ထက်ထက်မိုးဦးကို စာပေ စာနယ်ဇင်းက ရှုတ်ချ

ထက်ထက်မိုးဦးကို စာပေ စာနယ်ဇင်းက ရှုတ်ချ
by -
ခိုင်စု
သတင်းထောက်ကို ကိုယ်ထိလက်ရောက် ရိုက်နှက်မှုအား ကျေအေးမှုရစေရေး နှစ်ဖက်စလုံးကို ညှိနှိုင်းပေးရန် ဖိတ်ခေါ်သော်လည်း မင်းသမီး ဒေါ်ထက်ထက်မိုးဦးက လာရောက်ခြင်း မရှိသဖြင့် မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့က ရှုတ်ချ....

သတင်းထောက်ကို ကိုယ်ထိလက်ရောက် ရိုက်နှက်မှုအား ကျေအေးမှုရစေရေး နှစ်ဖက်စလုံးကို ညှိနှိုင်းပေးရန် ဖိတ်ခေါ်သော်လည်း မင်းသမီး ဒေါ်ထက်ထက်မိုးဦးက လာရောက်ခြင်း မရှိသဖြင့် မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့က ရှုတ်ချလိုက်သည်။

ရန်ကုန်အခြေစိုက် စာပေစာနယ်ဇင်းအဖွဲ့က မေလ ၃၁ ရက်နေ့စွဲတပ် ထုတ်ပြန်ကြေညာချက်တွင် 7 Days ဂျာနယ်၏ တိုင်ကြားချက်ကြောင့် စာနယ်ဇင်းအဖွဲ့က  ဆဲဗင်းဒေး သတင်းထောက် မအေးသူစံနှင့် ဒေါ်ထက်ထက်မိုးဦးတို့ကို မေ ၂၃ ရက်နေ့နှင့် မေ ၂၆ ရက်များတွင် သီးခြားတွေ့ဆုံခဲ့သည်ဟု ပါရှိသည်။

ဒေါ်ထက်ထက်မိုးဦးက မအေးသူစံနှင့် စာနယ်ဇင်းသမားများကို တောင်းပန်ပြီး အမှုကြေအေးကြစေရန် စာနယ်ဇင်းအဖွဲ့က ညှိနှိုင်းခဲ့သော်လည်း ဒေါ်ထက်ထက်မိုးဦး ဘက်က ပျက်ကွက်သည်ဟု ပါရှိသည်။

” စာပေနှင့် အနုပညာသမားများ ဘဝတူအချင်းချင်း ဗုဒ္ဓဘာသာ မြန်မာလူမျိုးအချင်းချင်း အပြန်အလှန် ရိုင်းပင်းစာနာ နားလည်သည်းခံခွင့်လွှတ်ရမည့်အစား လွန်စွာ ရိုင်းပြခဲ့သည့် အပြင် လူမှုရေးအရ ဖြေရှင်းပေးခဲ့သည်ကို လိုက်လျောမှုမရှိသည့် ရုပ်ရှင်သရုပ်ဆောင်  ထက်ထက်မိုးဦး၏ လုပ်ရပ်ကို မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း အဖွဲ့က ဝမ်းနည်းစွာ ရှုတ်ချလိုက်သည်” ဟု အဖွဲ့ အတွင်းရေးမှူး ဦးကိုကို (ကိုကို-စက်မှုတက္ကသိုလ်) လက်မှတ်ရေးထိုး ထုတ်ပြန်သော ကြေညာချက်တွင် ပါရှိသည်။

7 Days ဂျာနယ်က ရုပ်ရှင်အစည်းအရုံးတို့သို့ မေလ ၂၁ ရက်နေ့တွင် အမှုကိစ္စကို တိုင်ကြားခဲ့သော်လည်း တစုံတရာ အကြောင်းပြန်ကြားမှုမရှိဟု ဂျာနယ်အယ်ဒီတာတဦးက မဇ္ဈိမသို့ ပြောသည်။  

သတင်းထောက် မအေးသူစံက လူတွေ့မေးမြန်းမှုတခုတွင် ဒေါ်ထက်ထက်မိုးဦးအား အိမ်ထောင်ရေးနှင့် ပတ်သက်၍ မေးမြန်းရာက မင်းသမီးက ရိုက်နှက်ခဲ့သဖြင့် တရားဆိုင် နေရသည်။

ယခုကိစ္စနှင့်ပတ်သက်၍ သရုပ်ဆောင် ထက်ထက်မိုးဦးနှင့် ဆက်သွယ်၍မရသလို စာနယ်ဇင်း အတွင်းရေးမှူးကလည်း အသေးစိတ်ပြောရန် ငြင်းဆန်သည်။