နော်ဝေးနိုင်ငံ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီး မစ္စတာ အဲရစ် ဆိုလ်ဟိန်းမ်က မြန်မာနိုင်ငံဆိုင်ရာ ကုလကိုယ်စားလှယ်နှင့်အတူ နာဂစ်ဆိုင်ကလုံး မုန်တိုင်းသင့် ဒေသသို့ သွားရောက် လေ့လာခဲ့သည်။
၃ ရက်ကြာခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ မေ ၃၁ ရက် နေ့က ရောက်ရှိလာသော မစ္စတာ အဲရစ် ဆိုလ်ဟိန်းမ်နှင့်အဖွဲ့သည် လွန်ခဲ့သည့် ၂ နှစ်ကျော်က နာဂစ်မုန်တိုင်း တိုက်ခတ်ရာ ဒေသများကို လှည့်လည်ကြည့်ရှု့အပြီး နေပြည်တော်သို့ သွားရောက်ကာ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနှင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာ ချထားရေးဝန်ကြီး ဦးမောင်မောင်ဆွေတို့နှင့် တွေ့ဆုံခဲ့သည်။
မစ္စတာ အဲရစ် ဆိုလ်ဟိန်းမ်က နာဂစ်မုန်တိုင်းသင့်ရာဒေသကို လေယာဉ်ပေါ်မှကြည့်ရှုခဲ့ပြီး ကွမ်းခြံကုန်းမြို့နယ်နှင့် ကျိုက်လတ်မြို့နယ်တို့မှ ကျေးရွာ ၃ ရွာကို သီးသန့် သွားရောက်ခဲ့သည်ဟု ခရီးစဉ်တွင် အတူလိုက်ပါသွားခဲ့သော အကူညီပေးရေးအဖွဲ့တခုမှ တာဝန်ခံတဦးက ပြောသည်။
“ပျက်ဆီးဆုံးရှုံးမှုတွေကို နော်ဝေနိုင်ငံက သိပါတယ်။ သေသွားတဲ့ သူတွေ အသက်ပြန်ရှင်လာဖို့အတွက် မတတ် နိုင်ပေမယ့် အသက်ရှင်ကျန်ခဲ့သူတွေအတွက် ထူထောင်ရေး လုပ်ငန်းတွေကို ပြည့်စုံအောင် အတတ်နိုင်ဆုံး ကူညီ သွားပါမယ်” ဟု နော်ဝေဝန်ကြီး ကျေးရွာသားများကို ပြောကြားသွားကြောင်း ကုလသမဂ္ဂဌာန ကိုယ်စားလှယ်ရုံုး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
မေ ၂ ရက်နေ့နှင့် ၃ ရက်နေ့ ၂ဝဝ၈ ခုနှစ်က ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် ရန်ကုန်တိုင်းတောင်ပိုင်းတို့ကို နာဂစ်ဆိုင်ကလုံးမုန်တို်င်းတိုက်ခိုက်ရာ လူ ၁၄ဝဝဝ သေဆုံုးပြီး လူဦးရေ ၂.၄ သန်း အခြေပျက်ပြားသွားရသည်။
ကွမ်းခြံကုန်း မြို့နယ်တွင် ငါးဖမ်းလုပ်ငန်းမှ ငါးဖမ်းကိရိယာပိုင်ဆိုင်မှုနှုန်းသည် နာဂစ်မဖြစ်မီက ၁၅.၈ ရာခိုင်နှုန်း ပိုင်ဆိုင်ခဲ့သော်လည်း မုန်တိုင်းပြီးနောက်၂.၇ ရာခိုင် နှုန်းသာ ကျန်တော့ကြောင်း နာဂစ်ကူညီရေးလုပ်ဆောင်နေသည့် သုံးပွင့်ဆိုင်ဗဟိုအဖွဲ့ TCG က ထုတ်ပြန်ထားသည်။
နာဂစ်မုန်တိုင်းဒဏ်ကြောင့် ပျက်စီး ဆုံးရှုံးမှုများဖြစ်ခဲ့သည့် ဒေသအသီးသီးအတွက် အဆောက်အဦနှင့် အသက်မွေး ဝမ်းကြောင်းလုပ်ငန်း၊ ပညာရေး၊ ကျန်းမာရေး စသည့် ကဏ္ဍအသီးသီးအတွက် ၂ဝဝ၉-၂ဝ၁၁ အတွင်း နာဂစ်အလွန် ပြန်လည်ထူထောင်ရေးအတွက် စုစုပေါင်း ဒေါ်လာ ၆၉၁ သန်း လိုနေသော်လည်း ယခုအထိ သန်း ၁၈ဝ သာ ရရှိ သေးကြောင်း သိရသည်။