ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ခေါင်းဆောင် ကိုကျော်ကိုကိုအား ကျောက်တံတားမြို့နယ် တရားရုံးက နောက်တိုး ၂ မှုဖြင့် ယနေ့တွင် ၅ နှစ် ပြစ်ဒဏ်ချလိုက်သဖြင့် စုစုပေါင်း ကျခံရမည့် ပြစ်ဒဏ်မှာ ၈ နှစ် ရှိသွားပြီ ဖြစ်သည်။
ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ်တရားရုံုးတွင် ယနေ့မွန်းလွဲက ပြုလုပ်သောတရားခွင်တွင် တရားသူကြီး ဦးစောဝင်းက စီးပွားရေးတက္ကသိုလ် ဂုဏ်ထူးတန်းကျောင်းသား ကိုကျော်ကိုကိုအား တရားမဝင် အသင်းအဖွဲ့ဖွဲ့စည်းခြင်း ပုဒ်မ ၆ ဖြင့် ၃ နှစ်၊ နိုင်ငံတော် ဆူပူစေအောင် လှုံ့ဆော် စည်းရုံးမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် ၂ နှစ်တို့ဖြင့် တပေါင်းတည်းကျခံစေရန် အမိန့်ချမှတ်လိုက်သည်။
အသက် ၂၇ နှစ်အရွယ် ကျောင်းသားခေါင်းဆောင်ကို ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလက ဗီဒီယိုအက်ဥပဒေ ၃၂ (ခ) ဖြင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ရာ အင်းစိန်ထောင်တွင် အကျဉ်းချခံနေရသည်။
“၂၀၀၇ စက်တင်ဘာ ၂၅ ရက်နေ့က ရွှေဝါရောင် တော်လှန်ရေးမှာ ဆူးလေဘုရားနဲ့ မြို့တော်ခန်းမကြားမှာ ပန်းခြံရှေ့မှာ မိန့်ခွန်းပြောတဲ့အတွက်၊ မိန့်ခွန်းပြောတဲ့နေရာမှာ ဗကသ အဖွဲ့ချုပ် ခေါင်းဆောင် ကျော်ကိုကိုလို့ ပြောတဲ့အတွက်ကြောင့် ကျောက်တံတား မြို့နယ်တရားသူကြီးရုံးက အသင်းအဖွဲ့ပုဒ်မနဲ့ တရားစွဲပါတယ်။ ဒုတိယ မြို့နယ်တရားသူကြီးရုံးက လူတွေကို ဆူပူလှု့ံဆော်တဲ့ ၅၀၅ (ခ) နဲ့ စွဲပြီး ၂ နှစ် ပြစ်ဒဏ်ချတာပါ’’ ဟု ကျော်ကိုကို၏ ဖခင်ဖြစ်သူ ဦးကျော်အေးက မဇ္စျိမကို ပြောသည်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂကို ၁၉၃၆ ခုနှစ်ကတည်းက တည်ထောင်ခဲ့ပြီး လွတ်လပ်ရေး ကြိုးပမ်းမှုတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သော်လည်း ၁၉၆၂ ခုနှစ်တွင် အာဏာရှင်ဟောင်း ဥိီးနေဝင်းလက်ထက် သမဂ္ဂအဆောက်အဦးကို ဒိုင်းနမိုက်ဖြင့် ခွဲ၍ ဖျက်ဆီးခဲ့ပြီးနောက် မြေအောက်အဖွဲ့အစည်းအဖြစ် လှုပ်ရှားကာ ဆက်လက် ထိန်းသိမ်းခဲ့ကြသည်။
မိသားစုဝင်များသည် တရားခွင်အတွင်း ဝင်ရောက်ခွင့် မရရှိသော်လည်း တရားရုံး တံခါးပေါက် အနီးတွင် မတ်တပ်ရပ်ကာ စီရင်ချက်ကို နားထောင်ခွင့် ရရှိခဲ့သည်။
“ကျနော့်သားက ပြန်ပြီးတော့ ချေပပါတယ်။ ကျောင်းသားရှိရင် ကျောင်းသားသမဂ္ဂ ရှိတယ်။ ကျောင်းသား ဖြစ်တဲ့အတွက် ကျောင်းသားသမဂ္ဂလို့ ပြောတာဖြစ်ပါတယ်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်က ၁၉၃၆ ခုနှစ်ကတည်းက ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဦးရာဇတ်တို့က ဖွဲ့စည်းခဲ့တာ၊ လုံးဝ ပျက်ပြယ်ခြင်းလည်း မရှိပါဘူး။ မတရားအသင်း ကြေညာထားခြင်းလည်း မရှိပါဘူး။ အဲဒီအတွက် သူ့မှာ ပြစ်ဒဏ် မရှိပါဘူးတဲ့’’ ဟု ကြည့်မြင်တိုင် အမှတ် ၃ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းဆရာတဥိီးဖြစ်သော ဦးကျော်အေးက ပြောသည်။
“ကျောင်းသားတွေအနေနဲ့ ဘုန်းတော်ကြီးတွေက မေတ္တာပို့ လမ်းလျှောက်နေတဲ့အချိန်မှာ ကျန်တဲ့လူတွေကို လမ်းလျှောက်ဖို့ ပြောတာပါ။ အဲဒီလို ပြောတဲ့အချိန်မှာ ဘယ်သူမှ ကြောက်လန့်သွားတာလည်း မရှိပါဘူး။ ဆူဆူပူပူလည်း မရှိပါဘူးဆိုတဲ့အတွက် သူ့မှာ အပြစ်မရှိပါဘူးတဲ့’’ ဟု သူက ဆက်ပြောသည်။
ကိုကျော်ကိုကိုအမှုအတွက် ရှေ့နေ ၂ ဦးက လိုက်ပါဆောင်ရွက်ပေးခဲ့သည်။
၂၀၀၇ ခုနှစ် စက်တင်ဘာလအတွင်းက ဖြစ်ပွားခဲ့သည့် ရွှေဝါရောင်ဆန္ဒပြပွဲများတွင် ဗကသ ပြန်လည်ဖွဲ့စည်းခဲ့ရာ ကိုကျော်ကိုကို ပါဝင်ဦးဆောင် ခဲ့ပြီး၊ တိမ်းရှောင်နေရင်း ၂၀၀၈ ခုနှစ် မတ်လ ၁၆ ရက်နေ့တွင် အဖမ်းခံခဲ့ရသည်။