ကဗျာဆရာ စောဝေ လွတ်ဖွယ်ရှိ

ကဗျာဆရာ စောဝေ လွတ်ဖွယ်ရှိ
by -
မြင့်မောင်
စစ်အစိုးရခေါင်းဆောင်ကို ''အာဏာရူးကြီး မှူးကြီးသန်းရွှေ'' ဟု အဓိပ္ပာယ်ရသော ကဗျာဖြင့် ရေးသားလှောင်ပြောင်သောကြောင့် ထောင်ဒဏ် ၂ နှစ် ကျခံရသည့် ကဗျာဆရာ စောဝေသည် ယခုလ ၂၆ ရက်နေ့တွင် ပြန်လွတ်လာလိမ့်မည်ဟု ဇနီးဖြစ်သူ ဒေါ်စန်းစန်းအေးက...

စစ်အစိုးရခေါင်းဆောင်ကို ''အာဏာရူးကြီး မှူးကြီးသန်းရွှေ'' ဟု အဓိပ္ပာယ်ရသော ကဗျာဖြင့် ရေးသားလှောင်ပြောင်သောကြောင့် ထောင်ဒဏ် ၂ နှစ် ကျခံရသည့် ကဗျာဆရာ စောဝေသည် ယခုလ ၂၆ ရက်နေ့တွင် ပြန်လွတ်လာလိမ့်မည်ဟု ဇနီးဖြစ်သူ ဒေါ်စန်းစန်းအေးက ပြောသည်။

မန္တလေးတိုင်း ရမည်းသင်းထောင်ရှိ ခင်ပွန်းသည်အား မကြာသေးခင်က ထောင်ဝင်စာတွေ့ခဲ့ရာ ယခုလအတွင်း လွှတ်ပေးမည့် အကျဉ်းသားများ အမည်စာရင်းတွင် ကိုစောဝေ၏ အမည်ကို ဒေါ်နန်းစန်းစန်းအေးက တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

“သူ ၂၆ ရက်နေ့မှာ လွတ်မယ်။ ထောင်ထဲမှာ သူလွတ်ရက်စာရင်း ထုတ်ထားတဲ့အထဲမှာ ပါတယ်။ သူ့လွတ်ရက်နေ့ကလည်း ၂၆ ရက် ဖြစ်တယ်။ ကိုစောဝေက ထောင်က လွတ်ရင် သူ့ဘာသာ ပြန်လာခဲ့မယ်လို့ မှာလိုက်တယ်” ဟု ဒေါ်နန်းစန်းစန်းအေးက ပြောသည်။

“သူကို ကြည့်ရတာ အရမ်းတက်ကြွနေတဲ့ သဘောရှိတယ်။ သူထွက်လာပြီးပြီးချင်း ၃ ရက် လောက်နေရင် မျက်စိခွဲချင်တယ်လို့ မှာလိုက်တယ်။  ကိုစောဝေရဲ့ မျက်စိက တိမ်စွဲနေတယ်။ ”

“ဖေဖော်ဝါရီ ၁၄” အမည်ရှိ ကဗျာတွင် စာကြောင်းများ၏ ပထမဆုံး စာလုံးများအား အထက်အောက် အစဉ်လိုက်ဖတ်ပါက “အာဏာရူးကြီး မှူးကြီးသန်းရွှေ” ဟု အဓိပ္ပာယ်ပေါ်ထွက်သည်။ ၂ဝဝ၈ ဇန်နဝါရီလ ၂၁ ရက်နေ့ထုတ် အချစ်ဂျာနယ်တွင် ပါရှိသောကြောင့် ကိုစောဝေအား ဖမ်းဆီး၍ နိုင်ငံတော် အသရေဖျက်မှုဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ကိုစောဝေသည် ဖြူးမိတ်ဆွေများ စာကြည့်အသင်းကို ဦးဆောင်ခဲ့သူ တဦးဖြစ်ပြီး အသင်း၏ စာပေဆုပေးပွဲများ နှစ်စဉ်ကျင်းပခဲ့ပြီး HIV/AIDS ကူးစက်ခံရသည့် မိဘမဲ့ ကလေးများ ရန်ပုံငွေအတွက် ကဗျာရွတ်ဆိုပွဲများကို ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင် တားဆီးပိတ်ပင်မှုများကြားမှ စီစဉ်ခဲ့သူ တဦးလည်း ဖြစ်သည်။

ဖိနှိပ်ချုပ်ချယ်မှုများကြားမှ မိမိ၏ အမြင်ကို ရဲဝံ့စွာ ရေးသားထုတ်ဖော်နိုင်သဖြင့် အမေရိကန်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (Human Rights Watch) က ၂ဝဝ၉ ခုနှစ်တွင်  ချီးမြှင့်သော Hellman/ Mammett Award ဆု ချီးမြှင့်ခဲ့သည်။

၂ဝဝ၉ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် မြန်မာနိုင်ငံ၌ ဖမ်းဆီးထောင်ချခံရသူ ကဗျာဆရာ၊ စာရေးဆရာ၊ စာနယ်ဇင်းသမားနှင့် ဘလော့ဂါ အစရှိသည့် မီဒီယာဂဏ္ဍဝင် ၄၁ ဦး ရှိနေပြီး စုစုပေါင်း နိုင်ငံရေးအကျဉ်းသား ၂၁ဝဝ ကျော်ရှိနေကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာပြည်နိုင်ငံ) AAPP-B ထုတ်ပြန်ထားသည်။

Most read this week