အန်အယ်ဒီကို ထောက်ခံကြောင်း အစ္စရေးလ်ရှိ မြန်မာများ ဆန္ဒပြ

အန်အယ်ဒီကို ထောက်ခံကြောင်း အစ္စရေးလ်ရှိ မြန်မာများ ဆန္ဒပြ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပျက်သုန်းသွားခြင်း မဟုတ်ကြောင်းနှင့် ပါတီကို ထောက်ခံကြောင်း အစ္စရေးလ်ရောက် မြန်မာများက တဲလ်အဗစ်မြို့ရှိ မြန်မာသံရုံးရှေ့၌ ယနေ့...

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပျက်သုန်းသွားခြင်း မဟုတ်ကြောင်းနှင့် ပါတီကို ထောက်ခံကြောင်း အစ္စရေးလ်ရောက် မြန်မာများက တဲလ်အဗစ်မြို့ရှိ မြန်မာသံရုံးရှေ့၌ ယနေ့ ဆန္ဒပြခဲ့သည်။

Burma Action (Israel) က ဦးဆောင်သည့် မြန်မာနိုင်ငံသား ၃ဝ ခန့်သည် အစ္စရေးလ် စံတော်ချိန် နံနက် ၁ဝ နာရီမှ နေ့လည် ၁၂ နာရီအထိ အင်္ဂလိပ်စာဖြင့် ရေးသား ထားသည့် ''ကျွနု်ပ်တို့ ဒီမိုကရေစီ လိုလားသည်'' ၊ NLD သည် လူထုခေါင်းဆောင်'' ၊ ''မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်'' စသည့် ပိုစတာများကို ကိုင်ဆောင်ကာ ကြွေးကြော်ကြသည်။

“NLD ကို ဝိုင်းရံတာပါ။ NLD ကို ထောက်ခံတာပါ။ နအဖ သူတို့ ရေးဆွဲထားတဲ့ ရွေးကောက်ပွဲ ဥပဒေအရ NLD ပျက်ပြီဆိုတာ မပျက်ပါဘူး။ NLD မပျက်ပါဘူးဆိုတာ အစ္စရေးလ်နဲ့ ကမ္ဘာက သိအောင်၊ မြန်မာပြည်သူတွေ ရှင်းရှင်းလင်းလင်း သိအောင် ပြတာပါ။ NLD ခေါင်းဆောင်တွေနဲ့  NLD အဖွဲ့ဝင်တွေ အားမငယ်အောင် နည်းလမ်း အမျိုးမျိုးနဲ့ ကူညီတာပါ။ အဝေးရောက် မြန်မာနိုင်ငံသားတွေက ထောက်ခံနေတယ်ဆိုတာ ပြတာပါ” ဟု ဆန္ဒပြပွဲကို ဦးဆောင်သူတဦးဖြစ်သည့် ကိုအောင်နိုင်ဝင်းက မဇ္စျိမကို ပြောသည်။

၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ NLD ပါတီသည် စစ်အစိုးရများက လွှတ်တော်ခေါ်ယူ၍ အာဏာလွှဲပေးခြင်း မရှိသည့်အပြင် ယခုနှစ်အတွင်း ကျင်းပမည့် ရွေးကောက်ပွဲအတွက် ထုတ်ပြန်လိုက်သည့် ရွေးကောက်ပွဲ ကော်မရှင် ဥပဒေအရ ဆိုပါက ယခုလ ၆ ရက်နေ့ နောက်ပိုင်းတွင် တရားဝင် ရပ်တည်နေသည့် ပါတီအဖြစ်မှ အလိုလျောက် ပျက်ပြယ်သွားပြီဖြစ်သည်။

သို့သော် ၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော်လည်း ၎င်းရလဒ်အား အသိအမှတ်မပြုဘဲ နောက်တကြိမ် ရွေးကောက်ပွဲ ကျင်းပခြင်းသည် တရားမဝင်ဘဲ မူလရလဒ်သည် ပျက်ပြယ်ခြင်း မရှိကြောင်း ဆန္ဒပြသူများက ပြောသည်။

အစ္စရေးလ်တွင် မြန်မာနိုင်ငံသား ၈၅ ဦးခန့် ရှိသည်။

Burma Action (Israel) ကို ၂ဝဝ၇ ခုနှစ် စက်တင်ဘာလ ရွှေဝါရောင် တော်လှန်ရေးအပြီးတွင် စစ်အစိုးရ ဖြုတ်ချရေး၊ မြန်မာပြည် ဒီမိုကရေစီရရှိရေးနှင့် အတိုက်အခံ အင်အားစုများအား ထောက်ခံပံ့ပိုးရေး စသည်တို့ကို ရည်ရွယ်ကာ အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

Most read this week