အမေရိကန် ဆီးနိတ်လွှတ်တော်အမတ် မစ္စတာ ဂျင်မ်ဝက်ဘ်သည် ယခုလ ၂၉ ရက်နေ့တွင် စတင်မည့် အာရှ ၃ နိုင်ငံ ခရီးစဉ်အတွင်း မြန်မာနိုင်ငံ သို့ လာရောက်မည်ဟု သိရသည်။
မစ္စတာ ဂျင်မ်ဝက်ဘ်သည် မြန်မာစစ်အစိုးရနှင့် စေ့စပ်ဆွေးနွေးရေးကို လိုလားသူတဦးဖြစ်သည်။သူသည် မြန်မာနိုင်ငံသို့ ၂ဝဝ၉ ခုနှစ် သြဂုတ်လ ကလည်း လာရောက်ခဲ့သူဖြစ်ကာ၊ မြန်မာနိုင်ငံသို့ ဆယ်စုနှစ် ၂ ခုအတွင်း ပထမဆုံးအကြိမ် လာရောက်ခဲ့သည့် အမေရိကန် ဆီးနိတ်လွှတ်တော် အမတ် ဖြစ်သည်။
မစ္စတာ ဝက်ဘ်သည် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မည်သည့်ပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေးမည်ကိုမူ မသိရသေးပေ။
“အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ဆီးနိတ် နိုင်ငံခြားရေး ဆပ်ကော်မတီ၏ ဥက္ကဋ္ဌ ဆီးနိတ်အမတ် ဂျင်မ်ဝက်ဘ်သည် ၂ဝ၁ဝ ခုနှစ် မေလ ၂၉ ရက်နေ့မှ ဇွန်လ ၆ ရက်နေ့အထိ ကိုးရီးယား၊ ထိုင်းနှင့် မြန်မာနိုင်ငံသို့ သွားရောက်လိမ့်မည်” ဟု မစ္စတာ ဂျင်မ်ဝက်ဘ်၏ ဌာနက ယမန်နေ့ ထုတ်ပြန်ခဲ့သည့် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
မစ္စတာ ဂျင်မ်ဝက်ဘ်သည် အမေရိကန် ပြည်ထောင်စု ဆီးနိတ် လက်နက်ရေးရာ ကော်မတီ၏ အဖွဲ့ဝင်တဦးလည်း ဖြစ်သည်။
မစ္စတာ ဝက်ဘ်သည် အစိုးရ အရာရှိများ၊ အမေရိကန် သံတမန်များ၊ စစ်ဖက်ဆိုင်ရာ အရာရှိများ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသည်ဟု ဆိုထားသည်။
ဆီးနိတ်အမတ်သည် ‘အမေရိကန်အနေဖြင့် အာရှနိုင်ငံများနှင့် ဆက်ဆံရေး ဆုတ်ယုတ်ကျဆင်းလာပါက တရုတ်နိုင်ငံ၏ သြဇာသည် ထိုအာရှနိုင်ငံများအား လျင်မြန်စွာ လွှမ်းမိုးလာလိမ့်မည်’ ဟု ယူဆထားသူဖြစ်ကာ အာရှဒေသရှိ နိုင်ငံများနှင့် ဆက်ဆံရေး တိုးမြှင့်ထူထောင်ရန် စိတ်အားထက်သန်စွာ ထောက်ခံသူတဦး ဖြစ်သည်။
“အခုအချိန်ဟာ အမေရိကန် ပြည်ထောင်စုနဲ့ မဟာမိတ် နိုင်ငံတွေအနေနဲ့ တရုတ်နိုင်ငံကို ဒေသတွင်း တည်ငြိမ်ရေးနဲ့ အကျိုးစီးပွားဖြစ်ထွန်းရေး အတွက် တာဝန်ယူ လုပ်ဆောင်လာစေဖို့ တိုက်တွန်း ဖိအားပေးရမယ့် အချိန်ဖြစ်ပါတယ်” ဟု မစ္စတာ ဂျင်မ်ဝက်ဘက်က ဆိုခဲ့သည်။
မြန်မာနိုင်ငံ ခရီးစဉ်သည် စစ်အစိုးရက ယခုနှစ် ကျင်းပမည့် ရွေးကောက်ပွဲအတွက် အကြီးအကျယ် ပြင်ဆင်နေချိန်နှင့် တိုက်ဆိုင်နေသည်။ စစ်အစိုးရ၏ ရွေးကောက်ပွဲသည် အဓိက အတိုက်အခံပါတီဖြစ်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အား ရွေးကောက်ပွဲတွင် ပါဝင်လာစေခြင်း မရှိနိုင်ရန် ကန့်သတ်ထားသဖြင့် အမေရိကန် အပါအဝင် နိုင်ငံများစွာက ဝေဖန်နေကြသည်။
“မစ္စတာ ဂျင်မ်ဝက်ဘ်၏ အာရှ ၃ နိုင်ငံ ခရီးစဉ် ထွက်ပေါ်လာချိန်သည် ထို ၃ နိုင်ငံလုံးတွင် ပဋိပက္ခများ ဖြေရှင်းနေရသည့် အချိန်လည်း ဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံ၏ ချိုနန် စစ်ရေယာဉ်သည် မြောက်ကိုရီးယားနိုင်ငံမှ တော်ပီဒိုဖြင့် ပစ်ခတ်နှစ်မြှုပ်ခြင်း ခံထားခဲ့ရပြီး၊ ထိုင်းနိုင်ငံတွင်မူ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အကြမ်းဖက် ဆန္ဒပြမှှုများကို နှိမ်နင်းခဲ့ရကာ မြန်မာနိုင်ငံတွင်မူ စစ်အစိုးရက အတိုက်အခံများအား ဖိနှိပ်နေဆဲ” ဟု မစ္စတာ ဂျင်မ်ဝက်ဘ်၏ ဌာနမှ သတင်းထုတ်ပြန်ချက်တွင် ပါရှိခဲ့သည်။
ယခု မြန်မာနိုင်ငံ ခရီးစဉ်သည် မေလအတွင်း အမေရိကန် ထိပ်သီး နိုင်ငံရေးသံတမန်များ မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် လာရောက်ခြင်းဖြစ်ပြီး အရှေ့အာရှနှင့် ပစိဖိတ်ဒေသရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကမ်းဘဲလ်သည် မြန်မာနိုင်ငံသို မေလဆန်းက လာရောက်ခဲ့သည်။
မစ္စတာ ဂျင်မ်ဝက်ဘ်၏ ခရီးစဉ်နောက်ပိုင်းတွင်မူ မြန်မာနိုင်ငံနှင့် အနီးစပ်ဆုံးနှင့် အင်အားအကြီးဆုံးသော မဟာမိတ်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံ၏ ဝန်ကြီးချုပ် ဝမ်ကျားပေါင်သည် ဇွန်လ ၂ရက်နေ့၌ မြန်မာနိုင်ငံသို ့လာရောက်ရန် ရှိသည်။
မေလ ၁ဝ ရက်နေ့က ဒေါက်တာ ကမ်းဘဲလ်သည် စစ်အစိုးရအား အတိုက်အခံ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား အင်အားစုများနှင့် ဆွေးနွေး ညှိနှိုင်းရန် ပျက်ကွက်နေခြင်းကို အပြစ်တင် ဝေဖန်လိုက်ပြီး ရွေးကောက်ပွဲအား အားလုံးပါဝင်လာနိုင်ကာ တရားမျှတမှု ရှိလာစေရေးကို တိုက်တွန်းခဲ့သည်။
ထို့အပြင် နိုင်ငံတဝှန်းရှိ အကျဉ်းထောင်များတွင် ရှိနေသော နိုင်ငံရေး အကျဉ်းသား ၂၁ဝဝ ခန့်ကိုလည်း ချက်ချင်း လွှတ်ပေးရန်ကိုလည်း တိုက်တွန်းခဲ့ပြီး ရွေးကောက်ပွဲသည် တရားမျှတမှု မရှိပါက နိုင်ငံအတွင်း ငြိမ်းချမ်းတည်ငြိမ်ရေးကို ဖော်ဆောင်ရန် ခက်ခဲနေလိမ့်ဦးမည်ဟု သတိပေး ပြောဆိုခဲ့သည်။
မစ္စတာ ဝက်ဘ်သည် ပြီးခဲ့သည့်နှစ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခဲ့ပြီး ဒေါ်အောင်ဆန်း စုကြည်၏ နေအိမ်အတွင်း အင်းလျားကန်မှတဆင့် တိတ်တဆိတ် ရေကူးဝင်ရောက်သဖြင့် ပြီးခဲ့သည့်နှစ် သြဂုတ်လ ၁၁ ရက်နေ့တွင် အလုပ်နှင့် ထောင်ဒဏ် ရ နှစ် ပြစ်ဒဏ်ကျခံခဲ့ရသည့် အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံ ယက်တောကို ပြစ်ဒဏ်ချအပြီး ရက်ပိုင်းအကြာတွင် သူနှင့်အတူ တပါတည်း ခေါ်ဆောင်သွားနိုင်ခဲ့သူဖြစ်သည်။
လွန်ခဲ့သည့် နှစ်ပေါင်း ၂ဝ အတွင်း ၁၄ နှစ်ခန့် နေအိမ်အကျယ်ချုပ် ကျခံနေရသူ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် မစ္စတာ ယက်တောက သူမ၏ နေအိမ်အတွင်းသို့ ကျူးကျော် ဝင်ရောက်ခဲ့မှှုကြောင့် နေအိမ်အကျယ်ချုပ် စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်သည်ဟု ဆိုကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခြင်း ခံခဲ့ရသော်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ထိုပြစ်ဒဏ်အား လျှော့ပေါ့ပေးသည်ဟုဆိုကာ နေအိမ်အကျယ်ချုပ် ၁၈ လ ကျခံစေခဲ့သည်။