ကချင်ပြည်နယ် မြစ်ဆုံဒေသတွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် အနီးရှိ ကျေးရွာ ၃ ရွာထက်မနည်းမှ ဒေသခံများအား ဒေသခံစစ်တပ်က ခေါ်ယူစစ်ဆေး နေကြောင်း သိရသည်။
ယခုလ ၁၇ ရက်နေ့တွင် ရေကာတာ တည်ဆောက်နေသည့် အေးရှားဝေါလ် ကုမ္ပဏီရုံးခန်းနှင့် ပတ်ဝန်းကျင် ကျေးရွာ ၂ ရွာ၌ ဗုံးပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီးနောက် နယ်မြေအခြေစိုက် ခလရ ၂၉ က ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်နေခြင်း ဖြစ်သည်။
“ကျမတို့ရွာက အိမ်တိုင်းစေ့ခေါ်စစ်တယ်။ မေးတာက အများကြီးပဲ။ စုံနေတာပဲ။ ဗုံးဖောက်တဲ့လူကို သိသလား၊ ဗုံးပေါက်သံတွေ ကြားရသလား စသဖြင့်ပေါ့။ အေးရှားဝေါလ်ရုံးမှာပဲ ခေါ်စစ်တာ” ဟု ကိုယ်တိုင်စစ်ဆေးခြင်း ခံခဲ့ရသည့် တန်ဖဲရ် (မြစ်ဆုံ) ကျေးရွာသူတဦးက မဇ္စျိမကို ပြောသည်။
ထို့ပြင် ကျိန်ခရန်နှင့် လုံကာဇွပ်ကျေးရွာများမှ ရွာသားများလည်း စစ်ဆေးခံနေရကြောင်း စုံစမ်းသိရှိရသည်။
ယခုလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် မြစ်ဆုံစီမံကိန်း၏ တောင်ဘက် ၆ မိုင်အကွာရှိ လုံဂါဇွပ်ကျေးရွာ အခြေစိုက် အေးရှားဝေါလ် Asia World ကုမ္ပဏီရုံးအတွင်း ဗုံး ၄ လုံး၊ တန်ဖရဲရွာတွင် ၈ လုံးနှင့် ကျိန်ခရန်ရွာတွင် ၂ လုံး ပေါက်ကွဲခဲ့သည်။
အင်ဂျင်နီယာတဦး ဒဏ်ရာရကာ ကျောက်သည်ကား ၅ စီးနှင့် မြေတူးကား ၂ စီး ပျက်စီးခဲ့သည့် အဆိုပါ ဗုံးပေါက်မှုတွင် တရားခံအား အာဏာပိုင်များဘက်က ယခုတိုင် ဖမ်းဆီးနိုင်ခြင်း မရှိသေးပါ။
ဗုံးပေါက်သည့်နေ့မှ စတင်ကာ ည ၉ နာရီနောက်ပိုင်း အိမ်အပြင်မထွက်ရန် ကျေးရွာအတွင်း အမိန့်ထုတ်ထားကြောင်းနှင့် မြစ်ကြီးနားမှ မြစ်ဆုံကျေးရွာသို့ လာရာ လမ်းတွင် စစ်ဆေးရေးဂိတ်များ ထားရှိပြီး ခရီးသွားများအား စစ်သားများက တင်းကျပ်စွာ စစ်ဆေးနေကြောင်း မြစ်ဆုံ (တန်ရ်ဖဲ) ကျေးရွာမှ အခြားဒေသခံတဦးက ပြောသည်။
လျှပ်စစ်ဓာတ်အား ၃၅ဝဝ မဂ္ဂဝပ် ထုတ်လုပ်နိုင်မည့် မြန်မာနိုင်ငံတွင် အကြီးဆုံးသော စီမံကိန်းဖြစ်သည့် မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကို စစ်အစိုးရ အမှတ် ၁ လျှပ်စစ်ဝန်ကြီးဌာန၊ Asia World ကုမ္ပဏီနှင့် တရုတ်နိုင်ငံ China Power Investment Corporation (CPI) တို့က ပြီးခဲ့သည့်နှစ်က စတင်ကာ ပူးတွဲတည်ဆောက် နေခြင်း ဖြစ်သည်။
ရေကာတာ တည်ဆောက်ရေးအတွက် မြစ်ဆုံအထက်ပိုင်းမှ ကျေးရွာ ၆ဝ ကျော် ပြောင်းရွှေ့ရမည်ဖြစ်ပြီး ရေကာတာ ကျိုးပေါက်ပါက ရွာပေါင်း ၂ဝ ကျော်နှင့် မြစ်ကြီးနားမြို့ကိုပင် ရေလွှမ်းခံရနိုင်သဖြင့် ဒေသခံများနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ဆောင်သူများက ကန့်ကွက်နေကြသည်။
ယခုလအတွင်း မြန်မာနိုင်ငံအနှံ့အပြားတွင် ဗုံးပေါက်ကွဲမှု ၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။