ရန်ကုန်မြို့ သင်္ကြန်တွင်း ဗုံးခွဲမှုတွင် ပါဝင်သူဟု စွပ်စွဲကာ အင်းစိန်ထောင်တွင် ချုပ်နှောင်ခံနေရသည့် ကိုဖြိုးဝေအောင်၏ အမှုလိုက်ပေးရန် ရှေ့နေ ဦးကျော်ဟိုးက ကြိုးစားသော်လည်း သတင်းရဲတပ်ဖွဲ့က တားမြစ်ထားသဖြင့် ရှေ့နေငှားရမ်းခွင့် မရသေးကြောင်း သိရသည်။
ကိုဖြိုးဝေအောင်က အမှုလိုက်ပါဆောင်အပ်ရန် လွှဲအပ်ထားပြီးဖြစ်ကာ အကျဉ်းထောင် အာဏာပိုင်များကပါ လက်မှတ်ရေးထိုးပေးပြီး ဖြစ်သော် လည်း ရှေ့နေပါဝါကို ဦးကျော်ဟိုးလက်သို့ မအပ်သေးရန် ထောင်အာဏာပိုင်များကို ရဲက တားမြစ်ခြင်း ဖြစ်သည်။
ဦးကျော်ဟိုးက ရှေ့နေလွှဲစာအတွက် အကျဉ်းဦးစီးသို့ တင်ပြထားသည်မှာ မေလ ၁၂ ရက်နေ့ကတည်းက ဖြစ်သည်။
ရှေ့နေလွှဲစာအတွက် သက်ဆိုင်ရာ အကျဉ်းသားထံမှ လွှဲအပ်ကြောင်း လက်မှတ်လိုအပ်သလို ထောင်အာဏာပိုင်များ၏ ရှေ့မှောက်တွင် လက်မှတ် ရေးထိုးကြောင်း သက်သေခံချက်လည်း လိုအပ်သည်။
“အင်းစိန်ထောင်မှာ ပါဝါသွားယူတော့ ထောင်အာဏပိုင်တွေ ပြောတာက သူတို့က အကုန်လုံး လက်မှတ်ထိုးပြီးနေပြီ။ ပေးဖို့ပဲ ကျန်တော့တယ်။ SB က တားထားလို့ပါ၊ သူတို့ ခွင့်ပြုတဲ့ အချိန်ကျရင် ပေးပါမယ်လို့ ပြောတယ်” ဟု ရှေ့နေ ဦးကျော်ဟိုးက ပြောသည်။
ဧပြီလ ၂၃ ရက်နေ့ နံနက်အစောပိုင်းတွင် ပုဇွန်တောင်မြို့နယ် ၅၅ လမ်း အလယ်ဘလောက်ရှိ နေအိမ်သို့ ရဲများရောက်လာပြီး ကိုဖြိုးဝေအောင်ကို ဖမ်းဆီးသွားခဲ့သည်။ ထို့နောက် တရားရုံးမထုတ်ဘဲ ယခုလ ၁၇ ရက်နေ့က အင်းစိန်ထောင်တွင်း၌ မျက်ကွယ်ယမန်ယူကာ ဇွန်လ ၁ ရက်နေ့တွင် ထပ်မံ၍ ရုံးချိန်းပေးလိုက်သည်၊။
အောင်သပြေစစ်ကြောရေးစခန်းမှ မေလ ၃ ရက်နေ့က အင်းစိန်ထောင်သို့ အသက် ၃၁ နှစ်အရွယ် ကိုဖြိုးဝေအောင်ကို ရွှေ့ပြောင်းခဲ့သည်။
ရဲချုပ် ခင်ရီက ယခုလအစောပိုင်းကပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် စွမ်းအားမြှင့် မြန်မာကျောင်းသား စစ်သည်တော်များ (VBSW) အဖွဲ့ဝင် ၄ ဦး၏ လက်ချက်ဖြစ်ကြောင်းနှင့် ကိုဖြိုးဝေအောင်မှာ ပတ်ဝန်းကျင်ကို စောင့်ကြည့်ပေးခဲ့သူဟု ပြောသည်။
လက်ပစ်ဗုံးများနှင့်ဖောက်ခွဲခဲ့ခြင်းဖြစ်ပြီး မပေါက်ကွဲသေးသော မိုဘိုင်းတယ်လီဖုံးအသုံးပြု အဝေးထိန်းဗုံးတခုကိုလည်း တွေ့ရကြောင်းနှင့် ကျန် ၃ ဦးမှာ လွတ်မြောက်သွားသည်ဟု ရဲချုပ်က ပြောသည်။
သို့သော် ရဲချုပ်ခင်ရီ၏ ပြောကြားချက်သည် မှန်ကန်မှုမရှိဟု လျှပ်စစ်အင်ဂျင်နီယာ ကိုဖြိုးဝေအောင်၏ မိသားစုနှင့် မိတ်ဆွေတချို့က ပြောကြား သလို ရဲ၏စွပ်စွဲချက်အပေါ် သံသယဖြစ်သူအများအပြား ရှိနေသည်ဟု ရန်ကုန်ရှိ မဇ္ဈိမသတင်းထောက်များက ပြောသည်။
ကိုဖြိုးဝေအောင်သည် ဗုံးပေါက်ကွဲသောနေ့တနေ့လုံး ရန်ကင်းစင်တာတွင် ရှိနေခဲ့ကြောင်း အလုပ်သမားများ၊ ရန်ကင်းစင်တာမှ တာဝန်ကျ ဝန်ထမ်းများနှင့် လုံခြံုရေးများလည်း သိရှိကြောင်း ကိုဖြိုးဝေအောင်၏ ဆွေမျိုးသားချင်းတဦးက မဇ္စျိမကို ပြောဆိုကြသည်။
“သူတို့ရေးထားတာ တခုမှ မဟုတ်ဘူး။ ကိုဖြိုးဝေအောင်က သင်္ကြန်ပိတ်ရက်တွင်း အပြီးလုပ်ရမယ့် ရန်ကင်းစင်တာက လုပ်ငန်းခွင်ထဲမှာ ရှိတယ်။ ” ဟု သူက မဇ္စျိမကို ပြောသည်။
ဧပြီ ၁၅ ရက်နေ့ (သင်္ကြန်အကြတ်နေ့) က X2O မဏ္ဍပ်တွင် ဗုံး ၃ လုံး ပေါက်ကွဲခဲ့ရာ ရ ၁ဝ ဦး သေဆုံးပြီး ၁၇ဝ ခန့် ဒဏ်ရာရကြောင်း စစ်အစိုးရက သတင်းထုတ်ပြန်သည်။