ပါတီမှတ်ပုံတင်ရမည့် နောက်ဆုံးနေ့မတိုင်ခင် နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များကို ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်လိုက်ခြင်းဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လုပ်ဖော်ကိုင်ဘက်များကို အလေးထားကြောင်း ပြသလိုက်သည်။
ရန်ကုန်တိုင်း မြို့နယ် ၁၄ မြို့နယ်မှ နိုင်ငံရေး အကျဉ်းသားများ၏ သားသမီးငယ် ၁၂၇ ဦးအတွက် တဦးလျှင် ပညာသင်စရိတ် ၂၃၀၀၀ ကျပ်စီ လက်ကျန် ပါတီရန်ပုံငွေ ထဲမှ ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နေ့လည်ပိုင်းက ရွှေဂုံတိုင်လမ်းရှိ ပါတီရုံးချုပ်တွင် ပြုလုပ်ကျင်းပသည်။
ပုံမှန်အားဖြင့် ပညာသင်ထောက်ပ့ံကြေးကို ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ဖြစ်သော ဇွန်လ ၁၉ ရက်နေ့တွင် ပြုလုပ်သော်လည်း ပါတီဖျက်ခံ ရမည့်နေ့ မတိုင်ခင် အပြီးသတ် လုပ်ဆောင်ရန် ဒေါ်အောင်ဆန်းစုကြည်က သဘောထားပေးခဲ့သည်ဟု ပါတီဒုဥက္ကဋ္ဌ ဦးတင်ဦးက ပြောသည်။
၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲအပြတ်သတ် အနိုင်ရသော်လည်း စစ်အုပ်စုက အာဏာလွှဲပေးရန် ငြင်းဆန်ခြင်း ခံခဲ့ရသော NLD သည် ၂ဝ၁ဝ ရွေးကောက်ပွဲ ဥပဒေကို သဘောမတူ၍ ပါတီပြန်လည်မှတ်ပုံမတင်ရန် ဆုံးဖြတ်ထားသည်။ ရွေးကောက်ပွဲ ဥပဒေအရ ယနေ့သည် နိုင်ငံရေးပါတီဟောင်းများလည်း မှတ်ပုံတင်ရမည့် နောက်ဆုံးနေ့ဖြစ်ပြီး မပြုလုပ်လျှင် ဖျက်သိမ်းခံရမည်ဖြစ်သည်။
မူလတန်းအဆင့်မှာ တက္ကသိုလ် တက်နေသည့် ကျောင်းသားများကို နှစ်စဉ် ပညာသင် ထောက်ပံ့ကြေးငွေအဖြစ် ပေးခဲ့သည့်မှာ ယခုအခါ နဝမ အကြိမ်မြောက် ဖြစ်ကြောင်း အဖွဲ့ချုပ် အမျိုးသမီး တာဝန်ခံ ဒေါက်တာ မေဝင်းမြင့်က ပြောသည်။
supportorphan
ရန်ကုန်ရှိ အန်အယ်ဒီက ပါတီ၏ လူမှုအထောက်အကူပြုအဖွဲ့ကို အကူညီတောင်းခံလာသော ရန်ကုန်တို်င်းအတွင်း နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များကို ထောက်ပံ့ခြင်း ဖြစ်ပြီး အခြားပြည်နယ်နှင့် တိုင်းများတွင်လည်း ပါတီဝင်များက အလားတူထောက်ပံ့ခြင်း ရှိသည်ဟု သူမက ပြောသည်။
“ကလေးတွေ တနှစ်အတွက် ကျောင်းစရိတ် ဘယ်လောက်ဆိုပြီး လျာထားတာတော့ မရှိဘူး” ဟု အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင် နို်င်ငံရေးအကျဉ်းသား ၂၁ဝဝ ကျော်ရှိနေပြီး စစ်အစိုးရက ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ထားသည်။
supportorphan1
NLD ဖျက်သိမ်းခံရလျှင်လည်း လှူဒါန်းငွေများရလျှင် နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များကို ဆက်လက်ကူညီသွားရန် ရည်ရွယ်ထားသည်ဟု ဦးတင်ဦးက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က ပါတီဝင်များက ပါတီဆိုင်းဘုတ်များ၊ အလံများ ဖြုတ်သိမ်းခြင်းမပြုရန် ညွှန်ကြားထားသည်။ စစ်အစိုးရဘက်က မည်သို့သော အရေးယူ ဆောင်ရွက်မှု ပြုလုပ်မည်ကိုမူ မသိရသေးပေ။
နို်င်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် ပါရှိသော အချို့သော စကားရပ်များကို ပယ်ဖျက်ရန် တရားရုံးချုပ်သို့ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD က လွန်ခဲ့သည့် သီတင်းပတ်က လျှောက်ထားမှုကို ယမန်နေ့တွင် တရားရုံးက ပယ်ချလိုက်သည်။