့် နယ်သာလန်၊ ဘယ်လ်ဂျီယံ စသည့် နိုင်ငံများမှ သံရုံးကိုယ်စားလှယ်များ၊ ထိုင်းနိုင်ငံအခြေစိုက် ဥရောပသံရုံးမှ လာရောက်သည့် ကိုယ်စားလှယ်များ၊ ဥရောပ သံအရာရှိများ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။
EU ကိုယ်စားလှယ်များက NLD ၏ ရပ်တည်ချက်၊ ရွေးကောက်ပွဲအပေါ် သဘောထား၊ ပါတီတွင်း အကွဲအပြဲ၊ ရွေးကောက်ပွဲအလွန် ခန့်မှန်းချက်များကို မေးမြန်း ခဲ့ကြသည်။
ရွေးကောက်ပွဲတွင် ပြန်လည်မှတ်ပုံမတင်ဘဲ ထားရှိခဲ့ပြီးနောက် ပါတီနိုင်ငံရေးလုပ်ငန်းများ ရပ်နားကာ လူထုအခြေပြုဦးတည်သည့် နိုင်ငံရေးလုပ်ငန်းများကို ဦးစားပေး လုပ်ကိုင်နေကြောင်း NLD ခေါင်းဆောင်များက ဖြေကြားခဲ့ကြသည်။
“ရွေးကောက်ပွဲ မဝင်ရတာက ၂ဝဝ၈ အခြေခံဥပဒေကို အသိအမှတ်မပြုဘူး။ ပါတီမှတ်ပုံတင်မယ်ဆိုရင် အခြေခံဥပဒေကို အသိအမှတ်ပြုရမယ်။ ဒီဥပဒေကို အလုပ် အကျွေး ပြုရမယ်ဆိုတော့၊ ဒီအခြေခံဥပဒေကို လက်မခံခြင်းဟာ အဓိကကိစ္စ။ အကွဲအပြဲဆိုတာနဲ့ပတ်သက်လို့ ကျနော်တို့က အကွဲအပြဲမဟုတ်ဘူး။ ဘယ်တုန််းကမှ မကွဲဘူး။ ဧပြီလ ၂၉ ရက်နေ့တုန်းက ပါတီရုံးမှာ ငြင်းတာခုန်တာတို့၊ သဘောထားကွဲတာတို့ ဘာမှ မရှိခဲ့ဘူး။ အဲဒီနောက်ပိုင်း ရက်ပေါင်း ၃ဝ လောက်အထိ ပါတီ အတွင်း မှာ ရှိနေတယ်။ ပါတီကို မှတ်ပုံမတင်တော့ဘူးဆိုခြင်းကြောင့် မေလ ၆ ရက်နေ့အထိ ရှိနေတယ်” ဟု ဦးဝင်းတင်က ပြောသည်။
စစ်အစိုးရ ရွေးကောက်ပွဲဥပဒေအရ ရက် ၆ဝ အတွင်း ပြန်လည်မှတ်ပုံခြင်းမပြုသဖြင့် မေလ ၆ ရက်နေ့တွင် ပါတီပျက်ပြယ်ပြီးနောက် NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်ဟောင်း ၄ ဦး၊ ဗဟိုဦးစီးအဖွဲ့ဝင်ဟောင်း ရ ဦးနှင့် အဖွဲ့ဝင်ဟောင်း အချို့အပါအဝင် ၁၇ ဦးက အမျိုးသားဒီမိုကရေစီအင်အားစုပါတီကို ဖွဲ့စည်းကာ ပါတီမှတ်ပုံတင် ခဲ့ခြင်းအပေါ် EU သံရုံးကိုယ်စားလှယ်များ မေးမြန်းခဲ့ခြင်း ဖြစ်သည်။
ရွေးကောက်ပွဲအလွန် ဖြစ်ပေါ်လာမည့် အခြေအနေကို ဦးဝင်းတင်က “ရွေးကောက်ပွဲအလွန်မှာ ဒေါ်အောင်ဆန်းစုကြည် လွတ်လာမယ်။ နိုင်ငံရေး အခြေအနေအရ စစ်အစိုးရ ဝန်းရံတဲ့ ကြံ့ဖွံ့တွေ ဝင်စီးတာကြောင့် ပါတီတွေကြားထဲမှာ မကျေလည်မှုတွေ ရှိမယ်။ တိုင်းပြည်က ပိုမိုနစ်မွန်းလာရင် တိုင်းပြည်ကလည်း လှုပ်လှုပ်ရွရွ ဖြစ်လာနိုင်တယ်” ဟု ပြောသည်။
အလားတူပင် NLD ခေါင်းဆောင်များနှင့်သာမက ဥရောပသမဂ္ဂ ကိုယ်စားလှယ်များက ၂ဝ၁ဝ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီ ၄ ပါတီမှ ခေါင်းဆောင်များကို ရန်ကုန်မြို့ရှိ ဂျာမန်သံအမတ်ကြီး နေအိမ်တွင် ယမန်နေ့ ညနေ ၃ နာရီခွဲမှ ၄ နာရီခန့်အထိ တွေ့ဆုံကာ ၂ဝ၁ဝ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပါတီ၏ မူဝါဒများကို မေးမြန်းခဲ့သေးသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စု ဒီမိုကရေစီမဟာမိတ်မှ ဦးဖြိုးမင်းသိန်း၊ အမျိုးသားဒီမိုကရေစီအင်အားစုမှ ဒေါက်တာ သန်းငြိမ်းနှင့် ဦးခင်မောင်ဆွေ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးမှ ဗဟိုကော်မတီဝင်များဖြစ်သည့် ဦးဟန်ရွှေနှင့် ဦးသိန်းထွန်း၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးမှ အတွင်းရေးမှူး ဦးနေမျိုးဝေတို့ တက်ရောက် ခဲ့သည်။
ယင်း ၄ ပါတီမှ ခေါင်းဆောင်များအား ရွေးကောက်ပွဲတွင် မည်သို့သောကြောင့် ဝင်ရောက်ရပုံ၊ ရွေးကောက်ပွဲတွင် တရားမျှတမှု ရှိမရှိ၊ မည်သို့ စည်းရုံးရေး ဆင်းမည် နည်း၊ တိုင်းရင်းသားဒေသများနှင့် တိုင်းရင်းသား လူမျိုးများအပေါ် သဘောထား စသည်များကို EU ဘက်က မေးမြန်းခဲ့သည်။
“ဒီရွေးကောက်ပွဲက ဥပဒေအရ တရားမျှတမှု မရှိဘူးဆိုတာ သိပေမယ့် ၂ဝ၁ဝ မတိုင်ခင်တုန်းက စစ်အစိုးရဟာ မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံရေးကို ပတ်ပြီးနင်းထားတဲ့ အတွက်ကြောင့်မို့လို့ အခုပေါ်လာတဲ့ ကွက်လပ်လေး ထွက်လာတဲ့အခါမှာ ပြည်သူအတွက် ရအောင်ယူရမယ်လို့ ပြောခဲ့တယ်” ဟု အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ဦးခင်မောင်ဆွေက ပြောသည်။
တိုင်းရင်းသားများအရေးနှင့်ပတ်သက်၍ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များ၊ တန်းတူညီမျှ ရပိုင်ခွင့်များကို မူအားဖြင့် ထားပါကြောင်း ၎င်းတို့ပါတီအနေဖြင့် သဘောထားရှိကြောင်း သူက ပြောသည်။
ပြည်ထောင်စု ဒီမိုကရေစီမဟာမိတ်ပါတီ ဥက္ကဋ္ဌ ကိုဖြိုးမင်းသိန်းက “ရွေးကောက်ပွဲကို လွတ်လပ်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ဝိုင်းဝန်းကူညီကြဖို့၊ မြန်မာအစိုးရအနေနဲ့ ကတိကဝတ် ပြုထားတဲ့အတိုင်း ရွေးကောက်ပွဲအပြီး ဆောင်ရွက်ပေးသင့်တယ်လို့ ကျနော်တို့ပါတီက မေတ္တာရပ်ခံတင်ပြခဲ့တယ်” ဟု ဆိုသည်။