မင်္ဂလာစျေးကို ၂ လအတွင်း အပြီးပြင်ဆင်မည်

မင်္ဂလာစျေးကို ၂ လအတွင်း အပြီးပြင်ဆင်မည်
by -
မင်းသက်
မီးလောင်ကျွမ်းထားသော မင်္ဂလာစျေးကို ၂ လအတွင်း ပြန်လည်ပြီးစီးအောင် ပြန်လည်ပြင်ဆင်မည်ဖြစ်ပြီး ယာယီစျေးရောင်းရန် အနီးနားရှိ နေရာ ၃ ခုကို ရန်ကုန် စည်ပင်သာယာရေး ကော်မတီက ယနေ့ သတ်မှတ်...

မီးလောင်ကျွမ်းထားသော မင်္ဂလာစျေးကို ၂ လအတွင်း ပြန်လည်ပြီးစီးအောင် ပြန်လည်ပြင်ဆင်မည်ဖြစ်ပြီး ယာယီစျေးရောင်းရန် အနီးနားရှိ နေရာ ၃ ခုကို ရန်ကုန် စည်ပင်သာယာရေး ကော်မတီက ယနေ့ သတ်မှတ် လိုက်သည်။

မင်္ဂလာစျေးသစ်၊ မင်္ဂလာမွန်စျေးနှင့် မင်္ဂလာမွန်စျေးဘေးရှိ မြေကွက်လပ်များတွင် ယာယီရောင်းချခွင့် ပြုကြောင်း ကြာသပတေးနေ့က စည်ပင်သာယာနှင့် စျေးသည် ၅ဝဝ ခန့် တွေ့ဆုံပွဲတွင် စည်ပင်အတွင်းရေးမှူး ဦးအောင်သန်းဝင်းက ပြောသွားသည်။

မီးလောင်ခဲ့သော မင်္ဂလာစျေးကို ၂ လ အတွင်း စည်ပင်သာယာ အဆောက်အအုံဌာနက တာဝန်ယူကာ အကြီးစား အမြန်ဆုံး ပြန်လည် တည်ဆောက်ပေးမည် ဟုလည်း စည်ပင်နှင့် ဆိုင်ရှင်များ တတိယအကြိမ် တွေ့ဆုံပွဲတွင် ဦးအောင်သန်းဝင်းက ပြောသည်။

ဆိုင်ခန်း ၄ဝဝဝ ကျော်အတွက် ပြန်လည် နေရာချထားပေးရမည်ဖြစ်ကာ အဓိက မီးလောင်ကျွမ်းခဲ့သော စတုတ္တထပ်မှ ဆိုင်များအတွက် မင်္ဂလာမွန်စျေးသစ်နှင့် မင်္ဂလာစျေးတို့ရှိ ဆိုင်ခန်းလွတ်များတွင် ယာယီနေရာချထားပေးမှာဖြစ်ပြီး ကျန်အထပ်များကိုတော့ မြေကွက်လပ်တွင် ရောင်းချခွင့်ပြုမည်။

ယာယီစျေးသစ်နေရာအားလုံးသည် မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ နာရီပေါင်း ၃၃ နာရီကြာ မီးလောင်ကျွမ်းခဲ့သော မြန်မာနိုင်ငံ၏ အရေးပါသော လက္ကားစျေးကြီးနှင့် ကပ်လျက်တည်ရှိသည်။

နှစ် ၂ဝ အတွင်း မီးလောင်ချိန် အကြာဆုံးဖြစ်သည့် မေ ၂၄ ရက်နေ့ နံနက်က စတင်သော မီးကြောင့် လူ ၄ ဦး ဒဏ်ရာရရှိကာ ဆိုင်ခန်းပေါင်း ၈၄၅ ခန်း မီးလောင်ပြီး ကျပ်ငွေ ၂၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၁ သန်း) ဆုံးရှုံးခဲ့သည်ဟု မီးသတ်ဦးစီးဌာနက ထုတ်ပြန်သည်။

”ဒါက ခန့်မှန်းခြေပေါ့။ အမှန်ကတော့ အဲဒီထက် အများကြီး ပိုပါသေးတယ်”  ဟု အမည်မဖော်လိုသူ မီးသတ်အရာရှိတဦးက မဇ္ဈိမကို ပြောသည်။