ဖျက်သိမ်းခံလိုက်ရသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ အသိအမှတ် အပြုမခံရသော ပါတီအောင်ပွဲ နှစ် ၂ဝ ပြည့် အထိမ်းအမှတ် စုဝေးမှုကို ဦးတင်ဦး၏ နေအိမ်တွင် ယနေ့ပြုလုပ်ကြသည်။
NLD20
အတိုက်အခံနိုင်ငံရေးသမား ၁၅ဝ ခန့်က အန်အယ်ဒီ၏ ၁၉၉ဝ ခုနှစ် မေ ၂၇ ရက်နေ့က အထွေထွေ ရွေးကောက်ပွဲများ မဲအပြတ်အသတ်ဖြင့် အနိုင်ရခြင်း စုဝေးမှုကို တက်ရောက်ခဲ့ကြသည်။
ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ခေါင်းဆောင်များကို ပါတီမှထုတ်ပစ်ရန် သတ်မှတ်ထားသော ရွေးကောက်ပွဲ ဥပဒေများကြောင့် မေ ၆ ရက်နေ့တွင် ပါတီမှတ်ပုံပြန်လည်မတင်ဘဲ ထားခဲ့ရာ ပါတီပျက်ပြယ်သည်ဟု စစ်အစိုးရက သတ်မှတ်ထားသည်။
နိုင်ငံရေးအကျဉ်းသားအချို့အား ကူညီထောက်ပံ့ငွေပေးခြင်း၊ ဦးတင်ဦးနေအိမ်ဝင်းအတွင်း သစ်ပင် စိုက်ပျိုးခြင်းများလည်း ပြုလုပ်ခဲ့ကြသည်။ ယခင်နှစ်များက အန်အယ်ဒီ၏ ရုံုးချုပ် ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းရှိ အဆောက်အအုံတွင် အခမ်းအနားများ ကျင်းပရာ နိုင်ငံခြားသံတမန်များ ပုံမှန်တက်ရောက်ခဲ့သော်လည်း ယခုနှစ် စုဝေးမှုတွင် မတွေ့ရပေ။
“ ၁၉၉ဝ လှုပ်ရှားခဲ့တာတွေနဲ့ ဒီနေ့အခြေအနေအထိ ဖြတ်သန်းခဲ့ရတဲ့အကြောင်းတွေကို ဆွေးနွေးကြတာပါဘဲ။ ဒီခေတ်လူငယ်တွေ သိအောင် ပြောပြတာပါဘဲ” ဟု အန်အယ်ဒီ ဒုဥက္ကဌ ဦးတင်ဦးက မဇ္စျိမကို ပြောသည်။
စစ်အစိုးရက ထုတ်ပြန်ထားသည့် ယခုနှစ် ရွေးကောက်ပွဲဥပဒေများအရ NLD ပါတီသည် မေလ ရ ရက်နေ့မှစ၍ အလိုလိုပျက်ပြယ်ပြီဟု ဆိုသော်လည်း အဖွဲ့ချုပ်ကမူ ပါတီသည် ရှင်သန်လျက်ရှိပြီး လူမှုရေးလုပ်ငန်းများ ဆက်လုပ်မည်ဟု ပြောသည်။
အောက်ခြေ အာဏာပိုင်များ၏ ဖိအားကြောင့် အဖွဲ့ချုပ်မြို့နယ်ရုံးတချို့၏ ဆိုင်းဘုတ်များကို ဖြုတ်ချခဲ့ သော်လည်း ဗဟိုရုံးချုပ်၌မူ ရုံးတက်ရုံးဆင်း ပုံမှန်လုပ်နေပြီး နိုင်ငံရေးကိစ္စဖြစ်သောကြောင့် ယနေ့ပွဲကို နေရာရွှေ့လုပ်ခြင်းဖြစ်ကြောင်း ဦးဝင်းတင်ကပြောသည်။
အလားတူ မန္တလေးတောင်တွင် သရက်ပင်၊ ပိန္ဒဲပင်များကို အပင် ၂ဝ ကျော် စိုက်ပျိုးခဲ့ပြီး မိဘမဲ့ ဘုန်းကြီးကျောင်းတကျောင်းတွင် ကျောင်းသား ၁ဝဝ ခန့်ကို စာအုပ်၊ ခဲတံများ လှူဒါန်းခဲ့ကြကြောင်း မန္တလေးတိုင်းစည်းအဖွဲ့ဝင် ကိုမျိုးဟန်က ပြောသည်။
ရေနံချောင်းမြို့နယ်တွင် ဘေးမဲ့ရပ်ကွက်မှ ကျောင်းသား ၁ဝဝ ခန့်ကို ပလာစာအုပ်၊ ခဲတံ၊ ခဲဖျက် တို့ လှူဒါန်းခဲ့ကြသည်ဟု မကွေးတိုင်း အဖွဲ့ချုပ် အမျိုးသမီး ဥက္ကဌ ဒေါ်ခင်စောဌေးက ပြောသည်။
NLD201
စစ်မှန်သည့် ဒီမိုကရေစီစနစ် ထွန်းကားပြီး ပြည်သူလူထု၏ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်ပေါ်ရန်နှင့် စစ်အစိုးရခေါင်းဆောင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးပြီး တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် ဆွေးနွေးအဖြေရှာရန် ယနေ့ ထပ်မံ တောင်းဆို လိုက်ကြောင်း ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအုန်းကြိုင်က ပြောသည်။
NLD သည် လူမှုရေးလုပ်ငန်းများဖြစ်သည် နိုင်ငံရေးအကျဉ်းသားများအား ကူညီထောက်ပံ့ခြင်း၊ ရေပြတ်လပ်နေသည့် ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်း တို့တွင် ရေများ လှူဒါန်းခဲ့သည်။ စက်ရေတွင်းများ တူးပေးရန်လည်း အစီအစဉ်များ စတင်နေပြီဖြစ်သည်။
စစ်အစိုးရက ဖွဲ့စည်းပုံအခြေဥပဒေအသစ်ရေးဆွဲမှု ၁၄ နှစ်ကြာပြုလုပ်ပြီး အငြင်းပွားဖွယ်ရာ ဆန္ဒခံယူပွဲဖြင့် ထောက်ခံမဲ ၉၂ ရာခိုင် နှုန်းကျော် ရရှိကြောင်း ကြေညာခဲ့သည်။
၁၉၉ဝ ရွေးကောက်ပွဲတွင် NLD သည် မဲ ၈၂ ရာခိုင်နှုန်းကျော်ဖြင့် အပြတ်အသတ်အနိုင်ရခဲ့သော် လည်း စစ်အစိုးရက အာဏာလွှဲပေးခြင်း မရှိပေ။