မယ်လစခန်းတွင် ကာလဝမ်းရောဂါသည် တိုးပွားလာ

မယ်လစခန်းတွင် ကာလဝမ်းရောဂါသည် တိုးပွားလာ
by -
ကျော်ခ
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မြောက်ဘက် ကီလိုမီတာ ၆ဝ အကွာရှိ မယ်လဒုက္ခသည်စခန်းတွင် “ကာလဝမ်းရောဂါ” ဖြစ်သူ ၁၁ ရက်အတွင်း ၄ ဆကျော် တိုးပွား လာရာ ၃၁ ဦး ရှိသွားပြီဖြစ်ကြောင်း စခန်းတွင်းဆေးရုံမှ စုံစမ်းသိရှိရ...

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မြောက်ဘက် ကီလိုမီတာ ၆ဝ အကွာရှိ မယ်လဒုက္ခသည်စခန်းတွင် “ကာလဝမ်းရောဂါ” ဖြစ်သူ ၁၁ ရက်အတွင်း ၄ ဆကျော် တိုးပွား လာရာ ၃၁ ဦး ရှိသွားပြီဖြစ်ကြောင်း စခန်းတွင်းဆေးရုံမှ စုံစမ်းသိရှိရသည်။

ဝမ်းလျှှောဝမ်းပျက်သဖြင့် ယခင်လ ၂၅ ရက်နေ့တွင် စခန်းအတွင်းရှိ Aide Medical International (AMI) ဆေးရုံသို့ ရောက်ရှိလာသူ လူနာ ရ ဦး ၏ မစင်နမူနာများကို မဲဆောက်ဆေးရုံသို့ ပေးပို့စစ်ဆေးစေခဲ့ပြီးနောက် “ကာလဝမ်းရောဂါ” ခံစားနေရကြောင်း ၂၇ ရက်နေ့တွင် အတည်ပြုနိုင်ခဲ့သည်။

ယင်းရက်နောက်ပိုင်း ဝမ်းလျှှောလူနာများ AMI ဆေးရုံသို့ နေ့စဉ်ရောက်ရှိလာရာ ယမန်နေ့အထိ စုစုပေါင်း ၆၄ ဦး ရှိသွားခဲ့ပြီး ၎င်းတို့၏ မစင်များကိုလည်း မဲဆောက် ဆေးရုံကြီးသို့ ပေးပို့စစ်ဆေးပြီး ၃၁ ဦးသည် ကာလဝမ်းရောဂါ ဖြစ်နေကြောင်း ထပ်မံအတည်ပြုနိုင်ခဲ့သည်။ ကျန် ၃၃ ဦးမှာမူ အဖြေမရသေးကြောင်း AMI ဆေးရုံအုပ် ထံမှ သိရသည်။

မဲဆောက်မြို့အခြေစိုက် မယ်တော်ဆေးခန်းတာဝန်ခံ ဒေါက်တာစင်သီယာမောင်ကလည်း ကာလဝမ်းရောဂါ ဖြစ်ပွားရခြင်းသည် ယင်လုံအိမ်သာ မသုံးစွဲနိုင်မှု၊ မသန့်ရှင်းသော ရေကို သောက်သုံးခြင်းနှင့် မလတ်ဆတ်သည့် အသီးအရွက်များကို စားသုံးခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

“အဓိက ကတော့ သန့်ရှင်းတဲ့ ရေနဲ့ အိမ်သာတွေ လုံလုံလောက်လောက်ရှိဘို့နဲ့ မလတ်ဆတ်တဲ့ အစားအစာတွေ မစားကြဖို့ပေါ့နော်။ အခုဖြစ်တာလည်း အဲဒါတွေက ဖြစ်တာပဲလေ” ဟု သူက မဇ္စျိမကို ပြောသည်။

မယ်လ ဒုက္ခသည်စခန်းရှိ ရပ်ကွက် ၂၂ ခုအနက် ၆ ခုတွင် ရောဂါဖြစ်နေပြီး C.1 (B)၊ C. 3 (B)၊ C.3 (A)၊ C.1 (A) တို့တွင် အများဆုံးဖြစ်ပြီး B.2၊ B.5 ရပ်ကွက် ၂ ခုတွင်မူ အနည်းစု ဖြစ်သည်။

ကာလဝမ်းရောဂါဖြစ်သူ ၃၁ ဦးအား AMI ဆေးရုံ ကူးဆက်ရောဂါ ကုသရေးဌာနတွင် သီးသန့်စီခွဲ၍ ကုသပေးနေပြီး အဖြေမသိရသေးသူ ၃၃ ဦးကိုမူ သူတို့၏ နေအိမ်များတွင် သွားရောက်ကုသပေးနေကြောင်း AMI ဆေးရုံအုပ် စောနေစဲန်က ပြောသည်။

“ပထမအချက်က သူတို့သောက်သုံးနေတဲ့ ရေတွင်းတွေက ရေတွေကို စစ်ကြည့်တော့ အဲဒီမှာ ကာလဝမ်းရောဂါပိုးတွေ တွေ့တယ်။ အမှည့်လွန်တဲ့ သရက်သီးတို့ ကြက်မောက်သီးတို့ တခြား ရက်လွန် ဟင်းသီး၊ ဟင်းရွက်တွေမှာလည်း တွေ့ရတယ်” ဟု သူက မဇ္စျိမကိုပြောသည်။

Aide Medical International (AMI) သည် ပြင်သစ်အခြေစိုက် နိုင်ငံတကာ ဆေးဘက်ဆိုင်ရာ အဖွဲ့စည်းတခုဖြစ်ပြီး ထိုင်းနိုင်ငံတွင်းရှိ မယ်လ၊ နို့ဖိုး၊ အုန်းဖျံ ဒုက္ခသည် စခန်းများတွင် ကျန်းမာရေးလုပ်ငန်းများ လုပ်ဆောင်နေသည်။

မယ်လစခန်းတွင် အိမ် ၃ လုံးလျင် ယင်လုံ (ရေသုံး) အိမ်သာ ၁ လုံးနှုန်းသာရှိပြီး ရေမသုံးသည့် အိမ်သာများလည်း အသုံးပြုနေကြကြောင်း သိရသည်။

“တချို့တွေကြတော့ အိမ်သာတလုံးတည်း စုမတက်ချင်ဘူး။ နေရာကကျဉ်းတော့ အိမ်အောက်မှာပဲ ကျင်းတူးပြီး ရေလောင်းအိမ်သာမဟုတ်တဲ့ ဟာတွေ အသုံးပြု ကြတယ်။ နောက်ဆက်တွဲ ပြဿနာက ရေကလည်း မလုံလောက်ဘူး။ လက်နဲ့တူးတဲ့တွင်းတွေက ရေတွေသုံးတော့ အဲဒီရေတွေထဲမှာ ပိုးတွေတွေ့ရတယ်” ဟု စောနေစဲန်က မဇ္စျိမကို ပြောသည်။

ယခုအခါ ပိုးတွေ့ရသည့် ရေတွင်းများကို အသုံးမပြုရန် ချိတ်ပိတ်ထားကြောင်း သိရသည်။

ဝမ်းရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ စခန်းတာဝန်ရှိသူများနှင့် AMI ဝန်ထမ်းများက မသန့်ရှင်းသောရေများ မသောက်သုံးရန်၊ မသန့်ရှင်းသော သစ်သီး သစ်ဥများ မစားရန်နှင့် အိမ်သာတက်ပြီးလျှင် လက်ဆေးကြရန် ရက်ကွက်အလိုက် လိုက်လံ၍ တိုက်တွန်းနေသည်ဟု သိရသည်။

အိမ်သာနှင့် ရေတွင်း ရေကန်များကို ပိုးသတ်ဆေးများ လိုက်ဖျန်းကြပြီး မသန့်ရှင်းသည့် ဟင်းသီး၊ ဟင်းရွက်များနှင့် သစ်သီးများကိုလည်း မရောင်းချရန် တားမြစ် ထားကြောင်း စခန်းကော်မတီ ဥက္ကဋ္ဌ စောထွန်းထွန်းက မဇ္စျိမကို ပြောသည်။

မယ်လစခန်းထဲ၌ ၂ဝဝ၇ ခုနှစ်တွင် ယခုကဲ့သို့ ကာလဝမ်းရောဂါမျိုး တကြိမ်ဖြစ်ပွားခဲ့သော်လည်း သေဆုံးသူ မရှိခဲ့ကြောင်း သိရသည်။

ထိုင်း-မြန်မာနယ်စပ် ထိုင်းနိုင်ငံအတွင်းရှိ မယ်လဒုက္ခသည်စခန်းတွင် ပြည်တွင်းစစ်နှင့် နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ထွက်ပြေးလာသည့်  ကရင်အများစု ဖြစ်သည့် ဒုက္ခသည်များ နေထိုင်ကြပြီး ယခုနှစ်မတ်လအထိ စုစုပေါင်း ၄ သောင်းခန့် ရှိသည်ဟု ဒုက္ခသည်များကို အကူညီပေးနေသော TBBC အဖွဲ့က ထုတ်ပြန်ထားသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်း ၉ ခုသို့ ရောက်ရှိနေသော ဒုက္ခသည်ပေါင်းမှာ ၂ဝ၁ဝ မတ်လအထိ ၁၄ဝဝဝဝ ဦးခန့်ရှိကြောင်း ယင်းအဖွဲ့က ဆိုသည်။

Most read this week