နယူးဒေလီ (မဇ္စျိမ)။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ အကြီးတန်း ခေါင်းဆောင် သခင်စိုးမြင့်သည် ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် အိပ်ပျော်နေစဉ် ကွယ်လွန်သွားသည်။
အတိုက်အခံ ပါတီ၏ ဗဟို အလုပ်မှုဆောင်အဖွဲ့ဝင်၊ ရန်ကုန်တိုင်း စည်းရုံးရေး ကော်မတီ ဥက္ကဌနှင့် ဗဟို လယ်သမားများ အဖွဲ့ခေါင်းဆောင် ဦးစိုးမြင့်သည် ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ် အမှတ် ၄ ရပ်ကွက်၊ ကေတုမာလာအိမ်ယာရှိ နေအိမ်တွင် နှလုံးရောဂါကြောင့် ဆုံးပါးရ သည်ဟုု ယူဆရသည်။ ကွယ်လွန်ချိန်တွင် အသက် ၈၇ နှစ်ရှိပြီ ဖြစ်သည်။
''တနာရီခွဲမှာ အိမ်မှာ ရိုးရိုးတန်းတန်း အိပ်နေရင်းကနေ ဆုံးသွားတာ။ နှလုံးကြောင့်မို့တော့ ထင်ပါတယ်။” ဟု မြေးတဦးဖြစ်သူ မခိုင်ဝင့်ရည်က မဇ္စျိမကို ပြောသည်။
သေဆုံးချိန်တွင် သားသမီး ၅ ဦးနှင့် မြေး ၁၁ ဦး ကျန်ရစ်ခဲ့သည်။
သခင်စိုးမြင့် ကွယ်လွန်သွားခြင်းသည် အတိုက်အခံ ပါတီကြီးအတွက် ကြီးမားသော ဆုံးရှုံးမှုဖြစ်ကြောင်း ကျန်ပါတီ ခေါင်းဆောင်များက ပြောသည်။
“သူ့လို အားကိုးရတဲ့၊ အတွေ့အကြံုရှိတဲ့ လူတယောက် ဆုံးသွားတဲ့အတွက် အဖွဲ့ချုပ်အတွက် ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်တယ်” ဟု အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးတင်ဦးက မဇ္ဈိမကို ပြောသည်။
နိုင်ငံရေးပါတီအဖြစ် ပြန်လည် မှတ်ပုံမတင်ဘဲ တိုက်ပွဲဝင်ရမည့် ကာလတွင် လွတ်လပ်ရေး ကြိုးပမ်းမှု ကာလကတည်းက နိုင်ငံရေး လှုပ်ရှားခဲ့သူ သခင်စိုးမြင့် ကွယ်လွန်ခြင်းသည် နစ်နာလှသည်ဟု ပါတီခေါင်းဆောင် တဥိီးဖြစ်သူ ဦးဝင်းတင်က ပြောသည်။
“အန်အယ်ဒီက မှတ်ပုံမတင်ဘဲ နိုင်ငံရေး လုပ်သွားဖို့ ရှိတော့ သူတို့လို အတွေ့အကြံုရှိတဲ့ နိုင်ငံရေးသမားတွေ လိုအပ်တာပေါ့ဗျာ။ အခုလိုအချိန်မှာ သူဆုံးသွားတော့ အကြီးမားဆုံး ဆုံးရှုံးမှု ဖြစ်တယ်။” ဟု လုပ်ဖော်ကိုင်ဖက်ဖြစ်သော ဦးဝင်းတင်က ပြောသည်။
အန်အယ်ဒီတွင် CEC အဖွဲ့ဝင် ၂၀ ဦးရှိခဲ့ရာမှ သခင်စိုးမြင့် ကွယ်လွန်သွားသလို မကြာသေးခင်က ခွဲထွက်သူများလည်းရှိသဖြင့် လက်ရှိတွင် CEC အဖွဲ့ဝင် ၁၅ ဦးသာ ကျန်ရှိတော့သည်။
၁၉၉၀ ရွေးကောက်ပွဲတွင် မဲအပြတ်သတ်ဖြင့် အနိုင်ရခဲ့သော ပါတီသည် စစ်အစိုးရ ထုတ်ပြန်သည့် ရွေးကောက်ပွဲ ဥပဒေကို ကန့်ကွက်သော အားဖြင့် ပါတီကို ပြန်လည်မှတ်ပုံတင်ခြင်း မပြုလုပ်ဘဲနေခဲ့သည်။
နောက်ပိုင်းတွင် ပါတီမှတ်ပုံတင်ရေး လိုလားသည့် ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း၊ ဒေါက်တာဝင်းနိုင်နှင့် ဦးသိန်းညွန့်တို့သည် ပါတီမှ ခွဲထွက်ကာ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ ထူထောင်လိုက်ကြသည်။
ကျန်ရှိနေသော အန်အယ်ဒီ CEC များမှာ ဦးအောင်ရွှေ (ဥက္ကဋ္ဌ)၊ ဦးတင်ဦး (ဒုဥက္ကဋ္ဌ)၊ ဒေါ်အောင်ဆန်း စုကြည် (အထွေထွေအတွင်းရေးမှူး၊)၊ ဦးလွင် (အတွင်းရေးမှူး)နှင့် အဖွဲ့ဝင်များအဖြစ် ဦးဝင်းတင်၊ ဦးဉာဏ်ဝင်း၊ ဦးလွန်းတင်၊ ဦးအုန်းကြိုင်၊ ဒေါက်တာမေဝင်းမြင့်၊ ဦးဟံသာမြင့်၊ ဦးဝင်းမြင့်၊ ဦးညွန့်ဝေ၊ ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးထွန်းထွန်းဟိန်တို့ ဖြစ်သည်။
သခင်စိုးမြင့်သည် ဧရာဝတီတိုင်း မြောင်းမြမြို့နယ် ဒို့ဗမာအစည်းအရုံး အတွင်းရေးမှူး၊ နယ်ချဲ့နှင့် ဖက်ဆစ်တော်လှန်ရေး မြေအောက် လှုပ်ရှားမှု ခေါင်းဆောင်၊ ဗမာ့ကာကွယ်ရေး တပ်မတော် - BDA တပ်ရင်းမှူး၊ ပုသိမ်ခရိုင် မြစ်ဝကျွန်းပေါ် တိုင်းစစ်ကော်မတီဝင်၊ ပြည်သူ့ အရေးတော်ပုံပါတီ တည်ထောင်ရာ၌ ပါဝင်ခဲ့ပြီး ဆိုရှယ်လစ်ပါတီ၌ မြောင်းမြခရိုင် ဥက္ကဋ္ဌနှင့် ဗဟိုဦးစီးအဖွဲ့ဝင် ဖြစ်ခဲ့သည်။
ဖဆပလ ဗဟိုဦးစီးအဖွဲ့ဝင်၊ ဗတလစ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်၊ ဆိုရှယ်နီ ဗဟိုကော်မတီဝင်၊ ပြည်သူ့လူငယ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌတို့ ထမ်းဆောင်ခဲ့ပြီး လွတ်လပ်ရေး မော်ကွန်းဝင် ပထမအဆင့် ရခဲ့သည်။