မြန်မာစစ်အစိုးရက အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးထားခြင်းသည် တရားမဝင်ကြောင်းနှင့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာ စာတမ်းကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ကုလသမဂ္ဂ လုပ်ငန်းအဖွဲ့က ရှုတ်ချလိုက်သည်။
လာမည့် ၁၉ ရက်နေ့တွင်ကျရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်မြောက် မွေးနေ့မတိုင်မီတွင် ရုရှားအပါအဝင် ငါးနိုင်ငံပါဝင်သော ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ လက်အောက်ခံအဖွဲ့ဖြစ်သော ဆွစ်ဇာလန်အခြေစိုက် ကုလသမဂ္ဂ လုပ်ငန်းအဖွဲ့က ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွတ်လပ်ခွင့်ကို ဆက်လက် ငြင်းပယ်နေတာဖြစ်ပြီး ဒါဟာ ကုသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းပါ အပုဒ် ၉၊ ၁ဝ၊ ၁၉ နဲ့ ၂ဝ တို့ကို ချိုးဖောက်နေတာပါ” ဟု ကုလလုပ်ငန်းအဖွဲ့၏ ထုတ်ပြန်ချက်က ပြောသည်။
လူ့အခွင့်အရေး ကြေညာစာတမ်းကို ၁၉၄၈ ခု ဒီဇင်ဘာ ၁ဝ ရက်နေ့တွင် ကုလညီလာခံကြီးမှ အတည်ပြုခဲ့ပြီး အစိုးရများအနေဖြင့် ဥပဒေနှင့် မညီဘဲ မည်သူ့ကိုမျှ ဖမ်းဆီးခြင်း မပြုရန်၊ လွတ်လပ်သည့် တရားရုံးများဖြင့်သာ တရားစီရင်ရမည်ဖြစ်ပြီး လွတ်လပ်စွာ ထင်မြင်ယူဆခွင့်နှင့် စုဝေးဖွဲ့စည်းခွင့်တို့ကို အာမခံရန် ပါရှိသည်။
လုပ်ငန်းအဖွဲ့က ” ဘာကြောင့် အဖမ်းခံရတယ်ဆိုတာကို သူမကို မပြောဘူး၊ ထိရောက်တဲ့ ဖြေရှင်းခွင့်မပေးဘူး၊ မှတ်တမ်းတွေလည်း မပေးအပ်သလို သူမအခွင့်အရေး ကိုလည်း အသိမပေးဘူး။ ပြင်ပကမ္ဘာနဲ့ ဆက်ဆံခွင့်မပြုသလို သူမရဲ့ နိုင်ငံရေး ယုံကြည်ချက်ကြောင့် ထိန်းသိမ်းခံနေရတာလည်း ဖြစ်တယ်” ဟု ဖော်ပြထားသည်။
၂ဝ၁ဝ ခုနှစ်အတွင်း ကုလလက်အောက်ခံ အဖွဲ့အစည်းတခု၏ မြန်မာစစ်အစိုးရအပေါ် အပြင်းထန်ဆုံးသော ရှုတ်ချပြောဆိုမှုလည်း ဖြစ်ကာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းအပေါ် ဖိအားတခု ဖြစ်စေသည်ဟု ဝေဖန်သူများက ပြောသည်။
စက်တင်ဘာလ ၂ဝ၁ဝ ခုနှစ်တွင် သက်တမ်းကုန်ဆုံးမည့် လက်ရှိ ကုလလုပ်ငန်းအဖွဲ့တွင် ရုရှား၊ ဆီနီဂေါ၊ ပါကစ္စတန်၊ ချီလီနှင့် နော်ဝေနိုင်ငံမှ ဥပဒေ ကျွမ်းကျင်သူများ ပါဝင်သည်။
နေအိမ်အတွင်း အမေရိကန်နိုင်ငံသား ဂျွန်ယက်တော ခိုးဝင်ခြင်းကို ဧည့်ခံမှုဖြင့် မြန်မာ့ငြိ်မ်းချမ်းရေး နိုဘယ်ဆုရှင်သည် ၁၈ လ နေအိမ်တွင် ချုပ်နှောင်ထားရန် အပြစ်ပေး ခံထားရသည်။
မြန်မာစစ်အစိုးရသည် ပျက်ပြယ်သွားပြီးဖြစ်သော ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကိုးကားကာ ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်ပေးခဲ့ခြင်းအတွက် တရားမဝင် ကြောင်းနှင့် အမြန်ဆုံးလွှတ်ပေးရန် ကုလလုပ်ငန်းအဖွဲ့က ပြောသည်။
မွေးနေ့ရှင်မပါသော မွေးနေ့အတွက် သူမကို ထောက်ခံသူများက ပြည်တွင်းပြည်ပတွင် အထိမ်းအမှတ် သစ်ပင်စိုက် လှုပ်ရှားမှုများ၊ “ပြည်သူ့ ရွေးကောက်ပွဲ” အမည်ရှိ “ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှု” များ ပြုလုပ်နေကြသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူငယ်များက တိုင်းနှင့် ပြည်နယ် ၁၃ခု၌ တမြို့နယ်လျှှင် သစ်ပင် ၆၆ ပင်ကျ စုစုပေါင်း ၁ သောင်းကျော်ကို စိုက်ပျိုးပြီးဖြစ်ကြောင်း အဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ဝင် ဒေါ်ဖြူဖြူသင်းက ပြောသည်။
အလားတူပင် တပ်ပေါင်းစုများ အပါအဝင် ပြည်ပရောက် အတိုက်အခံ နိုင်ငံရေးအဖွဲ့ ၁ဝ ဖွဲ့ ပူးပေါင်း၍ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် သတင်းစာ ရှင်းလင်းပွဲတခု ယနေ့ ပြုလုပ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး၊ တွေ့ဆုံဆွေးနွေးရန် ထပ်မံ တောင်းဆိုလိုက်ကြသည်။
၁ဝ ဖွဲ့ပေါင်းအုပ်စုက “ပြည်သူ့ရွေးကောက်ပွဲ” များ ၁၄ နိုင်ငံတွင် မဲကောက်ခံမှုများကို ပြုလုပ်ပြီး ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ မတိုင်မီ အဆုံးသတ်လိုက်ကြသည်။
”ပြည်သူ့ရွေးကောက်ပွဲ” ဆိုသည်မှာ ဆန္ဒမဲ ပို့စ်ကဒ်ပြားတွင် ဖော်ပြထားသော ၁၉၉ဝ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့အနက် နှစ်သက်ရာကို မဲထဲ့ခိုင်းခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်ကိုသာ ရွေးချယ်ထားကြသော ဆန္ဒမဲပြားပေါင်း ၃၉ဝဝဝ ကျော်ကို သီတင်းပတ် နှစ်ပတ်ကျော်အတွင်း ကောက်ခံရရှိထားပြီး ဖြစ်ကြောင်း ၁ဝ ဖွဲ့ပေါင်း အုပ်စု နိုင်ငံခြားရေး တာဝန်ခံ ဦးသွင်လင်းအောင်က ပြောသည်။