တခါသုံး ဖုန်းကဒ်များကို ဝယ်ယူပါက မှတ်ပုံတင်မိတ္တူပါ တောင်းခံခဲ့သည့် ယခုနှစ် မေလဆန်းပိုင်းမှ စတင်ကာ ဖုန်းကဒ်ရောင်းအား ထက်ဝက်ခန့် ကျဆင်းသွားကြောင်း ရန်ကုန်တိုင်းရှိ ဖုန်းကဒ် အရောင်းဆိုင်များ အဆိုအရ သိရသည်။
ဖုန်းကဒ်ဝယ်ရန် မှတ်ပုံတင် မိတ္တူပေးရခြင်း မရှိသည့် သင်္ကြန်မတိုင်ခင်ကာလ ရောင်းအားထက် ထက်ဝက်ခန့် ကျဆင်းသွားကြောင်း ရန်ကုန်မြို့ရှိ ဖုန်းကဒ်အရောင်းဆိုင် များက တညီတညွတ်တည်း ပြောဆိုကြခြင်း ဖြစ်သည်။
“မှတ်ပုံတင် မိတ္တူတောင်းတဲ့နောက်ပိုင်း ရောင်းအား တဝက်လောက် ကျသွားတယ်။ သင်္ကြန်မတိုင်ခင်က တနေ့ကို ကဒ် ၃ဝဝ နီးပါး ရောင်းရတယ်။ အခု ၁၅ဝ လောက်ပဲ ရောင်းရတော့တယ်” ဟု ရန်ကုန်တိုင်း တာမွေမြို့နယ်မှ ဖုန်းကဒ် အရောင်းဆိုင် မန်နေဂျာတဦးက မဇ္စျိမကို ပြောသည်။
မရမ်းကုန်းမြို့နယ်ရှိ ဖုန်းကဒ်အရောင်းဆိုင် ဝန်ထမ်းတဦးကလည်း “အစပိုင်းတုန်းက ဝယ်သူကို မှတ်ပုံတင်မိတ္တူမပေးရင် ရောင်းလို့မဖြစ်ဘူးလို့ ပြောလိုက်တော့ ပြန်ယူဦးမယ်ဆိုပြီး ပေါ်မလာတော့ဘူး။ အဲလိုတွေ များတယ်။ အခုတော့ သိကုန်ကြတော့ မိတ္တူတွေ ယူလာကြပါတယ်။ အရောင်းတော့ တဝက်လောက် ကျသွားတယ်” ဟု ပြောသည်။
ရန်ကုန်မြို့ အင်းလျားလမ်းရှိ X2O မဏ္ဍပ်တွင် ယခုနှစ် ဧပြီလ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုတွင် မိုဘိုင်းဖုန်း အသုံးပြုသည်ဟု ရဲချုပ်ခင်ရီက ပြီးခဲ့သည့် လဆန်းပိုင်းတွင် နေပြည်တော်၌ ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ပြီးနောက်ပိုင်း ဖုန်းကဒ်ဝယ်ယူသူများ၏ မှတ်ပုံတင်မိတ္တူ တောင်းခံလာခြင်း ဖြစ်သည်။
“မိတ္တူကို Central Marketing ကုမ္ပဏီက တောင်းခိုင်းတာပါ။ အဲဒါတွေကို ကုမ္ပဏီကို ပြန်သွင်းရပါတယ်။ သူတို့ကတဆင့် မြန်မာ့ဆက်သွယ်ရေးကို ထပ်တင်ရတာပေါ့” ဟု လသာမြို့နယ်မှ ဖုန်းကဒ် အရောင်းဆိုင်မန်နေဂျာက ပြောသည်။
ဝ၉ နှင့်စတင်ကာ ဂဏန်း ၉ လုံးပါဝင်သည့် FEC ၁ဝ တန်၊ ၂ဝ တန်နှင့် ၅ဝ တန်တခါသုံး ဖုန်းကဒ်များကို ထူးထရေးဒင်း ကုမ္ပဏီ၏ ကုမ္ပဏီခွဲဖြစ်သော Central Marketing Co.,Ltd က တဦးတည်း ကိုယ်စားလှယ်အဖြစ် ရောင်းချခွင့် ရရှိထားသည်။
FEC ၁ဝ တန်နှင့် ၂ဝ တန်ဖုန်းကဒ်ကို GSM ဖုန်း ဟန်းဆက်တွင် ထည့်သွင်းအသုံးပြုနိုင်သည်။ ၁ဝ တန်ကဒ်အတွက် အသုံးပြုရန် သတ်မှတ်ချိန်မှာ ၁၄ ရက်ဖြစ်ပြီး၊ ၂ဝ တန်ကဒ်မှာ ၁ လ အသုံးပြုနိုင်သည်။
အရောင်းဆိုင်များတွင် ၁ဝ တန်ဖုန်းကဒ်ကို ကျပ် ၁၅ဝဝဝ ဖြင့်လည်းကောင်း ၂ဝ တန် ဖုန်းကဒ်ကို FEC စျေးအတက်အကျအပေါ် မူတည်၍ ကျပ် ၂ဝဝဝဝ မှ ၂၂ဝဝဝ စျေးနှုန်းဖြင့်လည်းကောင်း ဝယ်ယူနိုင်သည်။
FEC ၅ဝ တန် ဖုန်းကဒ်မှာ ကမ်းရိုးတန်းဖုန်း (ခေါ်) CDMA 450 မဂ္ဂါဟဇ်ဟန်းဆက်တွင် ထည့်သွင်း အသုံးပြုနိုင်ပြီး အသုံးပြုရန် သတ်မှတ်ချိန်မှာ ၂ လ ဖြစ်သည်။ ယင်းဖုန်းကဒ်ကို ကျပ်ငွေ ၅ဝဝဝဝ မှ ၅၅ဝဝဝ ကြားစျေးနှုန်းဖြင့် ဝယ်ယူနိုင်သည်။
FEC ၂ဝ တန်ကို ၂ဝဝ၈ ခုနှစ် ဒီဇင်ဘာလ၊ FEC ၅ဝ တန်မှာ ၂ဝဝ၉ ခုနှစ် ဇွန်လတွင် စျေးကွက်သို့ စတင်ဝင်ရောက်လာခဲ့သည်။