ခိုးကူးခွေ စီမံချက်ကြောင့် မူရင်းခွေ ရောင်းအားတက်

ခိုးကူးခွေ စီမံချက်ကြောင့် မူရင်းခွေ ရောင်းအားတက်
by -
ဆလိုင်း ဟံသာစန်း
မြန်မာတေးသီချင်းနှင့် ဗီဒီယိုဇာတ်လမ်း ခိုးကူးခွေများအား စီမံချက်ဖြင့် ဖမ်းဆီးနေသဖြင့် မူရင်းခွေများ ရောင်းအား ပြန်တက်လာကြောင်း ရန်ကုန်မြို့ရှိ ဗီဒီယို ဖြန့်ချိရေးနှင့် တေးသံသွင်းဆိုင်များ အဆိုအရ သိရ...

နယူးဒေလီ (မဇ္ဈိမ) ။    ။ မြန်မာတေးသီချင်းနှင့် ဗီဒီယိုဇာတ်လမ်း ခိုးကူးခွေများအား စီမံချက်ဖြင့် ဖမ်းဆီးနေသဖြင့် မူရင်းခွေများ ရောင်းအား ပြန်တက်လာကြောင်း ရန်ကုန်မြို့ရှိ ဗီဒီယို ဖြန့်ချိရေးနှင့် တေးသံသွင်းဆိုင်များ အဆိုအရ သိရသည်။

ယခုလ ၁ ရက်နေ့မှ စတင်ကာ ခိုးကူးခွေရောင်းချခြင်း၊ လက်ဝယ်ထားရှိခြင်းနှင့် ပြသခြင်းတို့ လုပ်ဆောင်ပါက ထောင်ဒဏ် ၃ နှစ် ပြစ်ဒဏ်ချမည်ဟု ရန်ကုန်တိုင်း ကောင်စီ (တယက) က ကြေညာခဲ့အပြီး ရဲနှင့် မြို့နယ် ဗီဒီယိုအခြေခံ အဖွဲ့ဝင်များက လှည့်လည် စောင့်ကြည့်နေခြင်းကြောင့် ခွေရောင်းအားများ မြင့်တက်လာခြင်း ဖြစ်သည်။

“ခိုးကူးခွေနဲ့ ပတ်သက်ရင် ထောင်ဒဏ် မဖြစ်မနေ ချမှတ်မယ်လို့ ကြေညာတဲ့နောက်ပိုင်း ရန်ကုန်ရော၊ နယ်တွေရော ခွေတွေ ပိုမှာလာကြတယ်။ ရောင်းအားတက်လာ တယ်ပေါ့နော်။ အခုလိုမျိုး မမှာတာ နှစ်နဲ့ကို ချီနေပြီ။ ” ဟု ကျောက်တံတားမြို့ သရဝဏ် ဗီဒီယိုဖြန့်ချိရေးမှ တာဝန်ရှိသူတဦးက ပြောသည်။

ကျောက်တံတားမြို့ ထွန်းတောက်ကြယ် ဗီဒီယိုထုတ်လုပ်ဖြန့်ချိရေးမှ တာဝန်ရှိသူတဦးကလည်း “အရင်တုန်းကဆိုရင် နယ်တွေဘက်က ခွေမှာရင် နည်းနည်းလေးပဲ။ အခု ဒီလထဲမှာ ကျတော့ ခွေမှာတဲ့အရေအတွက် ဆယ်ဂဏန်းလောက် ပိုများလာတယ်။ ဒါက ကောင်းတဲ့ လက္ခဏာပါပဲ” ဟု ပြောသည်။

ထို့အပြင် ဗီဒီယို ဖြန့်ချိရေးဆိုင်များနည်းတူ တေးသံသွင်းဆိုင်များ၌လည်း ရောင်းအားတက်လာသည်။

“ဒီလ ၃ ရက်နေ့က L ဆိုင်းဇီခွေထွက်တယ်။ အဲဒါ နယ်တွေက အော်ဒါ ပိုမှာလာလို့ မူရင်း ဖြန့်ချိရေးဆီက ခွေပိုယူရမယ့် အခြေအနေ ရှိတယ်။ ဒီလထဲမှာ အသစ်ထွက်တဲ့ ခွေတွေအပြင် ခွေအဟောင်းတွေပါ အရောင်းသွက်လာတယ်” ဟု  လသာမြို့နယ်ရှိ လသာတေးသံသွင်းဆိုင် အရောင်းမန်နေဂျာက ပြောသည်။

သက်သေခံပစ္စည်းနှင့်တကွ ဖမ်းဆီးရမိပါက ရုပ်မြင်သံကြားနှင့် ဗီဒီယို အက်ဥပဒေ ပုဒ်မ ၃၂ အရ ထောင်ဒဏ် ၃ နှစ်နှင့် ဒဏ်ငွေ ကျပ် ၁ သိန်း ကျခံရန် သတ်မှတ် ထားကြောင်း သိရသည်။

ခိုးကူးခွေအမှုတခုကို ဖမ်းဆီးရမိပါက ရဲစခန်းက ရုပ်ရှင်အစည်းအရုံး လက်အောက်ရှိ မြို့နယ်ဗီဒီယိုအခြေခံအဖွဲ့ထံ သိမ်းဆည်းရမိသည့် ပစ္စည်းများကို အပ်နှံရပြီး ယင်းအဖွဲ့မှ တရားခံအား မည်သည့် ဥပဒေပုဒ်မဖြင့် တရားစွဲဆိုပါရန် ရဲစခန်းအား စာဖြင့်အကြောင်းပြန်လေ့ရှိသည်။

မင်္ဂလာတောင်ညွန့်၊ ၉၄ လမ်းမှ ဒေသခံတဦးက “အရင်တုန်းက ကျမတို့လမ်းထဲမှာတင် ဆိုင်တွေအများကြီးပဲ။ အခုတော့ ဖမ်းနေလို့ထင်တယ်။ ကြက်ပျောက်၊ ငှက်ပျောက်ပဲ။ မတွေ့ရတော့ဘူး” ဟု ဆိုသည်။

အင်းစိန်နှင့် လမ်းမတော်မြို့မှ ဒေသခံအချို့ကလည်း ယခုအပတ်အတွင်း  ခိုးကူးခွေ ရောင်းသည့်ဆိုင်များ မတွေ့ရတော့ကြောင်း ပြောဆိုကြသည်။

ခိုးကူးခွေများသည် ၂၀၀၂ ခုနှစ်ခန့်မှ စတင်၍ ဂီတလောကစျေးကွက်အတွင်း ထိုးဖောက်ဝင်ရောက်လာပြီးနောက် ရုပ်ရှင်၊ ဗီဒီယိုခွေများကိုပါ ခိုးကူးလာကြသဖြင့် ပြည်တွင်း ဂီတနှင့် ရုပ်ရှင်၊ ဗီဒီယို ဖြန့်ချိရေး စျေးကွက်အတွက် အဓိက ထိုးနှက်ချက်တခု ဖြစ်ခဲ့သည်။

မူရင်းခွေတခွေ၏ တန်ဖိုးမှာ ကျပ်ငွေ ၁၅၀၀ ဝန်းကျင်ရှိသော်လည်း ခိုးကူးခွေ၏ တန်ဖိုးမှာမူ ကျပ် ၃၅၀ ခန့်သာရှိသဖြင့် ဝယ်ယူရန်လွယ်ကူပြီး စျေးနှုန်းချိုသာသည့် ခိုးကူးခွေများကို အားပေးမှု စထက်တစ များပြားလာရာမှ စျေးကွက်ကို ထိခိုက်လာသဖြင့် ၂၀၀၈ ခုနှစ်မှ စတင်ကာ မြန်မာ့ဂီတ လောကတွင် ခွေအထွက်နှုန်း တဖြည်းဖြည်း လျော့ကျသွားခဲ့ကြောင်း သိရသည်။

http://www.mizzimaburmese.com/news/business/5495-2010-06-10-11-47-15.html