NLD ခေါင်းဆောင်များ ရုံးဆက်တက်

NLD ခေါင်းဆောင်များ ရုံးဆက်တက်
by -
မြင့်မောင်
ပါတီသက်တမ်းကုန်ဆုံးပြီဖြစ်သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်ဦးအပါအဝင် ပါတီဝင်များသည် ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ ပါတီရုံးချုပ်နေရာတွင် ယနေ့ ဆက်လက်၍ ရုံးတက်ခဲ့ကြ....

နယူးဒေလီ (မဇ္စျိမ)။      ။ ပါတီသက်တမ်းကုန်ဆုံးပြီဖြစ်သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်ဦးအပါအဝင် ပါတီဝင်များသည် ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ ပါတီရုံးချုပ်နေရာတွင် ယနေ့ ဆက်လက်၍ ရုံးတက်ခဲ့ကြသည်။

ပြန်လည်မှတ်ပုံတင်ခြင်း မပြုသဖြင့် ရွေးကောက်ပွဲ ကော်မရှင် ဥပဒေအရ ယနေ့မှစတင်၍ အလိုလျောက် ပျက်ပြယ်ပြီဖြစ်သော်လည်း NLD ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များ စုစုပေါင်း ရဝ ခန့်သည် မူလရုံးချုပ်နေရာတွင် ယနေ့ ရုံးတက်ခဲ့ကြခြင်း ဖြစ်သည်။

NLD ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များဖြစ်သည့် သခင်စိုးမြင့်၊ ဦးသန်းထွန်း၊ ဦးဝင်းတင်၊ ဦးလှဖေ၊ ဦးညွှန့်ဝေ၊ ဦးအုန်းကြိုင်၊ ဦးဉာဏ်ဝင်း၊ ရန်ကုန်တိုင်း အမျိုးသမီး တာဝန်ခံ ဒေါက်တာ ဒေါ်မေဝင်းမြင့်၊ အမျိုးသမီးအဖွဲ့ခေါင်းဆောင်များ၊ လူငယ်ခေါင်းဆောင်များနှင့် တိုင်း/ပြည်နယ်များမှ ပါတီဝင်များ ရုံးချုပ်သို့ လာရောက်ခဲ့ကြသည်။

''ရုံးကို ဖွင့်ထားတဲ့ အခါကျတော့ လူတွေ လာကြတယ်။ လူမှုအထောက်အကူပြု အဖွဲ့တွေ ရှိတယ်။ အမျိုးသမီး အဖွဲ့တွေ ရှိတယ်။ ရန်ကုန်တိုင်း ရှိတယ်။... နိုင်ငံရေး အကြောင်း ပြောကြတယ်။ တယောက်နဲ့ တယောက် သတင်းတွေ ဖလှယ်တယ်'' ဟု ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်က ပြောသည်။

''ခါတိုင်းလိုပါပဲ၊ ပိုပြီးတော့လည်း ရယ်ရယ်မောမော မဟုတ်တောင်မှ ခါတိုင်းလိုပါပဲ။” ဟု သူက ဆက်ပြောသည်။ ပါတီဆိုင်းဘုတ်နှင့် အလံကိုလည်း ပြန်လည် ဖြုတ်သိမ်းခြင်း မရှိဘဲ ထားရှိခဲ့ကြသည်။

ယနေ့ ရုံးတက်ခဲ့သည့် ပါတီလူငယ် အဖွဲ့ဝင်တဦးက ''ကျနော်တို့က NLD ပဲလေ။ နိုင်ငံရေးသမားတွေဖြစ်လို့ နိုင်ငံကောင်းဖို့အတွက်ဆိုတဲ့ အားမာန်မျိုး အချိန်တိုင်း ရှိတယ်။ လူသား ကောင်းရာကောင်းကျိုး လုပ်နေရတာကိုက ကျနော်တို့ စိိတ်အာဟာရ ပြည့်နေတာပေါ့။ တခုရှိတာက ပုံမှန် ရုံးလုပ်ငန်းစဉ်တွေ မရှိတော့၊ မလုပ်ရတော့တဲ့ အခါကျတော့ စိတ်ထဲမှာ ဟာတာတာ ဖြစ်တယ်။ ဒီလောက်ပါပဲ။ ကျန်တာတော့ မခံစားရပါဘူး'' ဟု မဇ္စျိမကို ပြောသည်။

မဇ္စျိမက ယနေ့ ဆက်သွယ်မေးမြန်းခဲ့သည့် တိုင်းနှင့် ပြည်နယ်အချို့ရှိ မြို့နယ် ၁၁ မြို့နယ်ထက် မနည်းတွင်လည်း ပါတီဆိုင်းဘုတ်များ ဖြုတ်သိမ်းခြင်း မပြုကြကြောင်း သိရသည်။